သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအလုပ်သမား ထိခိုက်သေဆုံးရတဲ့ ကန်ချနဘူရီ ကားမတော်တဆမှု


ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ် မင်မြို့ ကယ်စီယန့်ကျေးရွာမှာ မြန်မာတွေလိုက်ပါလာတဲ့ကားက သစ်ကားကိုဝင်တိုက်မိပြီး ထိခိုက်ဒဏ်ရာရသူများ။ (ဓာတ်ပုံ-ထိုင်းကယ်ဆယ်ရေးတပ်ဖွဲ့/သြဂုတ် ၁၇၊ ၂၀၂၃)
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ် မင်မြို့ ကယ်စီယန့်ကျေးရွာမှာ မြန်မာတွေလိုက်ပါလာတဲ့ကားက သစ်ကားကိုဝင်တိုက်မိပြီး ထိခိုက်ဒဏ်ရာရသူများ။ (ဓာတ်ပုံ-ထိုင်းကယ်ဆယ်ရေးတပ်ဖွဲ့/သြဂုတ် ၁၇၊ ၂၀၂၃)

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ် မင်မြို့ ကယ်စီယန့်ကျေးရွာ သယ်ယူပို့ဆောင်ရေးရုံးရှေ့မှာ မနက် ၅ နာရီကျော်က သစ်ကုန်တင်ကားကို မြန်မာတွေလိုက်ပါလာတဲ့ပစ်ကပ်ကားက နောက်ကနေ ဝင်တိုက်မိတာကြောင့် မြန်မာအမျိုးသမီးလုပ်သားတဦး ပွဲချင်းပြီးသေဆုံးကာ ၅ ဦးက ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ကြောင်းအလုပ်သမားရေးလှုပ်ရှားသူဦးမိုးကြိုးက အခုလိုပြောပါတယ်။

"သစ်တင်လာတဲ့ကားရဲ့နောက်ပိုင်းကိုဝင်တိုက်မိတာကြောင့်မို့လို့ မြန်မာအမျိုးသမီး လုပ်သားတဦးသေဆုံးပြီးတော့ အခြား ၅ ဦးက ဒဏ်ရာရခဲ့ပါတယ်။ စိတ်မကောင်းစရာတခုကတော့ သေဆုံးတဲ့အမျိုးသမီးလက်ထဲမှာ သတိလစ်နေတဲ့ ၆ နှစ်အရွယ်သားကလေးနဲ့အတူ တခြားဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးလုပ်သားတွေက ကယ်ဆယ်ပြီး ကမ်ချနဘူရီဆေးရုံကြီးကိုပို့ခဲ့ကြပါတယ်။"

နောက်ဆုံးသတင်းတွေအရ သေဆုံးသူအမျိုးသမီးရဲ့ကလေးငယ်လည်း ဆေးရုံမှာသေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။

ဒီအဖြစ်အပျက်ဟာ သြဂုတ်လ ၁၆ ရက်နေ့ မနက်အစောကြီးမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ပစ်ကပ်ကားကိုမောင်းလာသူကလည်း မြန်မာအမျိုးသမီးတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ သူလည်းထိခိုက်ဒဏ်ရာတွေရရှိထားတာကြောင့် သက်သာလာတော့မှ စုံစမ်းစစ်ဆေးမယ်လို့အာဏာပိုင်တွေကဆိုပါတယ် ။

ထိုင်းနိုင်ငံ၊ စူရတ်ဌာနီပြည်နယ် ၊ ကော့ဖငန်ကျွန်းမှာလည်း ဩဂုတ်လ ၆ ရက်မနက်ပိုင်းတုန်းက မြန်မာအလုပ်သမားတွေကိုသယ်လာတဲ့ကားတစီး မတော်တဆ တိမ်းမှောက်ပြီး ၇ ဦးသေဆုံးခဲ့ပါတယ်။

ဇွန်လအတွင်းကလည်း ထိုင်းနိုင်ငံ၊ အယုဒ္ဓယပြည်နယ်နဲ့ ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်ထဲမှာ အထောက်အထားမဲ့ မြန်မာတွေ သယ်လာတဲ့ယာဉ်တွေ တိမ်းမှောက်ပြီး ၅ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကတော့ ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝပြည်နယ် ရင်ငေါ့ မြို့နယ်ထဲမှာ မြန်မာနိုင်ငံသားတဒါဇင်ကျော် လိုက်ပါလာတဲ့ ကားတစီး မေလ ၅ ရက်နေ့က တိမ်းမှောက်ပြီး ၂ ဦးကတော့ သေဆုံးသွားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေ ပိုမို ဆိုးရွားလာတာနဲ့အမျှ အိမ်နီးချင်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်သူတွေ ပိုများလာနေသလို၊ လူကုန်ကူးခံရတဲ့ ဖြစ်ရပ်တွေလည်း သိသိသာသာ ပိုဆိုးလာနေတာပါ။ လူကုန်ကူးခံရသူတွေကို သယ်ဆောင်လာတဲ့ကားတွေဟာ ထိုင်းစစ်ဆေးရေးဂိတ်တွေမှာ မရပ်ဘဲ ထွက်ပြေးမောင်းနင်တာ၊ ရှောင်ကွင်း သွားလာတာတွေကြောင့် ယာဉ်မတော်တဆမှု ဖြစ်ပြီး ကားပေါ်ပါလာတဲ့ မြန်မာတွေ သေဆုံးရတဲ့ ဖြစ်ရပ်တွေလည်း အခုနောက်ပိုင်း မကြာခန ကြုံလာနေရတာ ဖြစ်ပါတယ်။

XS
SM
MD
LG