သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ချနဘူရီ အမြန်လမ်းမှာ အထောက်အထားမဲ့မြန်မာ ၁၂ ဦး ဖမ်းမိ


ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အဝေးပြေးလမ်းမပေါ်မှာ အမြန်လမ်းရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးခဲ့တဲ့ကားပေါ်မှာ သယ်ဆောင်လာတဲ့ အထောက်အထားမဲ့ မြန်မာတွေကိုတွေ့ရစဥ်။ (ဓာတ်ပုံ-ရဲတပ်ဖွဲ့)
ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အဝေးပြေးလမ်းမပေါ်မှာ အမြန်လမ်းရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးခဲ့တဲ့ကားပေါ်မှာ သယ်ဆောင်လာတဲ့ အထောက်အထားမဲ့ မြန်မာတွေကိုတွေ့ရစဥ်။ (ဓာတ်ပုံ-ရဲတပ်ဖွဲ့)

ကန်ချနဘူရီခရိုင်ထဲမှာ အရှိန်မြင့်မောင်းလာတဲ့ မသင်္ကာဖွယ်ကားတစီးကို အမြန်လမ်းရဲတပ်ဖွဲ့က စစ်ဆေးဖို့တားဆီးရာမှာ အထောက်အထားမဲ့မြန်မာ ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ စစ်ဆေးဖို့တားဆီးချိန်မှာ ကားရပ်မပေးဘဲ မောင်းပြေးခဲ့တာကြောင့် အဝေးပြေးလမ်းပေါ်မှာ ပိတ်ဆို့ဖမ်းဆီးခဲ့ရတာဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံနယ်စပ် ကန်ချနဘူရီခရိုင် ဝမ်ဒုံးမြို့နယ်မှာ အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ကားတစီးကို မသင်္ကာလို့ အမြန်လမ်း ရဲတပ်ဖွဲ့ ၃၂၃ ရဲတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့တာပါ။ ဒါပေမဲ့ ကားသမားက မရပ်ဘဲ မောင်းပြေးခဲ့တာကြောင့် အဝေးပြေးလမ်းမပေါ်မှာ ပိတ်ဆို့ ဖမ်းဆီးခဲ့ပြီး ကားနောက်ထဲမှာ တလပတ်တွေနဲ့အုပ်ပြီးသယ်လာတဲ့ အထောက်အထားမဲ့ မြန်မာ ၁၂ ဦးကို တွေ့ရှိခဲ့တာဖြစ်ကြောင်း အလုပ်သမားရေး လှုပ်ရှားသူ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

"ထိုင်းနဲ့မွန်ပြည်နယ် နယ်စပ်၊ ကန်ချနဘူရီနယ်စပ်၊ ကန်ချနဘူရီထဲက ဝမ်ဒုံးမြို့နယ် နယ်နမိတ်ထဲမှာ မြန်မာလုပ်သား ၁၂ ယောက်ကို တရားမဝင်သယ်ဆောင်လာတဲ့ မော်တော်ယာဉ်က အရှိန်မြင့်မောင်းလာပြီး မသင်္ကာစရာဖြစ်လို့ စစ်ဆေးရေးဂိတ်က တားဆီးတယ်။ အဲဒီ မော်တော်ယာဉ်ကရပ်မပေးဘဲ မောင်းပြေးတယ်။ အဲ့ဒီမှာ လုံခြုံရေးတပ်ဖွဲ့တွေက လမ်းတွေကို ပိုက်စိတ်တိုက် ပိတ်ဆို့ပြီး ဖမ်းဆီးတယ်။ ကားရဲ့နောက်ပိုင်းမှာ တရားမဝင် မြန်မာ ၁၂ ဦးကို တာလပတ်နဲ့ အုပ်ပြီး ခိုးဝှက် သယ်ဆောင်လာတာ ဖြစ်ပါတယ်။"

တရားမဝင် အလုပ်သမားတွေကို လူကုန်ကူးသူတွေက ခိုးဝှက် သယ်ဆောင်တဲ့ ခုလို ဖြစ်ရပ်တွေ ထိုင်းနိုင်ငံမှာ မကြာခန ကြုံရလေ့ရှိသလို၊ အန္တရာယ်များတဲ့ ဒီလို လုပ်ရပ်တွေကြောင့် လမ်းမှာ သေဆုံးရတဲ့ မြန်မာတွေ အများအပြား ရှိတဲ့အကြောင်းလည်း ဦးမိုးကြိုးက ပြောပါတယ်။

"ခေါ်ဆောင်လာတဲ့အခါမှာ လူတွေကို တာလပတ်မိုး အုပ်ပြီးခေါ်လာတာ၊ အသီးအရွက်သယ်တဲ့ကားတွေမှာ၊ အမှိုက်ကားတွေ၊ စက္ကူတွေတင်တဲ့ကားတွေ၊ အလုံပိတ်ကားတွေ စတဲ့ အန္တရာယ်ရှိပြီး အသက်ရှူကျပ်တဲ့ ကားတွေထဲမှာ လူတွေကို သယ်ဆောင်လာတာတွေ လုပ်လေ့ ရှိပါတယ်။ အင်မတန်ဆိုးပြီး အန္တရာယ်လည်း ကြီးပါတယ်။"

အခုဖမ်းဆီးမှုမှာတော့ ကားပေါ်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၂ ဦးနဲ့အတူ ထိုင်းနိုင်ငံသား ကားမောင်းသမား လူပွဲစားတဦးကိုလည်း ဖမ်းမိခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လူမှုစီးပွား အကျပ်အတည်းတွေ တနေ့တခြား ပိုဆိုးလာနေတာနဲ့အမျှ အိမ်နီးချင်းထိုင်းနိုင်ငံထဲမှာ အလုပ်အကိုင်ကောင်းတွေ ရနိုင်တယ်ဆိုတဲ့မက်လုံးတွေနဲ့ လှည့်ဖျားခံရတာတွေလည်း ပိုများလာပါတယ်။ အလုပ်အကိုင်ကောင်းရမယ်လို့ဆိုပြီး တကယ့် လက်တွေ့မှာတော့ အလုပ်တွေ မရတာ၊ အလုပ်ခိုင်းစေပြီး လုပ်အားခမပေးတာလို ဖြစ်ရပ်တွေ အများအပြားရှိနေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်လုပ်မယ့် မြန်မာတွေအနေနဲ့ ပိုပြီး သတိထားဖို့ အလုပ်သမားရေး လှုပ်ရှားဆောင်ရွက်သူတွေက သတိပေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG