သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အိန္ဒိယရပ်တည်ချက် (သုတေသီတဦး အမြင်)


မြန်မာနိုင်ငံတဝန်း ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာ လကုန် လောက်ကစလို့ တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်လာနေ
မြန်မာနိုင်ငံတဝန်း ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာ လကုန် လောက်ကစလို့ တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်လာနေ

လက်နက်ကိုင် အင်အားစုတွေရဲ့ ထိုးစစ်တွေကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ အခြေအနေဟာ ယိမ်းယိုင်လာပေမယ့် အိမ်နီးချင်း အင်အားကြီး အိန္ဒိယကတော့ နေပြည်တော်က စစ်ကောင်စီ အပေါ်ပဲ ဆက်လက် ထောက်ခံပေးနေဦးမယ့် အနေအထား ရှိတယ်လို့ အိန္ဒိယရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို အထူးပြုလေ့လာနေသူ တဦးက သုံးသပ်လိုက်ပါတယ်။ မြန်မာနိုင်ငံလို ပဋိပက္ခတွေ ဖြစ်နေတဲ့ အိမ်နီးချင်း တိုင်းပြည်တွေအပေါ် အိန္ဒိယရဲ့ ရှုမြင်ပုံနဲ့ ပတ်သက်ပြီး ဝါရှင်တန် အခြေစိုက် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) က နိုဝင်ဘာ ၃၀ ရက်နေ့က လုပ်ခဲ့တဲ့ အွန်လိုင်း ဆွေးနွေးပွဲ သုံးသပ်ချက်တွေကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ မျက်မှောက် အခြေအနေက လမ်းဆုံလမ်းခွကိုရောက်နေပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင် အင်အားစုတွေရဲ့ အရှိန်က ၁၉၈၈ လူထုအရေးတော်ပုံ အပါအဝင် အရင်က မကြုံဖူးတဲ့ အနေအထားနဲ့ အမြင့်ဆုံး ရောက်နေတယ်လို့ လန်ဒန်တက္ကသိုလ် အာရှ အာဖရိကလေ့လာရေးကျောင်း (SOAS) က နိုင်ငံတကာဆက်ဆံရေး လေ့လာသူ Dr. Avinash Paliwal က ရှုမြင်ပါတယ်။ ဒီလိုမျိုး အရှိန်ကို မြန်မာ့ လွတ်လပ်ရေး ခေတ်ဦး ၁၉၄၉ ခုနှစ်မှာ နောက်ဆုံး တွေ့မြင်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

“အဲတုန်းက တကြိမ်ပဲ ကိုလိုနီခေတ်လွန် မြန်မာနိုင်ငံမှာ အခုလိုမျိုး ပြင်းထန်တဲ့ ခြိမ်းခြောက်မှုမျိုး ဖြစ်ခဲ့တာပါ။ ဒါပေမယ့် သတိပြုရမှာက အိန္ဒိယက တည်ငြိမ်ရေးနဲ့ ပတ်သက်ပြီး သတိကြီးကြီးထားတယ်လို့ ဘယ်လိုပဲ ပြောပြော၊ အဲဒီအချိန်က အုပ်ချုပ်တဲ့ ဦးနုအစိုးရကို အိန္ဒိယက လက်နက်အကူအညီပေးခဲ့ပါတယ်။ အဲ့တုန်းက မြန်မာပြည် ရပ်တည်နိုင်ခဲ့တာ အိန္ဒိယရဲ့ အထောက်အပံ့ကြောင့်လည်း ပါ ပါတယ်။ ဒါပေမယ့် အိန္ဒိယဟာ အဲဒီနောက်ပိုင်း ဆယ်စုနှစ်တွေချီကြာချိန်မှာတော့ အဲဒီဂုဏ်ကို ဆုံးရှုံးခဲ့ရပါတယ်။”

မြန်မာနိုင်ငံ အလယ်ပိုင်း၊ အောက်ပိုင်းနဲ့ ရန်ကုန်၊ နေပြည်တော် တို့လို မြို့တွေမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အထိုက်အလျောက် နိုင်ငံရေး၊ စီးပွားရေး လူမှုရေး လွတ်လပ်မှု ရခဲ့တဲ့ မျိုးဆက်က အာဏာသိမ်းတာကို လုံးဝ လက်မခံနိုင်တာဟာ အခုမြင်တွေ့နေရတဲ့ ပြင်းထန်တဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေရဲ့ အဓိက အကြောင်းလို့ ဒေါက်တာ Paliwal က သုံးသပ်ပါတယ်။ ဒါပေမယ့် အိန္ဒိယရဲ့ စဥ်းစားပုံကတော့ ရှေးရိုးအတိုင်းပဲ ဖြစ်ဖွယ်ရှိပြီး လက်နက်ကိုင် ပဋိပက္ခတွေကသာ မတည်မငြိမ် ဖြစ်စေပြီး၊ စစ်အာဏာသိမ်းမှုကြောင့် မဟုတ်ဘူးလို့ အိန္ဒိယက ရှုမြင်ဖွယ်ရှိကြောင်း သူက ယူဆပါတယ်။

“မူဝါဒချမှတ်သူတွေဟာ မတည် မငြိမ် ဖြစ်နေတာကို ထည့်သွင်းစဥ်းစာမှာ ဖြစ်ပေမယ့် ဒါက ၂၀၂၁ ခုနှစ်တုန်းက အာဏာသိမ်းမှုကြောင့်လို့ ယူဆမှာ မဟုတ်ပါဘူး။ ဒါက လေ့လာသူအများစုရဲ့ ရှုမြင်ပုံ၊ တခြား သူတွေရဲ့ အမြင်နဲ့ အဓိက ကွာခြားနေတာပါ။ မြန်မာနိုင်ငံ တည်ငြိမ်ဖို့ တခုတည်းသော အကြောင်းအရင်းနဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ အစိတ်အပိုင်း အဖြစ် နေပြည်တော်နဲ့ စစ်အာဏာရှင်တွေပဲဖြစ်နိုင်တယ်လို အိန္ဒိယအစိုးရအနေနဲ့ ခံယူထားမှာပါ။”

Dr. Avinash Paliwal၊ လန်ဒန်တက္ကသိုလ် အာရှ အာဖရိကလေ့လာရေးကျောင်း (SOAS)
Dr. Avinash Paliwal၊ လန်ဒန်တက္ကသိုလ် အာရှ အာဖရိကလေ့လာရေးကျောင်း (SOAS)

နောက်ထပ် အင်အားကြီး အိမ်နီးချင်း ဖြစ်တဲ့ တရုတ်နိုင်ငံလို မြောက်ပိုင်း တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေရဲ့ ထိုးစစ်ကို ထောက်ခံသလို ပုံစံ ပြသတာမျိုးလည်း အိန္ဒိယက လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“အိန္ဒိယအနေနဲ့ မြန်မာပြည်က မတူညီတဲ့ အင်အားစုတွေနဲ့ ဖြန့်ကျက် ဆက်ဆံရေးကို အဓိပ္ပယ်ရှိရှိနဲ့ တိုးမြှင့်မယ့် အစား နောင်လာမယ့် ၆ လ ကနေ ၁ နှစ် အတွင်းမှာ အာဏာသိမ်း စစ်တပ်ကို ထောက်ခံမှု နှစ်ဆတိုးပေးလာမယ် ဆိုရင်လည်း ကျနော့် အနေနဲ့ မအံ့သြပါဘူး။”

အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် တော်လှန်ရေး အင်အားစုတွေက လတ်တလောမှာ ပို ထိန်းချုပ်ထားနိုင်တာက အိန္ဒိယရဲ့ မူဝါဒကို ပြောင်းလဲလာစေမလား ဆိုတဲ မေးခွန်းကိုတော့ ဒေါက်တာ Paliwal က "ချက်ချင်းတော့ ပြောင်းမှာ မဟုတ်ဘူး" လို့ ဖြေပါတယ်။ သူက အာဖဂန်နစ္စတန်နိုင်ငံရဲ့ ၂၀၂၁ ခုနှစ် ဖြစ်စဥ်နဲ့ နှိုင်းယှဥ် ဥပမာ ပေးပါတယ်။ တာလီဘန်တွေ ကာဘူးလ်ကို သိမ်းဖို့ ချီတက်လာတဲ့ နောက်ဆုံးနေ့ အထိ အိန္ဒိယက အရင် အာဖဂန် အစိုးရကိုပဲ ထောက်ခံပေးခဲ့ပြီး တာလီဘန်တွေ သိမ်းပြီး ၉ လ ကြာမှ ကာဘူးလ်မှာ သံရုံးပြန်ဖွင့်ခဲ့တာကို ထောက်ပြပါတယ်။

“အာဏာသိမ်း စစ်တပ်ကို လုံးလုံး ဖြုတ်ချတာမျိုး မလုပ်နိုင် မချင်း အိန္ဒိယက သူ့မူဝါဒကို ကြိုပြီးအလှည့်အပြောင်း လုပ်မှာ မဟုတ်ပါဘူး။ စစ်မြေပြင်မှာ အပြောင်းအလဲ တွေ ဖြစ်နေတာကို တွေ့နေရတယ်၊ ဒါပေမယ့် ဒါက ဘာမဆို ဖြစ်နိုင်တဲ့၊ အပြောင်းအလဲ မြန်တဲ့ စစ်မြေပြင် အဖြစ် မြင်နေတုန်းပါပဲ။ စစ်အစိုးရရဲ့ ထိုးစစ်တွေ အောင်မြင်ဖို့ ဗျူဟာမြောက် အကန့်အသတ်တွေ ရှိနေပေမယ့် သူတို့က စဥ်စားနေတုန်းပါပဲ။ စစ်အာဏာရှင် ပြိုလဲမယ်ဆိုတဲ့ အပေါ် အိန္ဒိယက လုံးလုံးလျားလျား လောင်းကြေးထပ်လိမ့်မယ်လို့တော့ မထင်ပါဘူး။”

လက်ရှိမှာလည်း အိန္ဒိယ နယ်စပ် လမ်းကြောင်းတချို့ကို စစ်ကောင်စီဘက်က ထိန်းထားနိုင်ဆဲ ဖြစ်တာကိုလည်း သူက ထောက်ပြပါတယ်။ တဖက်မှာလည်း နယ်စပ်တလျှောက် နယ်မြေစိုးမိုးထားတဲ့ ချင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ဒေသကာကွယ်အဖွဲ့တွေနဲ့ အိန္ဒိယအနေနဲ့ သေချာပေါက် ဆက်ဆံရေး လမ်းကြောင်း ဖွင့်ထားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအခြေအနေက ရှမ်းမြောက်မှာ ညီနောင်သုံးဖွဲ့ရဲ့ ထိုးစစ်တွေကို တရုတ်က ခွင့်ပြုပေးခဲ့တယ် ဆိုပြီး တချို့ ကောက်ချက်ဆွဲတာမျိုးလို ချင်းနဲ့ စစ်ကိုင်း နယ်စပ် တလျှောက်က တော်လှန်ရေးတပ်တွေကို အိန္ဒိယက ထောက်ပံ့မှာမျိုးတော့ ရှိမှာ မဟုတ်ဘူးလို့ သူက သတိပေးပါတယ်။

တရုတ်နိုင်ငံရဲ့ မြန်မာ အပေါ် လွှမ်းမိုးမှုနဲ့ ပတ်သက်ပြီး VOA က မေးမြန်းရာမှာတော့ “အိန္ဒိယ အနေနဲ့ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ လွှမ်းမိုးမှုကို အမြဲ လက်ခံထားတယ်” လို့ ဒေါက်တာ Paliwal က ဖြေပါတယ်။ အိန္ဒိယ အနေနဲ့ သြဇာချိန်ခွန်လျှာကို ညှိဖို့ စစ်တပ် အပြင် အခြား အစုအဖွဲ့တွေနဲ့ အမြဲကြိုးစားပေမယ့် လက်ရှိအနေအထားမှာ အတိုင်းအတာတခုထက် ကျော်ပြီး လုပ်နိုင်တဲ့ စွမ်းရည်မျိုး အိန္ဒိယမှာ မရှိသလို ကျွမ်းကျင်မှုလည်း မရှိကြောင်း သူက သုံးသပ်ပါတယ်။ ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူ အထူး စီးပွားရေးဇုန်လို တရုတ်ရဲ့ စီးပွား စီမံကိန်းတွေနဲ့ အပြိုင် အိန္ဒိယက စစ်တွေ ဆိပ်ကမ်းလို စီမံကိန်းတွေ လုပ်နေပေမယ့် လက်ရှိ အခြေအနေမှာ တရုတ်ရဲ့ လွှမ်းမိုးမှုကို ဖယ်ထားပြီး ကြည့်ရင်ကို အိန္ဒိယ အတွက် အကန့်အသတ်တွေက အများကြီး ရှိနေတယ်လို့ ဒေါက်တာ Paliwal က ထောက်ပြပါတယ်။

တဖက်မှာလည်း မြန်မာ့ အရေးနဲ့ ပတ်သက်လို့ မူဝါဒ ဖော်ဆောင်သူတွေက ချက်ချင်းကြီး အပြောင်းအလဲ လုပ်မှာ မဟုတ်ပေမယ့် စစ်ရေး အခြေအနေတွေကိုတော့ အိန္ဒိယရဲ့ ထောက်လှမ်းရေးနဲ့ ကာကွယ်ရေး အသိုက်အဝန်းက မျက်ခြေမပြတ် စောင့်ကြည့်သုံးသပ်နေကြတယ်လို့ ဒေါက်တာ Paliwalက USIP ဆွေးနွေးပွဲမှာ သုံးသပ်ပါတယ်။

အဓိက တော်လှန်ရေး အင်အားစု တခု ဖြစ်တဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ ဗွီအိုအေနဲ့ အောက်တိုဘာလတုန်းက မေးခဲ့တဲ့ သီးသန့် မေးမြန်းခန်းမှာတော့ နိုင်ငံတကာက၊ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေအနေနဲ့ က “တော်လှန်ရေးနိုင်မှ အားလုံးက ပုံအောလာကြမယ်” လို့ သုံးသပ် ပြောဆိုထားပါတယ်။

မြန်မာ့အရေး အိန္ဒိယရပ်တည်ချက်
please wait

No media source currently available

0:00 0:05:25 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG