သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ္မတူ-သီပေါ ကားလမ်းပေါ်က မိုးတေချောင်းတံတားပျက်စီး၊ ကားကြီးတွေ သွားလာလို့မရ


မိုးတေချောင်းတံတား အပျက်အစီးများကို တွေ့ရစဉ်။ (ဓာတ်ပုံ - TNLA)
မိုးတေချောင်းတံတား အပျက်အစီးများကို တွေ့ရစဉ်။ (ဓာတ်ပုံ - TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနဲ့ နမ္မတူကားလမ်းပေါ်က မိုးတေ ချောင်းတံတား ပျက်စီးသွားတာကြောင့် လောလောဆည်မှာ ကားကြီးတွေ မသွားနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။ တအာင်းတပ်TNLA ကတော့ စစ်ကောင်စီတပ်က မိုင်းခွဲခဲ့တာကြောင့်လို့ ပြောဆိုပြီး ဒေသခံအချို့က တိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်တာကြောင့် တံတားပျက်စီးကြောင်း ပြောဆိုကြပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက နောက်ဆုံးအခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။


နမ္မတူကနေ သီပေါဘက်ကို ဆက်သွယ်တဲ့ ကားလမ်းပေါ်က မိုးတေ ချောင်းတံတားဟာ ကြာသပတေးနေ့ နေ့ခင်းပိုင်းက ထိခိုက် ပျက်စီးခဲ့တာပါ။ ဒီလို ပျက်စီးတာဟာ စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲဖြစ်ပွားချိန်မှာ လက်နက်ကြီး ထိမှန်တာကြောင့်လို့ ဒေသခံအချို့က ပြောဆိုပြီး လက်ရှိမှာတော့ တံတားပေါ်ကနေ ကားကြီးတွေ ဖြတ်သန်းသွားလာလို့ မရကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။


မနေ့တုံးကနော် နေ့လည် တနာရီလောက်မှာ နမ္မတူ - သီပေါလမ်းမှာရှိတဲ့ မိုးတေ တံတားမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်း တံတားထိသွားတယ်။ တံတားကတော့ အပေါက် ၃ပေါက်လောက်တော့ ဖြစ်သွားတယ်လို့ ပြောတယ်။ ဒီကနေ့က အဲဒီကနေပြီး ပျဉ်ပြားခင်းပြီးတော့မှ ဖြတ်သန်းသွားလာနေရတယ်လို့တော့ သိရတယ်။ ကားကြီးကတော့ သွားဖို့ကတော့ ခက်တယ်။ ဒီကနေ့ အဖို့ လေ။ ကားငယ်လေးတွေတော့ ဖြတ်တယ်လို့ ပြောတယ်။


အခြားဒေသခံတဦးကတော့ မိုးတေ တံတားက ဖြတ်သန်းလို့မရရင် နမ္မတူမြို့ကနေ လားရှိုးကို ဆက်သွယ်တဲ့ လမ်းတလမ်းပဲ ရှိတော့မှာဖြစ်ကြောင်း ပြောပါတယ်။


ပျက်သွားရင် နမ္မတူက မြို့ ပြင်နဲ့ ဆက်သွယ်ရာမှာ လားရှိုးလမ်းပဲ ရှိတော့မယ်။ အဲဒီကောင်ပြတ်သွားရင်။ လက်နက်ကြီး ကျည်ကျတယ်လို့တော့ ပြောတယ်။


တအာင်းတပ် TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ မိုးတေ တံတားကို စစ်ကောင်စီဘက်က ဖောက်ခွဲဖျက်ဆီးတာဖြစ်ကြောင်း ပြောပါတယ်။


စစ်ကောင်စီတပ်ဖွဲ့တွေက သွားရောက်ပြီးမှ ဖျက်ဆီးတယ်ပေါ့နော်။ အဲဒီ မိုးတေတံတားကို မိုင်းခွဲပြီးမှ ဖျက်ဆီးတာ။ အခုတော့ တံတားတော့ သွားလာလို့တော့ ရနေပါပြီ။ ကားကြီးတော့ သွားလာလို့ မရသေးဘူးပေါ့နော်။


မိုးတေချောင်း တံတားဟာ သီပေါ- နမ္မတူ၊ နမ့်ဆန်နဲ့ မန်တုံကို ဆက်သွယ်ထားတဲ့ အရေးပါတဲ့ တံတားဖြစ်ပြီး စစ်ကောင်စီရဲ့ ခမရ ၅၀၃နဲ့ ၅၀၄ တပ်က လာရောက် မိုင်းခွဲဖျက်ဆီးခဲ့တာလို့ TNLAက သတင်းထုတ်ပြန်ထားတာပါ။ စစ်ကောင်စီတပ်က လာရောက် ဖျက်ဆီးတယ်ဆိုတာကိုတော့ သီးခြား အတည်ပြုချက် မရသေးပါဘူး။


ကြာသပတေးနေ့ မနက်က TNLA က သိမ်းယူလိုက်တဲ့ နမ္မတူဘက်မှာတော့ မနေ့ နေ့ခင်းပိုင်းက စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာတွေ ရှိခဲ့ပေမဲ့ ဒီကနေ့မှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေကြောင်း နမ္မတူ မြို့ခံတွေက ပြောပါတယ်။ ဒီကနေ့မှာတော့ ရှမ်းမြောက်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားတဲ့သတင်း မရရှိသေးကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။


ကိုးကန့်ဒေသ လောက်ကိုင်ဘက်မှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒီရက်ပိုင်းအတွင်းမှာ လောက်ကိုင်ရောက် ဗမာလူမျိုးတွေကို ကိုးကန့်တပ် MNDAA က နေရပ်ပြန်လွှတ်နေကြောင်း လောက်ကိုင်ဒေသနဲ့ အဆက်အသွယ်ရှိသူတွေက ပြောပါတယ်။ ဒီရက်ပိုင်းဖြစ်ပွားနေတဲ့ လောက်ကိုင်ဒေသ တိုက်ပွဲတွေကိုတော့ MNDAA က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာ မရှိပါဘူး။


ကိုးကန့် MNDAA၊ တအာင်း TNLAနဲ့ ရက္ခိုင် AA တို့ပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အခုဆိုရင် ၆၄ ရက် ကြာမြင့်လာပြီ ဖြစ်ပါတယ်။ စစ်ဆင်ရေးစတင်ပြီးနောက်မှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ နှစ်ဘက် တွေ့ဆုံခဲ့ပေမဲ့ ဒီကနေ့ အထိတော့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG