သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကုက္ကို မြို့သစ် နိုင်ငံခြားသားသွားလာခွင့် ယာယီတားမြစ်


 ရွှေကုက္ကို (Source: C J)
ရွှေကုက္ကို (Source: C J)

ထိုင်း-မြန်မာနယ်စပ်မြဝတီမြို့က နယ်ခြားစောင့်တွေ ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုမြို့သစ်မှာ ထိုင်း-မြန်မာနယ်စပ်ဖြတ်သန်းသွားလာခွင့်ကိုတားမြစ်ကြောင်း ခေါင်းစဉ်နဲ့ ထိုင်း၊ မြန်မာ၊ တရုတ်နဲ့ နိုင်ငံခြားသားများသွားလာခွင့်ကို တလယာယီပိတ်လိုက်ကြောင်း မြန်မာနဲ့တရုတ် နှစ်ဘာသာနဲ့ရေးသားပြီး ကရင်နယ်ခြားစောင့်တပ် BGF က ပိတ်လိုက်ပါတယ်။ ဒီအကြောင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တဘက်ကမ်းမှာရှိတဲ့ ရွှေကုက္ကိုလ် စီးပွားရေးဇုံနယ်မြေအတွင်း ထိုင်း၊ တရုတ်နဲ့ နိုင်ငံခြားသားများ ဖြတ်သန်းသွားလာခွင့်ကို နိုဝင်ဘာ ၃ ရက်နေ့ကနေ ဒီဇင်ဘာသုံးရက်နေ့အထိ တလ ယာယီပိတ်လိုက်တဲ့အကြောင်း BGF နယ်ခြားစောင့်တပ်တာဝန်ခံ Saw Pha Hal လက်မှတ်နဲ့ ထုတ်ပြန်လိုက်တာပါ။

အခု တရားမဝင်ဂိတ်တွေကို နယ်ခြားစောင့်တပ်ကပိတ်လိုက်တဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး ထိုင်းအမှတ် ၆ ဒေသ ဗိုလ်ချုပ် Pol. Maj. Gen. Amornsak Kasemksiri၊ (Deputy Commander of Region 6 ) အမွန်ဆပ်-က စန်စီရီက နိုဝင်ဘာလ ၇ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

သူ ပြောသွားတာကတော့ - “သက်ဆိုင်ရာ နယ်ခြား BGF တာဝန်ရှိသူတွေအနေနဲ့ မြန်မာနိုင်ငံဘက်က ရှုပ်ထွေးလာတဲ့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ လတ်တလော တရုတ်နိုင်ငံသားတွေရဲ့ ဒုစရိုက်မှုခင်းတွေ များပြားလာနေတာကို ထိန်းချုပ်ဖို့အတွက် နယ်စပ် တရားမဝင်လမ်းကြောင်း မှောင်ခိုလမ်းကြောင်းကနေ ဝင်ရောက်လာတာတွေကို ကန့်သတ်စိစစ်ဖို့ ပိတ်တာဖြစ်ပါတယ် ချစ်ကြည်ရေးတံတားအမှတ် ၁ နဲ့အမှတ် ၂ ကနေတော့ တရားဝင်ဖြတ်ကျော်နိုင်ပါတယ်။” လို့ ရဲချုပ်က နိုဝင်ဘာလ ၇ ရက်နေ့မှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပြောဆိုသွားပါတယ်။

သူပြောသွားတဲ့အထဲမှာ “တကယ်လို့ နယ်ခြားဂိတ်ပိတ်မယ်ဆိုရင် မြန်မာရော ထိုင်းပါ ဆုံးရှုံးနစ်နာရမှာဖြစ်ပါတယ်။ အထူးသဖြင့် မဲဆောက်နဲ့ မယ်လမ ကုန်သွယ်ရေးထိခိုက်သွားမှာဖြစ်ပါတယ်။ တရားဝင်လမ်းကြောင်းတွေက ပုံမှန်ဖွင့်လှစ်ထားပါတယ်။ ပုံမှန်သွားလာလို့ရပါတယ်- လို့ ပြောသွားပါတယ်။

ကရင်ပြည်နယ် မြ၀တီမြို့က ရွှေကုက္ကိုမြို့သစ်မှာ နိုင်ငံပေါင်း ၃၀ ကျော်က နိုင်ငံခြားသားတွေ လူကုန်ကူးခံရတာတွေ၊ အတင်းအကြပ်စေခိုင်းခံနေရတာတွေ၊ ရာဇဝတ်မှုလုပ်ငန်းတွေလုပ်နေတဲ့အတွက် ဖိအားပေးတဲ့အနေနဲ့ ထိုင်းဘက်ကတော့ မီးဖြတ်တောက်တာ၊ အင်တာနက်ဖြတ်တောက်တာတွေကို ဇွန်လထဲမှာ ပြုလုပ်လာခဲ့တာပါ။ ဒီနောက် ထိုင်းဘက်ကနေ အင်တာနက်လိုင်းတွေ၊ ဆက်သွယ်ရေးဆလောင်းတွေနဲ့ မြန်မာဘက်ကလောင်းကစားလုပ်ငန်း၊ ရာဇဝတ်မှုလုပ်ငန်းတွေကို အကူညီပေးနေတဲ့ထိုင်းနိုင်ငံသားနဲ့မြန်မာအပါအဝင်နိုင်ငံခြားသားတွေကိုလည်း ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။

အဲဒီ ဒေသနဲ့အနီးတဝိုက် ထိုင်းဘက်ခြမ်းမှာလည်း အဖမ်းအဆီးတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ ရွှေကုက္ကိုမြို့သစ်ကိုသွားတဲ့နိုင်ငံခြားသားတွေကော၊ ပြန်လာတဲ့ နိုင်ငံခြားသားတွေကိုပါ ထိုင်းဘက်ကမကြာခဏ ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လအတွင်းမှာပဲ အဲဒီ ရွှေကုက္ကိုဒေသဘက်မှာ ရောင်းစားခံရတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကိုလည်း မဲဆောက် ဘန်ကောက်ကနေတဆင့် နေရပ်ပြန်ပို့တာတွေလည်း လုပ်ခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG