သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက် ကားမတော်တဆမှု မြန်မာကလေးတွေ ထိခိုက်သေဆုံး


ယာဉ်တိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရတဲ့ မြန်မာရွှေ့ပြောင်း ကလေးငယ်တွေကို ဆေးကုသပေးနေစဉ် (ဓာတ်ပုံ - အေးအေးမာ)
ယာဉ်တိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရတဲ့ မြန်မာရွှေ့ပြောင်း ကလေးငယ်တွေကို ဆေးကုသပေးနေစဉ် (ဓာတ်ပုံ - အေးအေးမာ)
ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ဖွတ်ဖရမြို့နယ် ၄၂ ကီလိုမီတာမှာရှိတဲ့ The Best Friend အကောင်းဆုံးမိတ်ဆွေလို့ခေါ်တဲ့ ရွှေ့ပြောင်း စာသင်ကျောင်းက ကျောင်းသား ကျောင်းသူ ၄၀ လောက် လိုက်ပါလာတဲ့ ကျောင်းကားနဲ့ အရပ်သား ကားတစီး တိုက်မိခဲ့ပြီး ကလေးအယောက် ၃၀ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ကားတိုက်မှု ကြောင့် လသားအရွယ် ကလေးငယ် တဦး သေဆုံးခဲ့ပြီး ၁၀ ဦးကတော့ မဲဆောက်နဲ့ ဖွတ်ဖရဆေးရုံတွေမှာ အရေးပေါ် ကုသမှုခံနေရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေ စိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။


ထိုင်း-မြန်မာနယ်စပ်မှာ ရွှေ့ပြောင်းကလေးတွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းပေါင်း ၈၀ လောက်ရှိတဲ့အနက် ဖွတ်ဖရမြို့နယ်ထဲက အကောင်းဆုံးမိတ်ဆွေ စာသင်ကျောင်း မှာတော့ ကျောင်းသား ၄၀၀ ခန့် ရှိပါတယ်။ မတ်လ ၁၁ ရက်နေ့ မနက်ပိုင်း မှာတော့ ကျောင်းကြို ကားကို အရပ်သားကားတစီးက နေက်ကနေ တိုက်မိတဲ့အတွက် ကား ၂ စီးလုံး ချောက်ထဲကျခဲ့ပြီး ကလေးတွေ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ဖွတ်ဖရမြို့နယ်ထဲ က ဒေသခံတဦးက အခုလို ပြောပါတယ်။

“အားလုံးပေါင်းက ၃၀ အမ။ ပထမ မဲဆောက်ဆေးရုံကြီးကို ပို့တာ ၇ ယောက်လေ။ ဖွတ်ဖရဆေးရုံမှာ ကျန်တာက ၃ ယောက်ပေါ့။ သက်သာတယ် အရေးမကြီးဘူးဆိုပြီး ကျောင်း ကို ခေါ်လာခဲ့တဲ့ သူတွေထဲကနေပြီးတော့ ၁၂ ယောက်ကို အခု မဲဆောက် ဆေးရုံကြီးကို ခေါ်သွား ရတယ်။ အခြေအနေ ဆိုးတဲ့သူတွေက မဲဆောက်ပေါ့။ ဆရာမ ၁ ယောက်ပါတယ်။ အဲ့ဆရာမရဲ့ သားလေးက ၃ လသားပဲရှိတယ်။ သေသွားတယ်။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရတဲ့သူ ၁၃ ယောက်ပေါ့။ တယောက်ဆိုရင် ခြေထောက်တောင်မှပဲ ဖြတ်ရမလိုလို ဘာလိုလို။ ကျောင်း ကားက အဲ့ဒီနားမှာ အိမ်ရှိတယ်လေ။ ကျောင်းသား ၂ ယောက်ကို ကြိုပြီး ကွေ့မယ်အလုပ် မှာ နောက်က ကားက အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်သွားတာပေါ့။ ဝင်တိုက်တော့ နှစ်စီးစလုံး အဲ့ဒီမှာ ချောက်ထဲ ကို ပြုတ်ကျသွားတာ။ ကလေးက အယောက် ၃၀၊ ကားသမားကတော့ နည်းနည်းပါးပါးတော့ ထိတာပေါ့။ နောက်က ဝင်တိုက်တဲ့ ကားသမားကတော့ ဆိုင်ကယ်လ်နဲ့ ထွက်ပြေးသွားတယ်။ သိပ်မထိခိုက်တဲ့ ကလေးတွေကလည်း ထိခိုက်ဒဏ်ရာရတဲ့ ကလေးတွေကို မြင်ပြီးတော့ ကြောက်လန့်တဲ့ ကလေးတွေလည်း ရှိသေးတယ်လေ။”

ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာကတော့ မိဘမဲ့ကလေးတွေ၊ မိဘက အဝေးမှာ သွားအလုပ်လုပ်နေ သူတွေရဲ့ ကလေးတွေ၊ စိုက်ခင်းတွေထဲမှာ နေ့စဉ် အလုပ်လုပ်နေသူတွေရဲ့ ကလေးတွေ ပါဝင်ပါတယ်။ ကလေး အတော်များများကို ကျောင်းတက်နိုင်ဖို့အတွက် မိဘတွေကို ပညာပေးမှုတွေ လုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အဲ့ဒီစာသင်ကျောင်းက ကလေးတွေကို ထိုင်းကျောင်းတခုက တွဲဘက်ကျောင်းအဖြစ် ထားရှိပြီး၊ လိုအပ်တဲ့ ပညာရေး အထောက်အပံ့ ပေးမှုတွေကိုလည်း စီစဉ်ထားပေးပါတယ်။ လက်ရှိမှာတော့ စာမေးပွဲကြီး ဖြေဆိုဖို့ ရက်ပိုင်းသာ လိုတော့တဲ့အချိန်မှာ ကလေးအတော်များများ ကားတိုက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်သွားရ တယ်လို့လည်း ကျောင်းတာဝန်ခံဖြစ်တဲ့ ဆရာ ထိုက်သူအောင် က ပြောပြပါတယ်။

“အဓိကကတော့ ကျောင်းကား လာရိုးလာစဉ်အတိုင်းမှာ ဒီလို နောက်က ကားတစီးကနေ တိုက်တဲ့အခါကျတော့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ကားဆိုတဲ့ဟာကို ထပ်စီးဖို့ သူတို့ တော်တော် ကြောက်လန့်နေတယ်။ အခုက တပိုင်းကလည်း ကျနော်တို့ စာမေးပွဲ ဖြေဆိုဖို့ရာ အချိန်ကလည်း နီးကပ်လာနေပြီ။ နီးကပ်လာတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာဖြစ်တဲ့ အတွက် စာမေးပွဲအပေါ်မှာလည်း အများကြီး ပြဿနာ တက်လာနိုင်တယ်ပေါ့။ ရွှေ့ပြောင်း အလုပ်သမား တော်တော်များများ က ကြောက်လန့်ကြတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့။
တော်တော်လည်း ဝမ်းနည်းကြတယ်ပေါ့။ ပညာရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရင်တော့ တော်တော်လေးကို ကျောင်းပေါ်မှာ ဒီကလေးတွေ ရောက်လာဖို့အတွက် ကို ရွှေ့ပြောင်းအလုပ်သမားတွေကြားထဲမှာ ပညာပေးမှုတွေ တော်တော် လုပ်ရတယ်ပေါ့။ ဒီနေ့ တက်သွားတဲ့ ပြဿနာက ပညာရေးမှာ ကလေးတွေ ပါဝင်လာဖို့အတွက် ရွှေ့ပြောင်း အလုပ်သမား မိသားစုတွေနဲ့ အဟန့်အတားတခု အကြီးအကျယ် ဖြစ်လာနိုင်တယ်။ ရွှေ့ပြောင်း အလုပ်သ မားတွေအနေနဲ့လည်း ကျောင်းကားတွေစီးပြီး ကျောင်းတက်ရမယ့် သူတို့ ကလေး တွေကို စိတ်ပိုင်းဆိုင်ရာအရတော့ မလုံခြုံဘူးလို့ ခံယူသွားမယ်လို့ ကျနော်တို့ ထင်ပါတယ်။”

နောက်ဆုံးအခြေအနေအရ မဲဆောက်ဆေးရုံကြီးမှာ တက်ရောက် ကုသနေတဲ့ ကလေးတဦး ကေတော့ ခြေထောက်ဖြတ်ပစ်ရမယ့် အခြေအနေထိ ဆိုးရွားခဲ့ပြီး တချို့ကလေးတွေကလည်း ခွဲစိတ်ကုသရမယ့် အခြေအနေတွေ ဖြစ်ခဲ့ရပါတယ်။ ဖွတ်ဖရမြို့နယ်ဟာ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်နေရတဲ့ မြို့နယ်ဖြစ်ပြီး ကလေး အတော်များများဟာ စိုက်ခင်းတွေထဲမှာ ကလေး အလုပ်သမားတွေအဖြစ် အများဆုံး တွေ့နေရတာပါ။

ကျောင်းတက်နိုင်တဲ့ ကလေးတွေ နည်းပါးပြီး အဲ့ဒီဒေသမှာ ကလေးကူးသန်းရောင်းဝယ်မှုတွေ၊ ကလေးအလုပ်သမားတွေ၊ ကလေးတွေ အဓမ္မ ပြုကျင့်ခံရမှုတွေ အပါအဝင် ကလေးပျောက်ဆုံး မှုတွေ၊ ကလေးတွေအတွက် မလုံခြုံမှု ဖြစ်ရတာတွေကို အမြဲလိုလို ကြုံတွေ့နေကြရတာလည်း ဖြစ် ပါတယ်။
XS
SM
MD
LG