သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေမှာ စစ်ကောင်စီကို လက်မခံဖို့ APHR တိုက်တွန်း


နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ၇၈ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနား (မတ် ၂၇၊ ၂၀၂၃)
နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ၇၈ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနား (မတ် ၂၇၊ ၂၀၂၃)

စစ်ကောင်စီကို အာဆီယံအသင်းရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေမှာ လက်မခံဖို့ အရှေ့တောင်အာရှဒေသက လွှတ်တော်အမတ်တွေက တိုက်တွန်းလိုက်ပါတယ်။ အာဆီယံအသင်းဝင် နိုင်ငံတွေရဲ့ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို လာမယ့် သြဂုတ်လနဲ့ စက်တင်ဘာလထဲ ကျင်းပဖို့ စီစဉ်နေချိန်မှာ အာဆီယံလွှတ်တော်အမတ်တွေရဲ့ ဝေဖန်မှု ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံအသင်းက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမယ့် လိုက်နာဖို့ ပျက်ကွက်နေတဲ့ စစ်ကောင်စီကို ဒေသတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေမှာ လက်ခံတာဟာ အဓိပ္ပါယ်မရှိဘူးလို့လည်း အာဆီယံ လူ့အခွင့်အရေး လွှတ်တော်အမတ်အဖွဲ့ (APHR) ဥက္ကဋ္ဌလည်းဖြစ် အင်ဒိုနီးရှား အောက်လွှတ်တော်အမတ်လည်းဖြစ်တဲ့ Mercy Barends က ကြေညာချက်မှာ ပြောဆိုထားတာပါ။ အထူးသဖြင့် အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေးအတွက် ရည်ရွယ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ စစ်ကောင်စီကို ထည့်သွင်းတာဟာ စိတ်ပျက်စရာ ဖြစ်ရကြောင်းလည်း ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကြပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းနိုင်ဖို့ အာဆီယံအသင်းက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမဲ့ စစ်ကောင်စီက လိုက်နာအကောင်အထည်ဖော်တာ မရှိတာကြောင့် ဒေသတွင်းနဲ့ နိုင်ငံတကာက ဝေဖန်မှုတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG