သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ကို သိမ်းပိုက်နိုင်ကြောင်း TNLA ကြေညာ


ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ကို တအာင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ TNLA က နယ်မြေသိမ်းပိုက်နိုင်ကြောင်း ကြေညာထားသည့်ဓါတ်ပုံ
ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ကို တအာင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ TNLA က နယ်မြေသိမ်းပိုက်နိုင်ကြောင်း ကြေညာထားသည့်ဓါတ်ပုံ

စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ကို တအာင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ TNLA က နောက်ထပ် နယ်မြေသိမ်းပိုက်နိုင်ကြောင်း ကြေညာလိုက်ပါတယ်။ ၂ လကျော်ကြာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ လုံခြုံရေးအတွက် စိုးရိမ်မှုတွေနဲ့ သွားရေးလာရေး အခက်အခဲတွေလည်း ကြုံနေရတာပါ။ ရှမ်းပြည်မြောက်ပိုင်းက စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၂လကျော်ကြာမြင့်လာခဲ့ပြီး တိုက်ပွဲတွေဟာ ဆက်လက် ပြင်းထန်နေဆဲ ရှိပါတယ်။ ဒီဇင်ဘာလ ၃၁ရက်နေ့မှာတော့ ကျောက်မဲမြို့နယ်က မိုင်းငေါ့မြို့ကို သူတို့တပ်ဖွဲ့က ထပ်မံသိမ်းယူလိုက်ကြောင်း PSLF/TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူက VOA ကို အခုလို ပြောပါတယ်။

“မနေ့ညပေါ့နော်။ ဒီမိုင်းငေါ့မြို့ မိုင်းငေါ့မြို့ စခန်းကို ကျမတို့ တပ်ဖွဲ့က ဝင်ရောက်ပြီးတော့မှ ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့တယ်။ ဒီမိုင်းငေါ့က ပြီးခဲ့တဲ့ ၂၉ရက်နေ့ကနေ ဒီကနေ့အထိဆို တိုက်ပွဲ ၄ရက်တာ ဖြစ်သွားပြီးတဲ့နောက်မှာ ဒီစခန်းကို သိမ်းပိုက်နိုင်တာဖြစ်တယ်။ တခြား ဒီ ကွတ်ခိုင်ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။”

PSLF/TNLA ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ မိုင်းငေါ့မြို့ရှိ စစ်ကောင်စီရဲ့ဗျူဟာကုန်းအပါအဝင် ရဲစခန်းနဲ့ ဌာနဆိုင်ရာအားလုံးကို ၃၁ရက်နေ့ ည ၁၁နာရီ ၄၅မိနစ်မှာ သိမ်းယူနိုင်ကြောင်းဖော်ပြထားပါတယ်။ ၃ရက်ကြာ မိုင်းငေါ့မြို့တိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းက ၂၄ကြိမ်လာရောက်ပြီး ဗုံးကြဲချမှု ၁၀၃ ကြိမ်နဲ့ လက်နက်ကြီး ၄၅ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ဒေသခံ ၂ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရခဲ့သလို ဘုရားကျောင်းကန်နဲ့ ဘာသာရေးအဆောက်အအုံတွေနဲ့ လူနေအိမ် ၁၄လုံး ပျက်စီးခဲ့ကြောင်းလည်း သတင်းထုတ်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ကို တအာင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ TNLA က နယ်မြေသိမ်းပိုက်နိုင်ကြောင်း ကြေညာထားသည့်ဓါတ်ပုံ
ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ကို တအာင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ TNLA က နယ်မြေသိမ်းပိုက်နိုင်ကြောင်း ကြေညာထားသည့်ဓါတ်ပုံ

တိုက်ပွဲအတွင်း ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်၊ ခဲယမ်းနဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်းရမိကြောင်းလည်း PSLF/TNLA က သတင်းထုတ်ပြန်ပါတယ်။ မိုင်းငေါ့မြို့ဟာ ကျောက်မဲမြို့နဲ့ မိုင် ၃၀ခန့် အကွာမှာ ရှိတာကြောင့် ကျောက်မဲမြို့ လုံခြုံရေးအတွက်လည်း စိုးရိမ်မှုတွေ ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ ကျနော်တို့ မြို့ ပေါ်ကတော့ နေ့တိုင်း ပစ်တဲ့ လက်နက်ကြီးသံတွေကတော့ ကြားနေရတာပဲ။ ပစ်တာကတော့ အရှေ့ ၊ အနောက်၊ တောင်၊ မြောက်ပဲ။ ကျောက်မဲမြို့ထဲကတော့ လူထုက နည်းနည်း စိုးရိမ်ကြတာပေါ့ဗျာ။ မိုင်းငေါ့နဲ့ ကျောက်မဲနဲ့ဆို ၃၁ မိုင်ရှိတယ်။ ကျောက်မဲ မြောက်ဘက်ခြမ်းပတ်လည်မှာတော့ TNLA ရှိနေတာပဲ။ ခါဆိုင်း ဂုတ်တွင်းမှာ တိုက်ပွဲဖြစ်တာတို့ ပြီးတော့ ကျောက်မဲနဲ့ သီပေါကြားမှာလည်း တဖွဲ့ ရှိနေတယ်။ ပစ်နေတာပဲ။ တလလောက်နီးနေပြီပဲ။ ကျနော်တို့ ကျောက်မဲ သီပေါ အထွက်ဘက်မှာ ရှိနေတာက။ မြို့ ထိခိုက်ရလောက်အောင် တိုက်ပွဲကတော့ မဖြစ်သေးဘူး။ ခြိမ်းခြောက်မှုကတော့ ရှိနေတယ်။ ကျနော်တို့ သိရသလောက်တော့ အဝေးက ဒရုန်းနဲ့ လွှတ်ပြီး စုံစမ်းထောက်လှမ်းတာတို့၊ ပြန်ပစ်တာတို့ အဲဒီအဆင့်လောက်ပဲ ရှိသေးတယ်။”

ဒီဇင်ဘာလ ၃၁ရက်နေ့ ညနေပိုင်းမှာတော့ လားရှိုးနဲ့ နမ္မတူ၊ နမ့်ဆန်၊ မန်တုံကို ဆက်သွားထားတဲ့ ကားလမ်းပေါ်က အရေးပါတဲ့အီနိုင်တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်းလည်း PSLF/ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၂၈ရက်နေ့ကလည်း သီပေါ- နမ္မတူကားလမ်းပေါ်က မိုးတေတံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း TNLA ဘက်က ထုတ်ပြန်ခဲ့ပါတယ်။ ဒေသခံတွေကတော့ ဘယ်သူ့လက်ချက်ဆိုတာ အတိအကျမသိရကြောင်းနဲ့ လမ်းတံတားတွေ ပျက်စီးတာကြောင့် သွားလာရေးအခက်အခဲဖြစ်ရကြောင်း ပြောပါတယ်။

“ခက်တာက မိုးတေတံတားတို့ ၊ အီနိုင်းတံတားတို့က ဘယ်သူက ချိုးမှန်းကို မသိတာ။ ဒါပေမဲ့စစ်တိုက်တဲ့သူအတွက်တော့ စစ်ရေး စစ်ရာ နဲ့ တွက်ချက်ပြီးတော့ တံတားဖျက်တာတို့ ၊ လမ်းကို Cutting လုပ်တာတို့ ဖြစ်ကောင်းဖြစ်မှာပေါ့။ ဒါပေမဲ့ အရပ်သားပြည်သူတွေကတော့ သွားရ၊ လာရတာမှာ ကြားထဲက ညှပ်ပြီးတော့ ဒုက္ခရောက်ကုန်တာပေါ့။”

ဒီဇင်ဘာလအတွင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်က မိုင်းလုံနဲ့ မိုင်းငေ့ါ၊ နမ္မတူ၊ နမ့်ခမ်းနဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက နမ့်ဆန်နဲ့ မန်တုံစုစုပေါင်း မြို့ ၆ မြို့ကို TNLA က သိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် လောက်ကိုင်မြို့မှာတော့ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲရှိပါတယ်။

ဒီလ ၃၀ ရက်နေ့က လေကြောင်းက ဗုံးကြဲတာတွေအချိန်မရွေးဖြစ်နိုင်တာကြောင့် အရပ်သားပြည်သူတွေ ဘေးလွတ်ရာကို အမြန်ဆုံး တိမ်းရှောင်ဖို့ နဲ့ ဒေသတွင်းမှာ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကိုလည်း သူတို့ကို သတင်းပေးပို့ပြီး တရားဝင်လမ်းကြောင်းက နေရပ်ပြန်ဖို့ MNDAA အဖွဲ့က တိုက်တွန်းထားပါတယ်။

၂လကြာ တိုက်ပွဲကာလအတွင်း ကိုးကန့်ဒေသမှာ အရပ်သားပြည်သူ ၇၀ကျော်ခန့် သေဆုံးကြောင်းလည်း MNDAA က သတင်းထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေ စစ်ကောင်စီဘက်က လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

XS
SM
MD
LG