သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဖြေရှင်းဖို့ အစုအဖွဲ့အားလုံးရဲ့ နိုင်ငံရေးဆန္ဒလိုအပ် − အင်ဒိုနီးရှားသမ္မတ  


အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို
အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ သက်ဆိုင်ရာ အစုအဖွဲ့အားလုံးက နိုင်ငံရေး စိတ်ဆန္ဒအပြည်နဲ့ ဖြေရှင်းဖို့ လိုအပ်တယ်လို့ အင်ဒိုနီးရှား သမ္မတ Joko Widodo က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေအနေက စိန်ခေါ်မှုတွေ ပြည့်နှက်နေဆဲပဲ ဆိုတာကို ကျနော်တို့ သိထားပြီးသားပါ။ ဒီအခြေအနေတွေကို ဖြေရှင်းနိုင်ဖို့မှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးက နိုင်ငံရေး စိတ်ဆန္ဒရှိဖို့ လိုအပ်တယ် ဆိုတာကိုလည်း နားလည် လက်ခံရပါလိမ့်မယ်။” လို့ ဒီကနေ့ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အာဆီယံရဲ့ ၅၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ Joko Widodo က ပြောဆိုသွားပါတယ်။

အာဆီယံကို ဖွဲ့စည်းတည်ထောင်ခဲ့တာ ဒီကနေ့ ၅၆ နှစ်ပြည့်တဲ့အချိန်မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေ ရှိနေသလို၊ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းဖို့ဆိုတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ချမှတ် လက်တွေ့မှာ အကောင်အထည် ဖော်နိုင်ခြင်း မရှိတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ မြန်မာ့အရေးဟာ ခုချိန်မှာ အာဆီယံအတွက် အကျပ်အတည်းတခု ဖြစ်နေသလို၊ အဖွဲ့ဝင်နိုင်ငံတွေ ညီညီညွတ်ညွတ် ဝိုင်းဝန်း အဖြေရှာဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားက တိုက်တွန်းနေတာပါ။

အာဆီယံဟာ လူတွေ သန်း ရာနဲ့ချီ တင်ဆောင်လာတဲ့ ကြီးမားတဲ့ သင်္ဘောကြီးတစင်းပါပဲ လို့ သမ္မတ Widodo ပြောဆိုပြီး ဒီသင်္ဘောကြီး နစ်မြှုပ်မသွားရအောင်နဲ့ ရှေ့ဆက် အောင်အောင်မြင်မြင် ခရီးဆက်နိုင်အောင် အဖွဲ့ဝင်နိုင်ငံတွေမှာ တာဝန်ရှိကြောင်းနဲ့ အားလုံး အတူတကွ လက်တွဲ ကြိုးပမ်း အားထုတ် သွားကြရမှာ ဖြစ်တယ်လို့ ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ မြို့တော်မှာ မြန်မာအပါအဝင် အာဆီယံ နိုင်ငံတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတဲ့ အာဆီယံ ၅၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ ပြောကြားသွားပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ မြန်မာအပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကြား ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ ဆက်လက် အကောင်အထည် ဖော်သွားမယ့်အကြောင်းလည်း သမ္မတ Widodo က ပြောကြားသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ရပ်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ဆိုတဲ့ အချက်တွေ ပါဝင်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာ စစ်ကောင်စီက လိုက်ပါ ဆောင်ရွက်တာ မရှိသေးတဲ့အပေါ်မှာ ဝေဖန်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG