သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် သေကျေထိခိုက်မှုတွေအတွက် ကုလစိုးရိမ်


စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့ကြားတိုက်ပွဲတွေကြောင့် ရှမ်းပြည်မြောက်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးကြသူများ
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့ကြားတိုက်ပွဲတွေကြောင့် ရှမ်းပြည်မြောက်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးကြသူများ

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး၊ အရပ်သားသေကျေ ထိခိုက်မှုတွေနဲ့ ခန့်မှန်းခြေ လူပေါင်း ၃ သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ ပြောလိုက်ပါတယ်။ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး အထူးသဖြင့် ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေကျေမှုတွေ၊ ထောင်သောင်းချီတဲ့ ဒေသခံတွေ ပြည်တွင်းမှာ ဒုက္ခသည်ဖြစ်ကြရတာတွေအတွက် စိုးရိမ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric မနေ့တုန်းကပဲ ပြောလိုက်တာပါ။

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အဆိုအရ အောက်တိုဘာလ ၂၆ ရက်နေ့ကစ အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးတွေ ပါဝင်တဲ့ လူပေါင်း ၃ သောင်း ၃ ထောင်နီးပါး နေရပ်စွန့်ခွာခဲ့ကြရတယ်လို့လည်း ပြောပါတယ်။ အရပ်သားတွေကို အကာအကွယ်ပေးဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းထားသလို၊ စာနာမှု အကူအညီတွေ အကန့်အသတ်မရှိ ပေးအပ်နိုင်ဖို့လည်း တိုက်တွန်းခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထောက်တွေကို ပြောခဲ့တာပါ။

စစ်ကောင်စီတပ်ဖွဲ့တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ကြတဲ့ TNLA တအောင်းပလောင် MNDAA ကိုးကန့် နဲ့ AA ရက္ခိုင်တပ်ဖွဲ့တွေ ပြီးခဲ့တဲ့ သီတင်းတပတ်ကျော်က စတင်ခဲ့ရာက ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်မှာ KIA တပ်ဖွဲ့တွေ ကရင်ပြည်နယ်မှာ KNU တပ်ဖွဲ့တွေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စတဲ့ ဒေသတွေမှာလည်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG