သုံးရလွယ်ကူစေသည့် Link များ

မြန်မာစစ်တပ်ကိုလက်နက်ရောင်းချမှုစွပ်စွဲချက် မှန်မှန်ကန်ကန်အရေးယူဖို့ အင်ဒိုကို NUG တိုက်တွန်း 


အမျိုးသားညီညွတ်ရေး အစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်း (Zoom Screenshot/VOA)
အမျိုးသားညီညွတ်ရေး အစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်း (Zoom Screenshot/VOA)

အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတော်ပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေက မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတယ်ဆိုတဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ အင်ဒိုနီးရှားအစိုးရအနေနဲ့ မှန်မှန်ကန်ကန် အရေးယူ ဆောင်ရွက်ဖို့ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက တောင်းဆိုလိုက်ပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေတွေကိုချိုးဖောက်ပြီး မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချနေတယ်လို့ မြန်မာ့အရေးလှုပ်ရှားသူတွေက Justice for Myanmar ရဲ့ သုတေသနကို အခြေခံပြီး အင်ဒိုနီးရှား လူ့အခွင့်အရေးကော်မရှင်ကို အောက်တိုဘာ (၂) ရက်နေ့က တိုင်ကြားထားတာပါ။ တိုင်ကြားချက်နဲ့ ပတ်သက်လို့ အင်ဒိုနီးရှား အစိုးရဘက်ကတော့ ၂၀၂၁ ဖေဖော်ဝါရီ နောက်ပိုင်း မြန်မာစစ်တပ်ကို လက်နက် ရောင်းချတာမရှိဘူးလို့ ဗွီအိုအေ အင်ဒိုနီးရှားဌာနကို တုံ့ပြန်ထားပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်မရသေးပါဘူး။ အင်ဒိုနီးရှားအပါအဝင် နိုင်ငံတကာက မြန်မာစစ်တပ်ကို လက်နက်ရောင်းချခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ တုံ့ပြန်ချက်ကိုသိရဖို့ ကိုငြိမ်းချမ်းအေးက ဝန်ကြီး ဦးအောင်မျိုးမင်းကို အွန်လိုင်းကတဆင့် ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးအောင်မျိုးမင်း (လူ့အခွင့်အရေး ဝန်ကြီး၊ NUG)။ ။ ပထမဆုံးကတော့ စွပ်စွဲချက် ဖြစ်ပါတယ်။ ဆိုတော့ စွပ်စွဲချက် မှန်၊ မမှန် သက်ဆိုင်ရာအစိုးရအနေနဲ့ မှန်မှန်ကန်ကန် စုံစမ်းဖော်ထုတ်ပြီးတော့ အ‌ရေးယူ ဆောင်ရွက်ဖို့အတွက် လိုအပ်ပါတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်အင်အားတွေအသုံးပြုပြီးတော့ ပြည်သူတွေ သတ်ဖြတ်မှုတွေ အများကြီး ရှိတယ်။ အင်ဒိုနီးရှားအစိုးရလို ဒီမိုကရေစီအရေးနဲ့ မြန်မာနိုင်ငံရဲ့အရေးကို စိတ်ဝင်စားစွာဖြင့် တကယ် ဒီမိုကရေစီရရှိဖို့ လုပ်ဆောင်‌နေတဲ့ အစိုးရတရပ်အနေနဲ့တော့ ဒီလိုမျိုး စွပ်စွဲမှုတွေကို သေသေချာချာ စုံစမ်းစစ်ဆေးပြီးတော့ လိုအပ်သလို အရေးယူဆောင်ရွက်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်။

အမှန်တကယ်တော့ အင်ဒိုနီးရှားနိုင်ငံမှ မဟုတ်ပါဘူး။ ကမ္ဘာမှာရှိတဲ့ ဘယ်နိုင်ငံမဆို မြန်မာနိုင်ငံအပေါ်မှာ အကြမ်းဖက်စစ်အုပ်စုကို လက်နက်အင်အား၊ နည်းပညာ အထူးသဖြင့် လေယာဥ်ဆီနဲ့ ဒီတိုက်ခိုက်ရေးနဲ့ပတ်သက်တဲ့ အထောက်အပံ့တွေ လုံးဝမပေးဖို့ တိုက်တွန်း တောင်းဆိုထားတာ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုကြောင့် ကျောင်းတွေ၊ ဆေးရုံတွေထိခိုက်နေတာ၊ ကလေးတွေ သေဆုံးနေတာ အားလုံး မျက်မြင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ လက်နက်တင်ပို့ရောင်းချခြင်းက အကြမ်းဖက် စစ်အုပ်စုရဲ့ လူသားမဆန်တဲ့ ရာဇဝတ်မှုတွေကျူးလွန်ဖို့ အားပေးနေတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ဒါ‌ကြောင့်မလို့ ကျနော်တို့တောင်းဆိုနေတာ ဖြစ်ပါတယ်။ လက်နက်တွေ တင်ပို့ရောင်းချလေလေ၊ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပြည်သူကို ပိုမို သတ်ဖြတ်ဖို့ အင်အားတွေ ပိုပြီးတော့ ရှိလေလေ ဖြစ်တယ်။ အဲ့တော့ အဓိက ကတော့ ပြည်သူလူထု အထူးသဖြင့် အမျိုးသမီး၊ လူငယ်နဲ့ ကလေးတွေရဲ့ အသက်အန္တရာယ်တွေကို ထိခိုက်အောင်လုပ်ဆောင်မယ့် ရာဇဝတ်မှုမှာ သွားပြီးတော့ ပတ်သက်နေတယ်ဆိုတာ အားလုံးသတိပြုဖို့ လိုအပ်ပါတယ်ဗျာ။

ငြိမ်းချမ်းအေး (VOA)။ ။ ဗွီအိုအေ အင်ဒိုနီးရှားဌာနကနေ အင်ဒိုနီးရှားအစိုးရကို ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်တောင်းရာမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ရောင်းချတာမျိုး မရှိဘူးလို့ ငြင်းဆိုပါတယ်။ တိုင်ကြားတဲ့လူတွေကတော့ ၂၀၂၁ နောက်ပိုင်း အပါအဝင် လွန်ခဲ့တဲ့ (၁၀) နှစ် တွေမှာ ရောင်းချတာတွေ ရှိတယ်ပေါ့၊ အဲဒီမှာ အထင်ကရအဖြစ်အပျက်တွေဆိုရင် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ ကာလတွေမှာလည်း လက်နက်ရောင်းချတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တဲ့အနေအထားမျိုး ဖြစ်နေတော့
အင်ဒိုနီးရှားအနေနဲ့ ကမ္ဘာ့ အကြီးဆုံး မွတ်ဆလင်နိုင်ငံဖြစ်နေတယ်။ အရှေ့တောင် အာရှရဲ့ ဦးဆောင် ဒီမိုကရေစီ နိုင်ငံလည်းဖြစ်နေတဲ့ အနေအထားမှာ အဲ့ကာလတွေမှာ ဒီလိုမျိုး ရောင်းချခဲ့တာမျိုးကို အရင်တုန်းက လူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့ တောင်းဆိုခဲ့ဖူးတာ ရှိလား။ အဲဒီ ကာလ အပိုင်းအခြားပေါ် ဘယ်လို သုံးသပ်ပါသလဲ ခင်ဗျာ။

ဦးအောင်မျိုးမင်း (လူ့အခွင့်အရေး ဝန်ကြီး၊ NUG)။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ အစိုးရတွေ ပြောင်းသွားပေမယ့် စစ်အာဏာရှင်စနစ်က မပြောင်းခဲ့ပါဘူး။ ၁၉၈၈ ကနေ အခု အချိန်အထိ အမြဲတမ်း စစ်တပ်က အာဏာချုပ်ကိုင်ဖို့၊ ဒါမှမဟုတ် အာဏာရဲ့နောက်ကွယ်ကနေ ကြိုးကိုင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ အစဥ်အဆက်မှာလည်း ဒီမိုကရေစီ အင်အားစုတွေ၊ လူနည်းစုတွေအပေါ်မှာ အကြမ်းဖက်ပြီးတော့ ကျူးလွန်ခဲ့တာ ရှိပါတယ်။ ဒါကြောင့်မလို့ မြန်မာနိုင်ငံလို နာမည်ဆိုးတွေနဲ့ ကျော်ကြားနေတဲ့ စစ်တပ်ကို အားပေးမှုတွေမရှိဖို့ အတွက်၊ လက်နက်တင်ပို့ရောင်းချမှုတွေ မလုပ်ဆောင်ဖို့ ဒါတွေကို ၁၉၈၈ ခုနှစ်ကတည်းက တောင်းဆိုခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သမိုင်းတလျှောက်မှာ ဒီလို သတ်ဖြတ်မှုတွေ ရှိခဲ့တာပါ။ ရိုဟင်ဂျာမှ မဟုတ်ပါဘူး။ ကရင်၊ ကရင်နီ၊ မွန် စတဲ့ တိုင်းရင်းသားတွေ အပေါ်မှာ နယ်စပ်တလျှောက် သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အရပ်သား အစိုးရတက်လာတဲ့ နောက်ပိုင်းမှာတော့ ဒီကိစ္စတွေမှာ လျှော့ပေါ့မှုတွေ ဖြစ်လာတယ်။ သတိထားရမယ့်အစား၊ သတိမထားဘဲနဲ့ အလျင်စလို ရောင်းချမှုတွေ ရှိခဲ့တယ်လို့ ကျနော်တို့လည်း ကြားရပါတယ်။ အမှန်တော့ မြန်မာနိုင်ငံလို အစိုးရသာ ပြောင်းသွားပေမယ့် အကြမ်းဖက်စစ်တပ်ရဲ့ အာဏာထိန်းချုပ်မှု၊ အာဏာ ကြိုးကိုင်မှုတွေ ရှိနေတဲ့ကာလမှာ ကိုယ့်ရဲ့လက်နက်ရောင်းချမှုက ဒီလို စစ်တပ်ရဲ့ ရာဇဝတ်မှုတွေ ကျူးလွန်မှုတွေမရှိဖို့ အထူးသတိထားဖို့ လိုအပ်ပါတယ်။

အခုချိန်ဆိုရင် Business and Human Rights ဆိုတဲ့ Concept က ရေပန်းစားလာပါတယ်။ စီးပွားရေးလုပ်သည့်တိုင်အောင် ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတဲ့အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ ဒါ‌တွေကို အကျိုး သွားပြီးပြုတဲ့ဟာမျိုး မဖြစ်ဖို့အတွက် စီးပွားရေး လုပ်တိုင်း လုပ်တိုင်း၊ 'လူ့အခွင့်အရေး' ဆိုတဲ့ ရှုထောင့်က ကြည့်ရမယ်ဆိုတဲ့ အယူအဆရှိလာပါတယ်။ အခုလိုမျိုး လက်နက်တင်ပို့ရောင်းချမှုက ပိုဆိုးတာပေါ့ဗျာ၊ ကိုယ့်ရဲ့ တင်ပို့ရောင်းချတဲ့ လက်နက်တွေက လူ့အခွင့်အရေး ချိုးဖောက်ရုံမကဘဲနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ နာမည်ဆိုးတွေ ရှိနေတဲ့ နိုင်ငံရဲ့ စစ်တပ်ကို ရောင်းချမယ်ဆိုရင် ပိုပြီးတော့ သတိထားသင့်ပါတယ်။ စီးပွားရေး Ethics (ကျင့်ဝတ်) ဆိုတဲ့ စီးပွားရေးရဲ့ မူဝါဒတွေကျင့်သုံးတဲ့အခါမှာ လူ့အခွင့်အရေးဆိုတဲ့ Human Rights Ethics (ကျင့်ဝတ်) တွေကိုလည်း ထည့်သွင်းစဥ်းစားဖို့ အထူး အရေးကြီးပါတယ်။

ငြိမ်းချမ်းအေး (VOA)။ ။ လူ့အခွင့်အရေးဝန်ကြီး ဌာနအနေနဲ့ အထူးသဖြင့် အရှေ့တောင်အာရှ အာဆီယံ အသိုင်းအဝန်းနိုင်ငံတွေကို ဘယ်လိုထိတွေ့ပြီးတော့ ဒီလိုမျိုး လက်နက်ကိစ္စ၊ စစ်တပ် အပေါ် လက်နက် ပိတ်ဆို့နိုင်ရေး တောင်းဆိုတာမျိုး၊ ထိတွေ့ဆက်ဆံတာမျိုး ရှိပါသလား ခင်ဗျာ။

ဦးအောင်မျိုးမင်း (လူ့အခွင့်အရေး ဝန်ကြီး၊ NUG)။ ။ ကျနော်တို့ကတော့ အာဆီယံ၊ အနောက်နိုင်ငံ စသဖြင့် မခွဲခြားပါဘူး။ ဘယ်နိုင်ငံမဆို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံတွေဖြစ်ဖို့ အစဥ်အဆက် တိုက်တွန်းပါတယ်။ တချိန်တည်းမှာ အကြမ်းဖက် ရာဇဝတ်မှုတွေကို ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို လက်နက်တင်ပို့ ‌ရေားချခြင်း လုံးဝ မလုပ်ဖို့အတွက် တကမ္ဘာလုံး လှုပ်ရှားမှု Global Action လို့ခေါ်တဲ့ နိုင်ငံအားလုံး ကနေ စုစုစည်းစည်းနဲ့ လုပ်ဆောင်ဖို့ အတွက် စဥ်ဆက်မပြတ် တောင်းဆိုလျက်ရှိပါတယ်။ လက်နက်တင်ပို့ရောင်းချတာတင်မကဘဲနဲ့ အကြမ်းဖက် စစ်အုပ်စုကို ငွေကြေးပိုင်းအရ၊ ဘဏ္ဍာရေးပိုင်းအရ အထောက်အကူ ဖြစ်နိုင်မယ့် စီးပွားရေးလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ သူတို့ရဲ့ ပတ်သက်နေတဲ့ ဒီကြားခံတဆင့် လုပ်ဆောင်နေတဲ့ ခရိုနီတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေကို စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ အတွက် အစဥ်အဆက် တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကြမ်းဖက် စစ်အုပ်စုမှာ ဘဏ္ဍာငွေ ဒေါ်လာ တဒေါ်လာ ရတာ ဖြစ်ဖြစ်၊ သေနတ်တလက် ထောက်ပံ့တာ၊ ရရှိသွားတာပဲ ဖြစ်ဖြစ် အဲ့ဒါတွေက ပြည်သူအတွက် မလုံခြုံမှုကို မဖြစ်စေဘဲနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် အန္တရာယ်ကို ဖြစ်အောင် ဖန်တီးပေးနေတဲ့ အကြောင်းအရာတွေပဲ ဖြစ်လို့ပါ။

ငြိမ်းချမ်းအေး (VOA)။ ။ ဒါမျိုး နောက်နောင် အလားတူတွေ မဖြစ်နိုင်အောင် ဆိုရင်၊ ခုနပြောသွားတဲ့ အထဲမှာတော့ တချို့ ပါပါတယ်။ Business (စီးပွားရေး) လုပ်ရာမှာ ဒီ လူ့အခွင့်အရေး ရှုထောင့်ကနေ ဘယ်လို ကြည့်သင့်လဲ။ ဘယ်လို အကြံပြုချင်ပါသလဲ ခင်ဗျာ။

ဦးအောင်မျိုးမင်း (လူ့အခွင့်အရေး ဝန်ကြီး၊ NUG)။ ။ ကျနော်တို့ စီးပွားရေး လုပ်ငန်း လုပ်ဆောင်တော့မယ်၊ ရင်းနှီးမြှုပ်နှံမှု လုပ်တိုင်း လုပ်တိုင်း လူ့အခွင့်အရေး Barometer လို့ခေါ်တဲ့ တိုင်းတာမှုတွေ ရှိဖို့ လိုအပ်ပါတယ်။ ကိုယ်နဲ့ ဆက်ဆံမယ့် အစိုးရပဲ ဖြစ်ဖြစ်၊ စစ်တပ်ပဲ ဖြစ်ဖြစ်၊ ပွင့်ပွင့်လင်းလင်း ပြောမယ် ဆိုရင် အကျိုးစီးပွားတူ လုပ်ဆောင်မယ့်ကုမ္ပဏီတွေက ဖြစ်ဖြစ်၊ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ချိုးဖောက်မှု မှတ်တမ်း ရှိလား၊ မရှိလား ဒါကို ကြည့်ဖို့လိုအပ်ပါတယ်။ အရေးကြီးတာက အကျိုးအမြတ်ထက် ဂုဏ်သိက္ခာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မှတ်တမ်းတွေ ရှိနေတယ်၊ လူ့အခွင့်အ‌ရေး ချိုးဖောက်ပါတယ်လို့ စွပ်စွဲခံရတဲ့ နိုင်ငံတွေ၊ အစိုးရတွေ၊ စစ်တပ်တွေ၊ အဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်မှုတွေ ရှိမယ်ဆိုရင် ဒါကို ကိုယ့်ရဲ့ လောဘထက် ကိုယ့်ရဲ့ သမာဓိ၊ သိက္ခာကို ကြည့်ပြီးတော့ ဒါကို မလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါတွေ လုပ်ဆောင်ဖို့ အာသီသရှိတယ်ဆိုရင်တော့ လေ့လာမှု မဖြစ်မနေ လိုအပ်ပါတယ်။ ကုမ္ပဏီရဲ့ အကျိုးအမြတ် ဘယ်လောက်ဆိုတာတင်ပဲ စဥ်းစားတာမကဘဲနဲ့ လူ့အခွင့်အရေး အခြေအနေ၊ တခြား ဒီကိစ္စနဲ့ ပတ်သက်လို့ တင်ပြ ပြောဆိုနေတဲ့ လှုပ်ရှားသူတွေရဲ့ အသံ၊ သူတို့နဲ့ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံ ပြည်သူရဲ့ အသံကို မဖြစ်မနေ ထည့်သွင်းစဥ်းစားဖို့ လိုအပ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းမရှိတဲ့ အခြေအနေမျိုးမှာတောင် ကိုယ်နဲ့ ဒီလို အကျိုးစီးပွား အတူ လုပ်ဆောင်တဲ့ အခါမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မဖြစ်လာဖို့ အတွက် နောက်ထပ် ချိုးဖောက်မှုတွေ မပေါ်ပေါက်ဖို့ အတွက် အမြဲတမ်း စောင့်ကြည့်လေ့လာတဲ့၊ အမြဲတမ်း အကဲဖြတ်နေတဲ့၊ တိုင်ကြးမှုတွေကို အလွယ်တကူ လက်ခံနိုင်တဲ့ ယန္တရားတွေ တည်ဆောက်ပြီးမှ လုပ်ဆောင်ဖို့ အတွက် အလေးအနက်ထား တိုက်တွန်းလိုပါတယ်။

ငြိမ်းချမ်းအေး (VOA)။ ။ အထူးသဖြင့်တော့ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းကာလပေါ့၊ ဆရာတို့ဘက်က ကုမ္ပဏီတွေကို စာရင်းပြုစုပြီး ထုတ်ပြန်တာမျိုး၊ စောင့်ကြည့်တာမျိုး ရှိပါသလား ခင်ဗျာ။ နိုင်ငံတကာ ကုမ္ပဏီတွေရော ဒါမျိုးကို တကယ် လက်တွေ့ကျကျ လုပ်ဆောင်နေတယ်လို့ ယူဆပါသလား။

ဦးအောင်မျိုးမင်း (လူ့အခွင့်အရေး ဝန်ကြီး၊ NUG)။ ။ ကျနော်တို့ရဲ့ စီးပွားရေး ပိတ်ဆို့မှု တောင်းဆိုချက်တွေကို လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေနဲ့ ပြန်လည်ပြီး ထွက်ခွာသွားတဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိပါတယ်။ အထူးသဖြင့်ကတော့ စီးပွားရေးနဲ့ လူ့အခွင့်အရေး အမြဲတမ်း ချိန်ထိုးပြီးတော့ လေ့လာတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒါတွေက ကျနော် ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါမျိုး လူ့အခွင့်အရေး ချိုးဖောက် နေတဲ့ နိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တဲ့သူတွေကို အားပေးအားမြှောက်ခြင်း ဘယ်လိုမှ မလုပ်သင့်ပါဘူး။ ကျန်ရှိနေသေးတဲ့ နိုင်ငံတွေ အနေနဲ့လည်း၊ စီးပွား‌ရေး ကုမ္ပဏီတွေ အနေနဲ့လည်း ဒါတွေ လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မျိုးစုံ၊ ရာဇဝတ်မှု ချိုးဖောက် ကျူးလွန်မှု မျိုးစုံကို တကမ္ဘာလုံးသိဖို့အတွက် အချိန်နဲ့ တပြေးညီ အစီရင်ခံစာတွေထုတ်ပြန်တာ၊ အစိုးရတွေနဲ့တွေ့ဆုံတဲ့အချိန်မှာ တိုက်တွန်းပြောဆိုမှုတွေကို အမြဲတမ်း လုပ်ဆောင်နေလျက်ရှိပါတယ်။

XS
SM
MD
LG