သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်အရေး တရုတ်ကြားဝင်စေ့စပ်မှုသုံးသပ်ချက်


ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းမြို့က ရဲစခန်းရှေ့ အစောင့်ချထားတဲ့TNLA- တအာင်း ပလောင်ဝ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တဦး။ (နိုင်ဝင်ဘာ ၉၊ ၂၀၂၃)
ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းမြို့က ရဲစခန်းရှေ့ အစောင့်ချထားတဲ့TNLA- တအာင်း ပလောင်ဝ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တဦး။ (နိုင်ဝင်ဘာ ၉၊ ၂၀၂၃)

စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် (၃) ဖွဲ့ကြား ဒီဇင်ဘာ နှောင်းပိုင်းမှာ ဒုတိယအကျော့တွေ့ဆုံမှု ပျက်သွားခဲ့တဲ့နောက် တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြားက မြန်မာ့ ပဋိပက္ခ လားရာက အရှိန်ပိုမြင့်သွားမလားဆိုတဲ့ တွက်ဆမှုတွေ ရှိနေပါတယ်။ အမေရိကန်အခြေစိုက် တရုတ် အရေးကျွမ်းကျင်သူတဦးကတော့ တရုတ်အစိုးရ ကြားဝင်ရတဲ့ အဓိကရည်ရွယ်ချက်က သူ့ရဲ့ လုံခြုံရေးပြဿနာဖြစ်လာတဲ့ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေကို ချေမှုန်းဖို့သာဖြစ်ပြီး စစ်အာဏာရှင် ဖြုတ်ချဖို့ မရှိဘူးလို့ သုံးသပ်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာ့နိုင်ငံရေးမှာ အာဏာရလာတဲ့ ဘယ်လိုအင်အားစုနဲ့မဆို ပူးပေါင်းဖို့ တရုတ်နိုင်ငံဘက်က စောင့်ကြည့်နေပြီး ဘက်မလိုက်တဲ့ ရပ်တည်ချက် ချမှတ်ထားကြောင်းဝါရင့်မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးက ထောက်ပြပါတယ်။ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။

တရုတ်နိုင်ငံက ကမကထလုပ်တဲ့ ကူမင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တရုတ်ဘက်က အဓိကစိုးရိမ်ချက်ကနှစ်ပိုင်းရှိပြီး နယ်စပ်တလျှောက် ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေပပျောက်ရေးနဲ့ သူ့ရဲ့အနောက်တောင်ပိုင်းပြည်နယ်တွေနဲ့ ချိတ်ဆက်ထားတဲ့ နယ်စပ်ကုန်သွယ်ရေး တည်ငြိမ်စေဖို့ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန် အခြေစိုက် Stimson သုတေသနစင်တာ၊ တရုတ်ရေးရာဌာနရဲ့ ဒါရိုက်တာ Yun Sun ကတော့ တရုတ်အတွက် လုံခြုံရေးက အမြဲ ထိပ်တန်းဦးစားပေးဆိုပြီး ရှုမြင်ပါတယ်။ တရုတ်နိုင်ငံအတွက် အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားကိုထိပါးနေတဲ့ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေကို နှိမ်နင်းရာမှာ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေ ဘယ်လောက်ပြင်းထန်ပါစေ ဖြစ်နိုင်သမျှနည်းလမ်းတွေ သုံး လုပ်မယ်လို့ ဆိုပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး (AFP)
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး (AFP)

“စီးပွားရေး အကျိုးစီးပွား၊ နယ်စပ်ကုန်သွယ်မှုကို ထိခိုက်မှာ သေချာပါတယ်။ ဒါပေမယ့် ဒါက အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေနဲ့ နှိုင်းယှဉ်ရင် အသေးအဖွဲပါ။ ပြီးတော့ ဒီနှစ်ခုက တခုလုပ်ရင် တခုကို လက်လွှတ်ရမယ့် ဆန့်ကျင်ဘက်အခြေအနေ မဟုတ်ပါဘူး။ ဒီ ဆိုင်ဘာရာဇဝတ်မှုတွေကို မြန်မြန်နှိမ်နင်းနိုင်လေ အပစ်အခတ်ရပ်စဲရေးက မြန်ဖို့ဖြစ်လာပြီး တည်ငြိမ်မှု မြန်မြန်ပြန်ရလေ မဟုတ်လား။”

ဒီအချက်က ရေတိုစီးပွားရေးဆုံးရှုံးမှုထက် အမျိုးသားလုံခြုံရေးကို ဦးစားပေးတဲ့ တရုတ်နိုင်ငံရဲ့ ပိုပြီး ကျယ်ပြန့်တဲ့ မူဝါဒနဲ့လည်း ကိုက်ညီနေပါတယ်။ ပြည်တွင်း အခြေစိုက် ဝါရင့်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ လက်နက်ကိုင်ပဋိပက္ခရဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ စီးပွားရေး အကျိုးသက်ရောက်မှုကို ထောက်ပြပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းအများစု ပိတ်ရလို့ နှစ်နိုင်ငံကုန်သွယ်မှုက နေ့စဉ်ဒေါ်လာ ၁၀ သန်းလောက် ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။

"နယ်စပ်ဒေသက ရရှိတဲ့ အကျိုးအမြတ်တွေက တဖြည်းဖြည်း လျော့ပါးလာနိုင်တဲ့ အခြေအနေ ရှိတယ်။ ဒါပေမဲ့ နယ်စပ်ဒေသက ကုန်စည်စီးဆင်းမှုက တရုတ်နိုင်ငံအတွက် နိုင်ငံတကာ စီးပွားရေး ဆက်ဆံရေးနဲ့ယှဉ်ရင် အများကြီး မဟုတ်ဘူး။ ကျနော်တို့ နိုင်ငံအနေနဲ့ ပိုနစ်နာတယ်။"

တဘက်မှာလည်း စစ်ကောင်စီနဲ့ တိုင်းရင်းသားအဖွဲ့တွေကြား ပဋိပက္ခမှာ တရုတ်ရဲ့သြဇာက အများယူဆထားသလို ကြီးမားတဲ့သက်ရောက်မှုမရှိနိုင်လို့ လက်ရှိ လုပ်နေတဲ့ တရုတ်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာတွေကလည်း တစုံတရာ အဖြေထွက်ဖို့ခက်မယ်လို့ ဦးသန်းစိုးနိုင်က ယူဆပါတယ်။ တရုတ်က အိမ်နီးချင်းနိုင်ငံတွေ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပြဿနာတွေကို စေ့စပ်ဆွေးနွေးဖြေရှင်းရေးအတွက် မူဝါဒအရလုပ်ဆောင်တာဖြစ်ပြီး ဖိအားပေးတာ၊ တွန်းအားပေးတာမျိုးတွေတော့ တရုတ်ဘက်ကလုပ်မယ်လို့ မယူဆကြောင်း ဦးသန်းစိုးနိုင်က ဆိုပါတယ်။

“ကျားဖြန့်ကို နှိမ်နင်းဖို့အတွက်တော့ တရုတ်ကဆန္ဒရှိတာပေါ့ဗျာ။ ဒါပေမယ့် ကျားဖြန့်က အတိုင်းအတာအရတော့ အများကြီးကျဆင်းသွားပါပြီ။ ဘာလို့လဲဆိုတော့ အခု နယ်စပ်မှာဖြစ်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့်ပါ။ ဒီစစ်ဆင်ရေးကို အကောင်အထည်ဖော်တာကလည်း တရုတ်နဲ့ ဆက်စပ်ပတ်သက်နေတဲ့ အင်အားစုတွေ ဖြစ်တဲ့အခါကျတော့ ကျားဖြန့်လုပ်ငန်းက နယ်စပ်ဒေသမှာတော့ အတော်လေး အင်အားယုတ်လျော့ပြီးတော့ တရုတ်ပြည်အတွက် အတိုင်းအတာ ကြီးကြီးမားမား ထိခိုက်စရာတော့ သိပ်မရှိတော့ပါဘူး။”

တဘက်မှာလည်း တရုတ် နယ်စပ်တည်ငြိမ်ရေး၊ ရာဇဝတ်ဂိုဏ်းတွေ နှိမ်နင်းရေး ဆိုတဲ့လိုလားချက်တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ အပါအဝင် မြန်မာပြည်က အင်အားစုတွေ လိုလားချက်ကြားမှာ ကြီးမားတဲ့ ကွာဟမှုတွေ ရှိနေပါတယ်။

Stimson စင်တာက တရုတ်အရေး ကျွမ်းကျင်သူ Yun Sun ကတော့ တရုတ်နိုင်ငံရဲ့အဓိကစိုးရိမ်ချက်က မြန်မာနိုင်ငံအတွင်းက စစ်ကောင်စီနဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကြား နယ်မြေ ထိန်းချုပ်ရေးပြဿနာကို ဖြေရှင်းညှိနှိုင်းနိုင်ဖို့ အဓိကမဟုတ်ဘဲ တရုတ်-မြန်မာ နယ်စပ်မှာ အခြေချလည်ပတ်နေတဲ့ ကျားဖြန့်လို့ ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖြိုခွင်းဖို့သာ ဖြစ်ကြောင်း မှတ်ချက်ပြုပါတယ်။

“တရုတ်ရှုထောင့်ကနေ ပြောရမယ်ဆိုရင်တော့ တရုတ် လိုလားတဲ့ အဓိကအချက်တွေက၊ ပထမ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေကို ရှင်းပစ်ဖို့ဖြစ်ပြီး ဒုတိယ တချက်ကတော့ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိပါးတဲ့ အထိ ဖြစ်လာတဲ့ (ဒီလုပ်ငန်းတွေကို မနှိမ်နင်းနိုင်ခဲ့တဲ့) စစ်ကောင်စီကို ပြစ်ဒဏ်ခတ်ဖို့ပါပဲ။”

ဒါပေမယ့် တဘက်မှာလည်း ညီနောင် (၃) ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ အတူ စစ်အာဏာရှင် ဆန့်ကျင့်ရေး နွေဦးတော်လှန်ရေးက အရှိန်တက်လာချိန်မှာ ညီနောင် (၃) ဖွဲ့အပေါ် မြန်မာလူထု အများစုက အရင်ကနဲ့ မတူတဲ့ ထောက်ခံ အားပေးမှုတွေ ရှိနေတာပါ။ ညီနောင် (၃) ဖွဲ့ရဲ့ ထုတ်ပြန် ပြောဆိုချက်တွေအရလည်း သူတို့ အဖွဲ့တွေရဲ့ တဖွဲ့ချင်း ရည်မှန်းချက်တွေရှိသလို ကျယ်ပြန့်တဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေး ဘုံရည်မှန်းချက်လည်း ထားရှိတယ်ဆိုပါတယ်။ ဒီအချက်မှာတော့ တရုတ်ရဲ့သြဇာနဲ့အတူ အကန့်အသတ်တွေ ရှိနိုင်တယ်လို့ တရုတ်အရေး ကျွမ်းကျင်သူ Yun Sun က ထောက်ပြပါတယ်။

“တရုတ်ရဲ့ ရည်ရွယ်ချက်တွေက အကန့်အသတ် ရှိပါတယ်။ ညီနောင် (၃) ဖွဲ့ ရည်မှန်းချက်တွေက အကန့်အသတ်မဲ့ ဖြစ်လာပြီဆိုရင် စစ်အာဏာရှင်ကို ဖြုတ်ချမယ့်တော်လှန်ရေး ဖြစ်လာပြီဆိုရင် တရုတ်ရဲ့ထောက်ခံချက် ရလိမ့်မယ်လို့ မထင်ထားဘူး၊ တရုတ်ရဲ့ ထောက်ခံချက်မရှိဘဲ သူတို့ရဲ့တိုက်ပွဲတွေ ဘယ်လောက်ကြာကြာ ရှေ့ဆက်နိုင်မလဲဆိုတာက လက်တွေ့ကျတဲ့ မေးခွန်းတခုပါပဲ။”

တချိန်တည်းမှာပင် မြန်မာအာဏာသိမ်း စစ်တပ်ဘက်ကတော့ တပ်အင်အား လျော့နည်းလာတာနဲ့ နိင်ငံတဝန်းမှာ ကျယ်ပြန့်တဲ့ ဆန့်ကျင်ခုခံမှုတွေ ရင်ဆိုင်နေရလို့ အပစ်အခတ်ရပ်စဲရေးကို လိုလားဖွယ်ရှိတယ်လို့ လေ့လာသူ နှစ်ဦးလုံးက သုံးသပ်ကြပါတယ်။ မြန်မာစစ်တပ်အကျပ်အတည်းက တရုတ်နယ်စပ် ကိုးကန့် ဒေသ၊ လောက်ကိုင် တခုတည်းကွက်ပြီး ရင်ဆိုင်နေရတဲ့ ပြဿနာမဟုတ်ဘူးလို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။ ကိုးကန့်ဒေသမှာ စစ်ရေးအရ စစ်ကောင်စီဘက်က အသာပြန်ရဖို့ မလွယ်တော့ဘူးလို့ သူက သုံးသပ်ပါတယ်။

ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်ထားတဲ့ ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ (၁၂၉) မှ လက်နက်ချလာသူများ (နိုဝင်ဘာ ၁၄၊ ၂၀၂၃)
ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်ထားတဲ့ ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ (၁၂၉) မှ လက်နက်ချလာသူများ (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

“ပြဿနာက ဘာလဲဆိုလို့ရှိရင် ပြဿနာက လောက်ကိုင်ဆိုတဲ့ လောင်းကစားမြို့တော်ကြီးက အထပ်မြင့် အဆောက်အအုံ မြောက်မြားစွာနဲ့ အလွန် ရှုပ်ထွေးတဲ့ နေရာကြီး ဖြစ်တဲ့အတွက် ဒီ TNLA (တအာန်းတပ်) က နမ်းခမ်းက စစ်ကောင်စီရဲ့ စခန်းသစ်စခန်းကို ဝင်သိမ်းတဲ့အခါမှာ ပေးရတဲ့တန်ဖိုးထက် ပိုပြီးတော့ ပိုကြီးကြီးမားမားပေးရတဲ့ အနေအထားရှိပါတယ်။ အဲ့ဒါကြောင့်ပဲ၊ တကယ်ကတော့ တိုက်မယ်ဆိုလို့ရှိရင် သူအနိုင်တိုက်နိုင်တဲ့ အနေအထားရှိပါတယ်။ နောက်တခုက တရုတ်ရဲ့ကြားဝင်ပြီးတော့ စီစဥ်ဆောက်ရွက်ပေးမှုအောက်မှာ သူ့အနေနဲ့လည်း တစုံတရာ ခုနကလို သုံ့ပန်းလဲလှယ်တဲ့ သဘောမျိုး အေးအေးချမ်းချမ်းနဲ့ လောက်ကိုင် လွတ်မြောက်သွားလို့ရှိရင် ကောင်းတယ်ဆိုတဲ့အမြင်နဲ့ အစည်းအဝေးတက်တာ၊ ဆွေးနွေးခဲ့တာလို့ ကျနော် နားလည်ထားပါတယ်။”

စစ်ရေးအရဆိုရင်လည်း စစ်ကောင်စီတပ်တွေအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးက ပိုအရေးပါတယ်လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

ညီနောင် ၃ ဖွဲ့ဘက်ကလည်း စစ်အာဏရှင် တော်လှန်ရေးတခုလုံးကို ဦးဆောင်မှု အခန်းကဏ္ဍအထိ ဖြစ်နိုင်ဖွယ်နည်းပေမယ့် ကိုယ့်ဒေသတွင်း နယ်မြေထိန်းချုပ်စိုးမိုးနိုင်မှုနဲ့ ရည်မှန်းချက်တွေအတွက် မြန်မာနိုင်ငံတဝန်းက စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး အင်အားစုကြီးတခုလုံးရဲ့ အာဏာသိမ်း စစ်တပ် အပေါ် စုပေါင်းခုခံမှုကိုတော့ လိုလားဖွယ်ရှိပါတယ်။ ဒီလို မတူတဲ့ မျှော်မှန်းချက်နဲ့ အဖွဲ့အသီးသီးကြားမှာ လက်တွေ့ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ရှုမြင်ချက်ကလည်း ယေဘုယျ ယူဆချက်တွေနဲ့ ကွဲပြားဖွယ်ရှိကြောင်း တရုတ်အရေးကျွမ်းကျင်သူ Yun Sun က ထောက်ပြပါတယ်။“အမျိုးသားနိုင်ငံရေးမှာ မြန်မာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို တရုတ်က အကဲဖြတ်ကြည့်မယ်ဆိုရင်၊ စစ်တပ်က အာဏာသိမ်းခဲ့တာက အကောင်းဆုံး ဖြေရှင်းချက်မဟုတ်ဘူးလို့ ယူဆကြသူတွေ တရုတ်နိုင်ငံမှာ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် တပ်မတော်ကို အမျိုးသားနိုင်ငံရေးကနေ ထုတ်ပစ်လို့ မရဘူးဆိုတဲ့ ယူဆချက်က တရုတ်အစိုးရဘက်မှာ အခိုင်အမာရှိတယ်လို့ ထင်ပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ ညှိနှိုင်းအဖြေရှာဖို့ လိုအပ်တယ်လို့ တရုတ်က မြင်ပါတယ်။ အရပ်သားနှင့် စစ်တပ်ကြား အာဏာခွဲဝေမှုဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေးပါ။ အရပ်သားအစိုးရရဲ့ စိန်ခေါ် ခြိမ်းခြောက်နိုင်ခွင့်တွေကနေ ကင်းလွတ်နေတဲ့ အခန်းကဏ္ဍတခုကို စစ်တပ်ကို ပေးတာမျိုးပါ။”

ရှမ်းမြောက်တိုက်ပွဲတရုတ်အခန်းကဏ္ဍ Stimson Center ဆွေးနွေး
please wait

No media source currently available

0:00 0:06:15 0:00

တဘက်မှာလည်း နိုင်ငံတဝန်းမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက စစ်ရေးမှာ သိသာထင်ရှားတဲ့ အရှိန်အဟုန်နဲ့ နယ်မြေစိုးမိုးနိုင်မှုရနေတာက မငြင်းနိုင်တဲ့အချက် ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီ စစ်တပ် တခုလုံးပြိုကျတော့မလားဆိုတာကတော့ မေးခွန်းထုတ်စရာ အများကြီး ရှိနေပါတယ်။ Stimson စင်တာက Yun Sun ကတော့ တရုတ်နယ်စပ်နဲ့ ရှမ်းမြောက်က စစ်ဆင်ရေးတွေမှာ စစ်ကောင်စီတပ်တွေ အသာစီးပြန်ရဖို့ ဖြစ်နိုင်ဖွယ်မရှိပေမယ့် တနိုင်ငံလုံးအနှံ့ အလုံးစုံ ကျရှုံးတော့မယ်ဆိုတဲ့ ကောက်ချက်ဆွဲဖို့ကတော့ အချိန် စောလွန်းသေးတယ်လို့ သုံးသပ်ပါတယ်။

“၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီက အနိုင်ရသူ မဖြစ်နိုင်တော့ပါဘူး။ အရှုံးနဲ့ပဲ အဆုံးသတ်ရမယ်ဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် မေးခွန်းထုတ်ရမှာက ပထမ - သူတို့ ဘယ်လောက် အဆုံးအရှုံးကြီးမလဲဆိုတာနဲ့ ဒါက စစ်ကောင်စီရဲ့အာဏာ အသက်ဆက်မှုအပေါ် ဘယ်လောက် ထိခိုက်မလဲ ဆိုတာပါ။ ဒုတိယအချက်ကတော့ တကယ်လို့ အာဏာသက်ဆက်ဖို့ စစ်ကောင်စီအတွက် ပြဿနာမဟုတ်သေးဘူးဆိုရင် သူတို့ ညှိနှိုင်းဖြေရှင်းဖို့၊ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိမလားဆိုတာပါ။ ၂၀၂၄ ခုနှစ်မှာ စစ်ပွဲ စစ်ဆင်ရေးတွေ ဘယ်အခြေအနေ ရှိနေမလဲဆိုတာနဲ့ စစ်ကောင်စီအတွက် အင်အားတွေ ဘယ်လောက်ကျန်နေဦးမလဲဆိုတာကို ကျမတို့ စောင့်ကြည့်ရမယ်။”

ဦးသန်းစိုးနိုင်ကတော့ အခု တရုတ်အကူအညီနဲ့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက ကိုးကန့်နဲ့ လောက်ကိုင် ပြဿနာသက်သက်လောက်ပဲ ဆွေးနွေးကြရဖို့ရှိပြီး ၁၀၂၇ စစ်ရေးလှုပ်ရှားမှု၊ ညီနောင် (၃) ဖွဲ့ရဲ့ မဟာဗျူဟာအစီအစဥ်တွေကို ထိခိုက်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ရှမ်းမြောက်တခွင်မှာလည်း တိုက်ပွဲတွေ ဆက်ပြင်းထန်လာဖွယ် ရှိနေတယ်ဆိုပါတယ်။ တဘက်မှာလည်း မြန်မာ့ ပဋိပက္ခအပေါ် တရုတ်ရဲ့ သဘောထားကို ဦးသန်းစိုးနိုင်က အခုလို သုံးသပ်ပါတယ်။

“မြန်မာပြည်ထဲမှာ ဖြစ်နေတဲ့ စစ်ကောင်စီနဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေ ဘယ်သူက အနိုင်ရမလဲဆိုတဲ့ ကိစ္စအပေါ်မှာ တရုတ်က ထိုင်စောင့်ကြည့်နေမှာပါ။ ဗမာပြည်မှာ ဘယ်သူတက်လာလာ ဘယ်အင်အားစု အာဏာရရ၊ အဲဒီ အာဏာရတဲ့အင်အားစုနဲ့ သူကတော့ သူ့အစီအစဥ်ကို သူ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ဥပမာ ပုံခိုင်းပြောရရင် ကျွဲနှစ်ကောင်ခတ်နေတာကို ကျားက တောင်ပေါ်ကနေ ထိုင်ကြည့်နေတယ်။ ဒါပါပဲ။ အဲ့တော့ ဘယ်အင်အားစုနိုင်နိုင်၊ သူကတော့ နိုင်တဲ့ အင်အားစုနဲ့ ပူးပေါင်းမှာပဲ။”

ဒါပေမယ့် တရုတ်အစိုးရအနေနဲ့ နိုင်ငံတကာဆက်ဆံရေး ရပ်တည်ချက်အရ ပဋိပက္ခတွေမှာ ဘက်လိုက်တာမျိုးကို လူသိရှင်ကြား သိသိသာသာ ထုတ်ဖော်ပြသမှာမဟုတ်ဘဲ နယ်စပ်ဒေသနဲ့ အိမ်နီးချင်း နိုင်ငံတွေအတွင်းမှာ ပဋိပက္ခတွေ စေ့စပ်ဖြေရှင်းဖို့ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေး ဖြေရှင်းကြဖို့ လိုလားကြောင်းကိုတော့ မကြာခဏ ထုတ်ပြန်တာ၊ ဆွေးနွေးပွဲဖြစ်ရေး ကြိုးပမ်းတာတွေ ဆက်လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

တဘက်မှာလည်း မြန်မာ့အရေးပြဿနာမှာ ပြင်ပကစွက်ဖက်တာတွေကို တရုတ်က လိုလားဖွယ်မရှိဘူးလို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။

“အဲဒီပြဿနာတွေနဲ့ ပတ်သက်ပြီး စဥ်းစားတဲ့နေရာမှာ အနောက်တိုင်းဒီမိုကရေစီ အင်အားစုတွေရဲ့ ပါဝင်စွက်ဖက်မှုမရှိအောင်တော့ သူက ဆက်လက်ပြီးတော့ အသွင် သဏ္ဌာန် အမျိုးမျိုးနဲ့ တားဆီးသွားလိမ့်မယ်လို့ ကျနော်ကတော့ ရှုမြင်ပါတယ်။”

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG