သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်း ကားမတော်တဆမှု  မြန်မာ ၂ ဦးထက်မနည်း သေဆုံး


နကွန်စီထာမရတ်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံသား ၃ ဦးလိုက်ပါလာတဲ့ ရထားလမ်းကာ သံလက်ရမ်းတန်းကို ကားတစီးကဝင်တိုက်ခဲ့တဲ့ မြင်ကွင်း၊ (ဓာတ်ပုံ-ထိုင်းကယ်ဆယ်ရေးတပ်ဖွဲ့/မေ ၄၊ ၂၀၂၃)
နကွန်စီထာမရတ်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံသား ၃ ဦးလိုက်ပါလာတဲ့ ရထားလမ်းကာ သံလက်ရမ်းတန်းကို ကားတစီးကဝင်တိုက်ခဲ့တဲ့ မြင်ကွင်း၊ (ဓာတ်ပုံ-ထိုင်းကယ်ဆယ်ရေးတပ်ဖွဲ့/မေ ၄၊ ၂၀၂၃)

ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝပြည်နယ် ရင်ငေါ့ မြို့နယ်ထဲမှာ မေလ ၅ ရက်နေ့က မြန်မာနိုင်ငံသားတဒါဇင်ကျော်လိုက်ပါလာတဲ့ကားတစီးတိမ်းမှောက်ပြီး ၂ ဦး သေဆုံးသွားပါတယ်။ ဒါ့ပြင် မေလ ၄ ရက်နေ့ကလည်း နကွန်စီထာမရတ်ပြည်နယ်ထဲမှာ ရထားလမ်းကာထားတဲ့ သံလက်ရမ်းတန်းကို ကားတစီးကဝင်တိုက်ခဲ့တာမှာ ကားပေါ်မှာပါလာတဲ့မြန်မာ ၃ ဦး ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားရပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက်ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝပြည်နယ် ရင်ငေါ့ မြို့နယ်ထဲမှာ မြန်မာနိုင်ငံသားတဒါဇင်ကျော်လိုက်ပါလာတဲ့ကားတစီးဟာ အရှိန်လွန်ပြီး လမ်းဘေးကိုထိုးကျခဲ့တာကြောင့် ကားပေါ်မှာပါလာတဲ့မြန်မာ ၂ ဦးသေဆုံးသွားခဲ့ပြီး ကျန်တဲ့သူတွေကတော့ အတွင်းလူနာတွေအဖြစ် ဆေးကုသခံနေရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားတဦးက ပြောပြပါတယ်။

"လမ်းဘေးချော်ကျပြီး မြောင်းဘေးကိုထိုးကျသွားတာ ၂ ယောက်ကတော့ ပွဲချင်းပြီး သေသွားတယ်။ ၁၃ ယောက်ဒဏ်ရာရတယ်။ ဆေးရုံတက်ရတယ်။ ကားမှောက်မှုက မကြာခဏဖြစ်တယ်။"

ဒီရက်ပိုင်းအတွင်း နောက်ထပ် မတော်တဆမှုတခုကတော့ နကွန်စီထားမရတ်ပြည်နယ်ထဲမှာ ဖြစ်ပျက်ခဲ့တာပါ။ မြန်မာတွေစီးလာတဲ့ဗင်ကားတစီးဟာ ရထားလမ်းအကာအရံတန်းကိုဝင်တိုက်ခဲ့ပြီး အဲဒီလက်ရမ်းက ကားထဲထိ ထိုးဖောက်သွားတာကြောင့် ကားပေါ်မှာပါလာသူမြန်မာ ၃ ဦးကို ထိခိုက်သွားပြီး ပြင်းထန်တဲ့ဒဏ်ရာတွေရသွားလို့ဆိုပါတယ်။

"ရထားလမ်းကိုဖြတ်ကူးတဲ့အချိန်မှာ သံချွန်နဲ့ထိုးမိပြီးတော့ ထိသွားတာ။ ၃ ယောက်ပေါ့။ မြန်မာနိုင်ငံသားတွေပဲ။ ရထားသံလမ်းမှာဖြစ်တာ။ ရထားလမ်းဘေးဘောင်သံချောင်းနဲ့ထိတာ။"

ထိုင်းနိုင်ငံထဲမှာ အခုလိုမျိုးမကြာခဏဖြစ်နေတဲ့ လူသေစေလောက်တဲ့အထိ ဖြစ်တဲ့ မတော်တဆ ယာဉ်တိုက်မှုတွေ၊ ယာဉ်တိမ်းမှောက်မှုတွေမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေစီးနင်းလိုက်ပါတဲ့ကားတွေ ဖြစ်နေလေ့ရှိပါတယ်။
အခုယာဉ်တိုက်မှုမှာပါတဲ့မြန်မာတွေကတော့ တရားဝင်တွေလား၊ တရားမဝင်တွေလားဆိုတာကိုတော့ ထိုင်းအာဏာပိုင်တွေက စစ်ဆေးနေဆဲဖြစ်တယ်လို့ဆိုပါတယ်။ လူကုန်ကူးသူတွေကို အစုလိုက်အပြုံလိုက်သယ်ဆောင်ပြီး စစ်ဆေးရေးဂိတ်တွေကိုရှောင်ကွင်းမောင်းနှင်ရင်းရာကနေ အခုလို မတော်တဆ ကားမှောက်တာတွေ ဖြစ်ပေါ်နေလေ့ရှိပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG