သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရောက် မြန်မာစစ်ရှောင်တွေ အရေးပေါ်အကူညီလိုအပ်


 တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ BP 125 စစ်ရှောင်စခန်း။ (နိုဝင်ဘာ၊ ၂၀၂၃)
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ BP 125 စစ်ရှောင်စခန်း။ (နိုဝင်ဘာ၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသဘက်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒေသခံအများအပြား နယ်စပ်ကျော်ဖြတ်ပြီး တဖက် တရုတ်နိုင်ငံထဲကို ထွက်ပြေးခဲ့ရပါတယ်။ တရုတ်နယ်စပ်မှာ ခိုလှုံနေရတဲ့ ဒီစစ်ရှောင်တွေဟာ လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ်လိုအပ်နေပြီး အခုဆို စစ်ရှောင် ၅၀၀၀ လောက်ကို လက်ခံထားရတဲ့ တရုတ်အစိုးရကတော့ နယ်စပ်ဒေသ တည်ငြိမ်ရေး ပူးပေါင်း ဆောင်ရွက်ဖို့ မြန်မာစစ်ကောင်စီကို ဖိအားပေး တိုက်တွန်းနေတာပါ။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြပေးမှာပါ။​

အောက်တိုဘာ လကုန်က စခဲ့တဲ့ ကွမ်းလုံ၊ ချင်းရွှေဟော်မြို့နယ် တဝိုက်က စစ်ပွဲတွေကြောင့် ဒေသခံရာနဲ့ချီပြီး တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာ ခိုလှုံနေရပါတယ်။ အခုဆိုရင် နှစ်နိုင်ငံနယ်စပ်မျဉ်း BP 125 ပေါ်က မြန်မာဘက်အခြမ်းမှာ စစ်ရှောင် ၁၅,၀၀၀ ကျော်ရှိပြီး၊ တရုတ်ဘက်အခြမ်းမှာတော့ မြန်မာစစ်ရှောင် ၅,၀၀၀ လောက် ရှိနေပါတယ်။ အရေအတွက်က တဖြည်းဖြည်း များလာတဲ့အတွက် သူတို့အတွက် စားနပ်ရိက္ခာနဲ့ သောက်သုံးရေ အရေးပေါ်လိုအပ်နေတာပါ။ အထူးသဖြင့် တရုတ်နိုင်ငံထဲရောက်နေတဲ့ စစ်ရှောင်တွေအဖို့ လိုအပ်ချက်တွေ အများအပြားရှိနေကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းက လူမှုကူညီရေး အဖွဲ့တခုရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

" အဓိကတော့ တရုတ်ဘက်အခြမ်းမှာပေါ့ သွာပြီးခိုလှုံတာပေါ့။ တရုတ်ကလည်း ပေးမထွက်ဘူးပေါ့ သူတို့နယ်တွေထဲက၊ အဲဒီမှာများတယ် ၅၀၀၀ ကျော်လောက်ရှိတယ်၊ အစားအသောက် ရေတွေ မလတ်ဆတ်တော့ သူတို့ဒုက္ခရောက်တယ်ဆိုတဲ့ အကြောင်း၊ ရောဂါတွေ ရတယ်ဆိုတဲ့အကြောင်း၊ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ မိသားစုတွေ။ ဒါနောက်ဆုံး သိရတာပေါ့လေ။ ဒီဘက်မှာလည်း အင်တာနက်က ဖြတ်ထားတော့ ဖုန်းတောင်မရတချက် ရတချက်ဆိုတော့။ တရုတ်က ဟန်ပြပေါ့၊ အတွင်းမှာက တကယ်ဒုက္ခခံနေရတဲ့ ဒုက္ခသည်တွေက အစားအသောက်၊ ရေအပိုင်းတွေ၊ နောက်လုံခြုံရေးအပိုင်း၊ နောက်ဆက်သွယ်ရေး ဖုန်းတွေဘာတွေ ပေးမကိုင်ဘူး၊ သူတို့ဖွင့်ထားတဲ့ camp ကိုလေ။"

လောက်ကိုင်ဘက်မှာတော့ လောက်ကိုင်မြို့ရဲ့ အခြေအနေအပေါ်မူတည်ပြီး နယ်စပ်ဂိတ်ပေါက်ကို တရုတ်ဘက်က ဖွင့်ပေးထားမယ့် သဘောရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ မြန်မာစစ်ရှောင်အရေးနဲ့ ပက်သက်ပြီး လိုအပ်လာရင် ဒေသခံကျေးရွာတွေက ကူညီဖို့ အဆင်သင့်ရှိတယ်ဆိုတာကိုတော့ တရုတ်သတင်းစာ တချို့က ဖော်ပြနေပါတယ်။ တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကတော့ နယ်စပ်ဒေသ တည်ငြိမ်ဖို့အတွက် ပူးပေါင်းပေးဖို့ သူ့ရဲ့ ဒီရက်ပိုင်း နေပြည်တော်ခရီးစဉ်မှာ မြန်မာစစ်ကောင်စီကို ဖိအားပေး တိုက်တွန်းခဲ့တာပါ။ အခုလပိုင်းမှာမှ တရုတ်ဘက်ကို ထွက်ပြေးခိုလှုံတဲ့ မြန်မာဒုက္ခသည်တွေ တွေ့လာရတာ ဖြစ်ပြီး အရင်ကတည်းက မြန်မာနိုင်ငံထဲက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အိန္ဒိယနဲ့ ထိုင်းနယ်စပ်မှာ ထွက်ပြေးခိုလှုံနေရတဲ့ စစ်ရှောင်တွေရှိနေတာပါ။

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ BP 125 စစ်ရှောင်စခန်း။ (နိုဝင်ဘာ၊ ၂၀၂၃)
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ BP 125 စစ်ရှောင်စခန်း။ (နိုဝင်ဘာ၊ ၂၀၂၃)

ထိုင်းနဲ့ အိန္ဒိယဘက်မှာ ဒုက္ခသည်ဦးရေကလည်း ဆက်ပြီးတိုးလာနေပေမဲ့ တရုတ်အစိုးရထက်စာရင် ဒီနိုင်ငံတွေက မြန်မာစစ်ရှောင်အရေးကို အလေးထားပြီး ဖြေရှင်းတာ တွေ့ရတယ်လို့ အရပ်ဘက်အဖွဲ့ တချို့က သုံးသပ်ကြပါတယ်။

ထိုင်းနယ်စပ်က ယာယီခိုလှုံတဲ့နေရာတွေမှာ နေထိုင်နေတဲ့ မြန်မာစစ်ရှောင်နဲ့ ဒုက္ခသည်ဦးရေဟာ ၉၀၀၀၀ ကျော်သွားပြီလို့ ကုလသမဂ္ဂ က ဇွန်လကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာတော့ အခုဆို မြန်မာစစ်ရှောင်ဦးရေက ၃၀၀၀၀ ကျော် ရှိနေတာပါ။

အိမ်နီးချင်းအစိုးရတွေဟာ မြန်မာဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး မူဝါဒတခုခုကို ခိုင်ခိုင်မာမာ ချမှတ်ဆောင်ရွက်ဖို့ လိုနေပြီလို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတခု ဖြစ်တဲ့ India for Myanmar က ဆလိုင်းဒိုခါရ်က ဗွီအိုအေကို ပြောပါတယ်။ မြန်မာဒုက္ခသည်အရေးကို ကြည့်ရင် ထိုင်းကတော့ တရုတ်နဲ့ အိန္ဒိယ(ဗဟို) အစိုးရထက်စာရင် ကူညီပံ့ပိုးမှုတွေ ရှိတယ်လို့ ပြောလို့ရနိုင် ကြောင်း သူကပြောပါတယ်။

"တရုတ်က အိမ်နီးချင်းတွေအပေါ်မှာ၊ နိုင်ငံသားတွေအပေါ်မှာဖြစ်ဖြစ် ဘယ်ရှုထောင့်ကနေကြည့်ကြည့် သူ့အတွက် ကိုယ်ကျိုးရှိတဲ့ ဟာလောက်ပဲ ထည့်သွင်းစဉ်းစားတဲ့ အခါကြတော့ တရုတ်ရဲ့ လက်ရှိရပ်တည်ချက်က တော်တော်လေး ထူးထူးဆန်းဆန်းတော့ မဟုတ်ဘူးလို့ အကြမ်းဖျင်း ပြောချင်တယ်။ လက်ရှိ စစ်ဆင်ရေးတွေ ပေါ်လာပြီးနောက်မှာ အိမ်နီးချင်း သုံးနိုင်ငံ အားလုံးရဲ့ ရပ်တည်ချက်တွေ ပြောင်းလဲလာတာ တော်တော်လေး တွေ့ရတယ်၊ တရုတ်ဆို မြန်မာနိုင်ငံသားတွေ အဝင်မခံတဲ့ အခြေအနေကနေ ယာယီ အဝင်ခံပြီးတော့မှ စနစ်တကျနဲ့ လွှဲပြောင်းပေးတာတွေ သတိထားမိတယ်၊ ဆိုတော့ ပြောမယ်ဆိုရင် မြန်မာနိုင်ငံသားတွေအပေါ်မှာ လက်ခံပေးပြီး စနစ်တကျနဲ့ ပြန်လည်ရွှေ့ပြောင်းပေးတဲ့ အပေါ်မှာတော့ ကျနော်တို့ အကောင်းမြင်ပေးလို့ရတယ်၊ သို့သော် ဒီထက်မကတော့ သူတို့ အိန္ဒိယရော၊ တရုတ်ရော ပိုပြီး စနစ်တကျတဲ့ မူဝါဒတခုတော့ ရှိလာရ လိမ့်မယ်လို့ ကျနော့်အနေနဲ့ထင်တယ်။"

မြန်မာပဋိပက္ခမှာ စစ်ကောင်စီဘက်က အသာစီးရနိုင်တယ်ဆိုတဲ့ စဉ်းစားမှုနဲ့ အိမ်နီးချင်းနိုင်ငံတွေက ချဉ်းကပ်တာမျိုးမဟုတ်ဘဲ၊ စစ်ရှောင်ကိစ္စအပါအဝင် တခြား သဘောထားတွေမှာလည်း ပြောင်းလဲဖို့ လိုနေကြောင်းလည်း သူကပြောပါတယ်။

အခု အောက်တိုဘာလ ၂၇ရက်နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ်ဆယ်ခုမှာရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေတဲ့ စစ်ရှောင်အရေအတွက်က သုံးသောင်းကျော် (၃၃,၇၅၈ ယောက်) ရှိသွားပြီ ဖြစ်ပါတယ်။ အများစုက လားရှိုးမြို့နယ်ထဲမှာ ခိုလှုံနေကြတာပါ။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားတဲ့အတွက် မန္တလေးနဲ့ မူဆယ် လမ်းကြောင်းမှာတော့ နှစ်ဘက်စလုံးက အကူအညီပေးမယ့် သူတွေ သွားလို့မရသေးပါဘူး။ လက်တလောမှာ ဘုန်းတော်ကြီးကျောင်းနဲ့ ဘာသာရေး အဖွဲ့အစည်းတွေက ဒေသခံတွေရဲ့ အကူအညီနဲ့ သူတို့ကို စောင့်ရှောက်ပေးထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG