သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ် မြန်မာဒုက္ခသည်များ အခြေအနေ ဆိုးရွား


စစ်ရှောင်ဒုက္ခသည်များ (photo: C J)
စစ်ရှောင်ဒုက္ခသည်များ (photo: C J)

ထိုင်းနယ်စပ် မြန်မာဒုက္ခသည်များ အခြေအနေ ဆိုးရွား

အာဆီယံ လူ့အခွင့်အရေး လွှတ်တော်အမတ်များအဖွဲ့ (APHR)ဟာ ထိုင်း-မြန်မာနယ်စပ် သွားရောက်ခဲ့ပြီး လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ကနဦး တွေ့ရှိချက်တွေကို ရှင်းလင်းခဲ့ပါတယ်။ ဒီအကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကနေ ပေးပို့တဲ့ သတင်းကို ကိုရဲမွန်က ပြောပြမှာပါ။

အာဆီယံ လူ့အခွင့်အရေး လွှတ်တော်အမတ်များအဖွဲ့ (APHR)ဟာ ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်နဲ့ မယ်ဆရီယန်မှာ လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းကြောင့် ထိခိုက် ခံစားနေရတဲ့ နယ်စပ်ဒေသတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ သွားရောက်ခဲ့ပါတယ်။ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံက လွှတ်တော်အမတ်တွေ ပါဝင်ပြီး၊ ဒေသတွင်းမှာရှိတဲ့ နယ်စပ်ဆေးခန်းတွေဆီ သွားရောက်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ ဒေသခံ ရပ်ရွာလူထု အခြေပြုအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တာပါ။

APHR ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားလွှတ်တော်အမတ် Mercy Barends က နယ်စပ်က ဒုက္ခသည်တွေရဲ့ မြေပြင်အခြေအနေတွေကို ကဏ္ဍ ၄ ခုခွဲပြီး ပြောပါတယ်။

"ကျမတို့ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ ၄ ရက်တာ ကွင်းဆင်း လေ့လာပြီးချိန်မှာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ကြီးမားတဲ့ သတင်းအချက်အလက်တွေကို ရရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ အချက် ၅ ချက် တင်ပြချင်ပါတယ်။ ပထမတခုက ကျန်းမာရေးနဲ့ သက်ဆိုင်ပါတယ်။ ဒုတိယ တချက်ကတော့ ပညာရေးပိုင်းပါ။ တတိယကတော့ သူတို့အတွက် အမိုးအကာနဲ့ လုံခြုံရေးအပြင် စတုတ္ထမြောက်ကတော့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ နောက်ဆုံးတခုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ အခြေအနေပဲ ဖြစ်ပါတယ်။"

ကလေးငယ် အများစုက အာဟာရချို့တဲ့တဲ့ အခြေအနေမှာလည်း ရှိနေတယ်လို့ ပြောပါတယ်။ ကုလနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အပါအဝင် တခြားသော အဖွဲ့အစည်းတွေ အနေနဲ့လည်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို အရေးပေါ် အခြေအနေမှာ ကူညီပံ့ပိုးပေးဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ APHR အဖွဲ့ဝင်၊ မလေးရှားလွှတ်တော်အမတ် Kelvin Yii ကလည်း အခုလိုပြောပါတယ်။

"ကျနော်စဉ်းစားမိတဲ့ အဓိက တချက်ကတော့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတင် မကဘဲ စိတ်ကျန်းမာရေး အတွက်ပါ ဘယ်လို မြှင့်တင်မလဲ ဆိုတာပေါ့။ အမျိုးသမီး အပါအဝင် သေဆုံးသူတွေက ပဋိပက္ခကြောင့် ထိခိုက်စေရုံ သာမကဘဲ ဘေးကင်းရေး၊ လုံခြုံရေးနဲ့ စားနပ်ရိက္ခာ လုံလုံလောက်လောက် ရှိ မရှိ။ ဒီလို စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေမှာလည်း သက်ရောက်စေခဲ့တယ်လို့ ကျနော်တို့ သိရပါတယ်။ ဒါကြောင့် ရုပ်ပိုင်းရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ကျန်းမာရေး ဝန်ထမ်းတွေအတွက် ပိုကောင်းတဲ့ လေ့ကျင့်မှုတွေနဲ့ ပံ့ပိုးမှုတွေကိုပေးဖို့ တိုက်တွန်းချင်ပါတယ်။"

လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ဆက်ပြီး ဖြစ်ပွားနေပေမယ့် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက စိတ်ဝင်စားမှု လျော့နည်းလာတယ်လို့ APHR က ပြောထားပါတယ်။ မြန်မာစစ်အစိုးရ လက်ထက်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြား စားဝတ်နေရေး အခွင့်အလမ်း နည်းပါးတာကြောင့် အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ရုန်းကန်နေရတဲ့ ပြည်သူတွေရဲ့ ရှင်သန်ရပ်တည်ရေးဟာ အဓိက ပူပန်စရာဖြစ်လာတယ်လို့ ပြောပါတယ်။ အထူးသဖြင့် နယ်စပ်တလျှောက်မှာ ရှိတဲ့သူတွေဆီ အကူအညီတွေ ရောက်ရှိစေဖို့က စိန်ခေါ်မှုဖြစ်နေတာပါ။

XS
SM
MD
LG