သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ဆန်း ၁ ရက် ကားမတော်တဆမှု ဖူးခက်မှာ မြန်မာတချို့သေဆုံး


နှစ်ဆန်း ၁ ရက် ကားမတော်တဆမှု ဖူးခက်မှာ မြန်မာတချို့သေဆုံး
နှစ်ဆန်း ၁ ရက် ကားမတော်တဆမှု ဖူးခက်မှာ မြန်မာတချို့သေဆုံး

နှစ်ဆန်း ၁ ရက်နေ့မှာ သက်ကြီးပူဇော်ပွဲနဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့ကြပေမဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကတော့ ဘုရားဖူးကအပြန် ကားတိုက်လို့ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှာ မြန်မာ အလုပ်သမားတွေက နှစ်ဆန်း ၁ ရက်နေ့မို့ ဘုရားဖူးသွားပြီးအပြန် သူတို့စီးလာတဲ့ကားနဲ့ ကုန်ကားတစီး တိုက်မိပြီး အခုလို သေဆုံးမှုတွေနဲ့ ထိခိုက်ဒဏ်ရာ ရမှုတွေ ရှိခဲ့တာပါ။ အပြည့်စုံကို စုံစမ်းထားတဲ့ ထိုင်း အခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ ဖူးခက်မြို့၊ သနာဆွန် (Thanason) ဆောက်လုပ်ရေး စီမံကိန်းက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ မြို့ပြင်မှာရှိတဲ့ ဘုရားကြီး ဆင်းတုတော်ကိုသွားပြီး နှစ်သစ်ကူး ကုသိုလ် ကောင်းမှုလုပ်ပြီး အပြန်မှာ ယာဉ်မတော်တဆ ဖြစ်တာပါ။ ယာဉ်တိုက်မှုကြောင့် အလုပ်သမား ၅ ယောက် သေဆုံးပြီး ဒဏ်ရာရသူ ၁၅ ဦးကတော့ Vachira Phuket ဆေးရုံမှာ ကုသခံနေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်သားတွေကို ကိုးကားပြီး ဖူးကတ် ဂေဇက် အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

သနာဆွန် ဆောက်လုပ်ရေး စီမံကိန်းမှာလုပ်နေတဲ့ မြန်မာအလုပ်သမား တယောက်က သေဆုံးဒဏ်ရာရတာ များတယ်လို့ ဆိုပါတယ်။

“အဲဒီကားတစီးမှာ လူ ၂၆ ယောက် ပါသွားတယ်။ ဒဏ်ရာမရဘဲ ပြန်ရောက် လာတာကတော့ လေးငါးယောက်လောက်ပဲ ပြန်ရောက်လာတယ်။ အဲဒီလူတွေကလည်း ဒဏ်ရာရသွားတဲ့ လူနာတွေဆီ ဆေးရုံကို လိုက်သွားကြတယ်။ ဆေးရုံမှာ သေတဲ့သူကသေ၊ ဒဏ်ရာရတဲ့သူက ရနဲ့ မလှမပတော့ ဖြစ်နေကြတယ်။”

ဖူးခက်မှာနေထိုင်တဲ့ မြန်မာလူမျိုးတွေဟာ သင်္ကြန်ကာလရောက်တိုင်း အဲဒီဘုရားကြီး ဆင်းတုတော်မှာ ကုသိုလ်ကောင်းမှု လုပ်ကြတယ်လို့ သူက ပြောပြပါတယ်။

“နှစ်စဉ်နှစ်တိုင်းက အဲဒီဘုရားကို သင်္ကြန်တွင်းဆိုရင် သွားလည်ကြတယ်၊ သင်္ကြန်ပြီးတဲ့ အချိန်မှာလည်း ဘုရားပွဲတော်က ရှိပါသေးတယ်။ အဲဒါကြောင့် အဲဒီဘုရားပွဲတော်ကို ဘုရားသွားဖူးကြတာပါ။”

သင်္ကြန်ပိတ်ရက်တွေရောက်တိုင်း ထိုင်းနိုင်ငံမှာ ယာဉ်မတော်တဆဖြစ်မှု များတတ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်ကနေ မနေ့ကအထိ ယာဉ်မတော်တဆ ဖြစ်မှုကြောင့် ၂၂၉ ယောက် သေဆုံးပြီး ၂,၉၃၂ ယောက် ဒဏ်ရာရပြီးပြီ လို့လည်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ ဒီလစောစောပိုင်းကလည်း စမုစခွန်ခရိုင်၊ မဟာချိုင်ဒေသမှာ မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ဖယ်ရီကားနဲ့ ကုန်တင်ကား တိုက်မိတာကြောင့် အလုပ်သမား ၆ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြပါတယ်။

XS
SM
MD
LG