သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း နမ္မတူတိုက်ပွဲ အရပ်သားသေဆုံးမှုတွေရှိ 


သိမ်းဆည်းရမိသော လက်နက်များကို တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်
(ဒီဇင်ဘာ ၂၆၊ ၂၀၂၃)
သိမ်းဆည်းရမိသော လက်နက်များကို တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန် (ဒီဇင်ဘာ ၂၆၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နဲ့ အနီးဝန်းကျင်တဝိုက် စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA အကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ထောင်နဲ့ချီတဲ့ နမ္မတူမြို့နေ ပြည်သူတွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြသလို လက်နက်ကြီးထိမှန်လို့ သေဆုံးတာတွေလည်း ရှိနေပါတယ်။ စစ်ရှောင်အများစု သွားရောက် ခိုလှုံနေတဲ့ မန်စံရွာမှာတော့ နေရာထိုင်ခင်း နဲ့ စားနပ်ရိက္ခာ အခက်အခဲတွေ ရှိလာနေတာပါ။ ရှမ်းမြောက်တိုက်ပွဲရဲ့ နောက်ဆုံးအခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ဒီကနေ့ ဆို ၆၁ ရက်ရှိလာပြီ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးအတွက် စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေဟာ ပြေလည်မှု မရှိသေးသလို တိုက်ပွဲတွေကလည်း ဆက်လက်ပြင်းထန်နေတာပါ။ လောလောဆည် တိုက်ပွဲပြင်းထန်နေတဲ့ နေရာကတော့ နမ္မတူမြို့ ဖြစ်ပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာ တိမ်းရှောင် နေရကြောင်းနဲ့ လက်နက်ကြီး ထိမှန်လို့ သေဆုံးရသူက ၂ ဦးထက် မနည်း ရှိနေပြီလို့ နမ္မတူမြို့ခံ တဦးက VOA ကို အခုလို ပြောပါတယ်။

“ မြို့လူဦးရေရဲ့ ၄ ပုံပုံ ၃ ပုံကတော့ အပြင်ထွက်သွားပြီ။ တချို့ကလည်း ဆွေမျိုးနီးစပ်ရာ မန္တလေးတို့၊ ပြင်ဦးလွင်တို့၊ လားရှိုးတို့၊ သီပေါ၊ ကျောက်မဲ အဲလိုမျိုးတွေ ထွက်ကုန်ကြတာလေ။ အခုအများဆုံး ရှောင်နေတာ ကတော့ မန်စံ၊ မိုင်းမု၊ နားကျဲ အဲဒီမှာ သွားရှောင်နေတယ်။ မန်စံ တခုတည်းမှာ ကိုက ထွက်လိုက်ဝင်လိုက်ပေါ့လေ ၁ ထောင်ကျော်မယ်။ မိုင်းမုကတော့ ၂၀၀ ကျော်လောက်ရှိမယ်။ နားကျဲကတော့ ၅၀လောက်ပဲ ရှိမယ်။ စစ်ပွဲအခြေအနေကတော့ မည်သည့် အဖွဲ့အစည်းက ပစ်လိုက်တယ်မသိဘူး။ လက်နက်ကြီးတွေ ကျတာ တော့ရှိတယ်။ မြို့ထဲမှာ ကျတယ်။ မနေ့ကတော့ ၂ ယောက် ဆုံးတယ်။ ဒဏ်ရာရတဲ့ သူကတော့ အခုလောလောဆည် ၅ ယောက်။ ”

မန်စံရွာကို ရောက်တဲ့ စစ်ရှောင်တွေဟာ အထက်တန်းကျောင်းနဲ့ ကမ္မဌာန်းကျောင်းမှာ ခိုလှုံနေကြပါတယ်။ လောလောဆည် သံဃာတော်တွေ စာပြန်ပွဲရှိတာကြောင့် အခြားဘုန်းကြီးကျောင်းတွေမှာ တည်းခိုလို့ မရတဲ့အတွက် နေရာထိုင်ခင်း အခက်အခဲ ရှိနေကြောင်း စစ်ရှောင်အရေး ကူညီသူ တဦးက ပြောပါတယ်။

“ စစ်ရှောင်တွေမှာ တွေ့ရတဲ့ အခက်အခဲ ကတော့ နေရာထိုင်ခင်း အခက်အခဲ ပဲခင်ဗျ။ အဲဒီ အထကမှာ ဆိုတော့ ဝင်လာတဲ့ လူဦးရေနဲ့ မဆန့်ဘူး ဖြစ်နေတာ။ ပြီးတော့ စားနပ်ရိက္ခာ ကလည်း လှုတန်းတဲ့သူ ရှိပေမဲ့လည်း ဒီလူအုပ်ကြီးနဲ့ ကတော့ ရေရှည်တော့ သိပ်တာရှည်တော့ ခံမယ့်ပုံ မပေါ်ဘူးဗျ။ ဖြစ်ချင်တော့ မနေ့တုံးက လားရှိုးကနေပြီးတော့ သူတို့ မြို့ထဲ မပေးဝင်ဘူး။ ဒီ နမ္မတူဘက်က သွားမယ့်ဟာတွေကို သူတို့ မပေးဝင်ဘူး။ သူတို့ လိုင်းကားတွေလည်း ပြေးလို့ မရတော့ဘူး။ မြို့ထဲလည်း မပေးဝင်ဘူး။ ”

စစ်ရှောင်တွေကို နမ္မတူနဲ့ လားရှိုးမြို့က လူမှုကူညီရေး အသင်းတွေက သယ်ဆောင်ပေးနေပေမဲ့ ဒီကနေ့ တိုက်ပွဲ ဖြစ်ပွား နေတာကြောင့် နမ္မတူမြို့ဘက်ကို သွားလို့ မရသလို လားရှိုးမြို့အထွက် အီနိုင်းရွာတံတားကိုလည်း ၂၅ ရက်နေ့ နေ့ခင်း ကတည်းက ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။
ဒီလ ၂၅ ရက် နေ့ကတော့ လားရှိုးမြို့နယ် မြောက်ပိုင်းက နမ့်ပေါင်တပ်စခန်းက လက်နက်ကြီး ပစ်ခတ်တာတွေ ရှိခဲ့ပြီး အရပ်သား အချို့ ထိခိုက် သေဆုံးခဲ့ကြောင်းလည်း လားရှိုးဒေသခံ တဦးက ပြောပါတယ်။

“ ကျမတို့ ဒီ နမ့်ပေါင်ဘက်မှာတော့ မနေ့က တနေကုန်ပစ်နေတယ်။ နမ့်ပေါင်ကနေ အဲဒီ တပ်ကနေ သံလွင်ဘက်ခြမ်းက ရွာတွေကို ပစ်တာ။ အပြင်အဖွဲ့တွေ ရှိတယ်ဆိုပြီးမှ သတင်းကြားထားလို့ နေမှာ။ ပစ်တော့ အဲဒီမှာ ပြည်သူပေါ့ လက်နက်ကြီး ထိပြီးမှ ရှမ်း ၂ ဦးသေတာ။ သေသွားတာပေါ့ လက်နက်ကြီး ထိပြီးမှ။ ”

ညီနောင်မဟာမိတ်အဖွဲ့တွေက ဒီလ ၂၀ ရက်နေ့နောက်ပိုင်းမှာ လားရှိုးမြို့ကို တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေတာကြောင့် လားရှိုးမြို့ခံ အချို့လည်း တိမ်းရှောင်တာတွေ ရှိနေကြောင်း ပြောပါတယ်။

ဒီလ ၂၃ ရက်နေ့ကလည်း သိန္နီမြို့မှာ လေကြောင်းက တိုက်ခိုက်တာကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ကြောင်းနဲ့ ကွတ်ခိုင်မြို့မှာတော့ စစ်ရှောင်ပြည်သူ ၂ ထောင်ကျော်ဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေကြောင်း ရှမ်းမြောက်ဒေသ သတင်းတွေကို အစဉ်တစိုက် ဖော်ပြနေတဲ့ ရွှေဖီမြေသတင်းဌာနက ဖော်ပြပါတယ်။ ဒီနေ့ တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ TNLA ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်မရခဲ့ပါဘူး။ ကိုးကန့်ဒေသတွင်း အခြေအနေနဲ့ ပတ်သက်လို့လည်း ကိုးကန့်တပ် MNDAA က သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။

ဒီလ ၂၂ ရက်ကနေ ၂၄ ရက်နေ့ အထိ စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ ညီနောင်မဟာမိတ် ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ သဘောတူညီချက် တစုံတရာ မရခဲ့ပါဘူး။ ဒီတွေ့ဆုံ ဆွေးနွေးပွဲ ပျက်ခဲ့ရတဲ့ နောက်မှာတော့ တိုက်ပွဲတွေ ပိုပြင်းထန်နိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။

XS
SM
MD
LG