သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့မြန်မာခရီး အာဆီယံရပ်တည်မှုကိုရှုပ်ထွေးစေ” ကန်သံအမတ်ကြီးဟောင်း Scot Marciel


မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးဟောင်း Scot Marciel၊ ဇန် ၁၁၊ ၂၀၁၈
မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးဟောင်း Scot Marciel၊ ဇန် ၁၁၊ ၂၀၁၈

မကြာသေးခင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ ခရီးစဉ်ဟာ မြန်မာ့ဒီမိုကရေစီအရေးကို ကူညီရာမရောက်တဲ့အကြောင်း မြန်မာနိုင်ငံ ဆိုင်ရာအမေရိကန် သံအမတ်ကြီးဟောင်းလည်းဖြစ် လက်ရှိ အမေရိကန်ပြည်ထောင်စု Stanford တက္ကသိုလ်က သုတေသီ Scot Marciel က VOA ကိုပြောပါတယ်။ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ အသင်းအနေနဲ့ မြန်မာပြည်သူတွေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာပြည်သူတွေကို ပိုပြီး ထောက်ခံမှု ပြသဖို့လိုတယ်လို့လည်း ပြောပါတယ်။ VOA သတင်းထောက် Yuni Salim နဲ့ သံအမတ်ကြီး Scot Marciel တို့ Zoom ကတဆင့် ဆက်သွယ်မေးမြန်းထားတာကို ကိုသိန်းထိုက်ဉီး ကောက်နုတ်တင်ပြ ပါလိမ့်မယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ဟာ အာဆီယံရဲ့ မြန်မာ့အရေးရပ်တည်ချက်ကို ရှုပ်ထွေးအောင်လုပ်တာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးကို ကူညီရာ မရောက်တဲ့အကြောင်း သံအမတ်ကြီး Scot Marciel က VOA နဲ့ ဆက်သွယ်မေးမြန်းရာမှာ ထောက်ပြ ပါတယ်။
"ကျနော့်ကိုယ်တွေ့ အတွေ့အကြုံအရ ထိုင်းနိုင်ငံရဲ့ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်လို့ စိုးရိမ်စရာ အချက် တွေရှိပါတယ်။ တာဝန်ပြီးဆုံးသွားတဲ့ Prayuth အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး Don ဟာ စစ်ကောင်စီနဲ့ အကြီးအကျယ်နီးစပ်တဲ့သူ၊ တလျှောက်လုံး ထောက်ခံခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် မျှမျှတတဝင်ပြီး ဆုံးဖြတ်မယ့်သူ မဟုတ်ပါဘူး။ ဒုတိယတချက်က ဒီအစိုးရ၊ ဒီ ထိုင်းအစိုးရကပဲ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌမဟုတ်ပဲနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်ကို အစည်းဝေးတွေ ဖိတ်ကြားခဲ့တဲ့အစိုးရ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အတွက် စစ်ကောင်စီအကြီးအကဲတွေကို မဖိတ်ကြားဖို့ အာဆီယံရဲ့ ရပ်တည်ချက်နဲ့ ဒွိဟ ဖြစ်နေပါတယ်။ ဒီလို ဖိတ်တဲ့အတွက်စစ်ကောင်စီကို တရားဝင်မှုပေးသလို ဖြစ်တဲ့အတွက် မြန်မာ့အရေး ကူညီရာမရောက်ပါဘူး။ တတိယတချက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don က နောက်ဆုံးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတွေ့ဆုံခွင့်ရခဲ့တယ်လို့ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြောဆိုခွင့်မရှိတဲ့အချိန်မှာ သူ့ကိုယ်စားဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကိုသူပြောဆိုခွင့်မရှိပါဘူး။ ထိုင်းနိုင်ငံခြား ရေးဝန်ကြီး Don ပြောဆိုတာတွေအပေါ် မြန်မာနိုင်ငံတွင်းက လူ တော်တော်များများက သံသယဖြစ်ကြပါတယ်။
မြန်မာနိုင်ငံရေးမှာ ပြည်သူအပေါ် အနိုင်ကျင့်နှိပ်စက်နေပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့၊ အာဏာကို တရားမဝင်ရယူထားတဲ့ စစ်အုပ်စုကတဖက် ပြည်သူတွေက တဖက်ဆိုတာကို မြင်ဖို့လိုတဲ့အကြောင်းနဲ့ အတိုက်အခံအင်အားစုတွေ၊ ပြည်သူတွေအပေါ် တရားဝင်အသိအမှတ်ပြုဖို့ အာဆီယံ အရှေ့တောင် အာရှနိုင်ငံတွေအနေနဲ့ တိုးပြီး လုပ်ဆောင်သင့်တယ်လို့လည်းသူကထောက်ပြပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း Martin Natalegawa တလောက တွေ့ဆုံမေးမြန်းခန်းတခုမှာ အကြံပေးခဲ့သလို၊ NUG ကို အာဆီယံ အစည်းအဝေးတွေမှာ ဖိတ်ကြားသင့်ပါတယ်။ သူတို့က မြန်မာနိုင်ငံ ကို ကိုယ်စားပြုတဲ့နေရာမှာ တရားဝင်တော့ နေရာယူထားတာ မရှိသေးပေမဲ့ ဒီမှာရှိနေပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း ပြောသလိုပဲ စစ်ကောင်စီကိုအစည်းအဝေး မဖိတ်တာက ဒီလောက် မထိရောက်ပါဘူး။ စစ်ကောင်စီဖက်က ကမ္ဘာက သူတို့ကို ဘာထင်ထင် ဂရုမစိုက်လို့ပါ။ ဒါပေမဲ့ NUG နဲ့ တခြားအဖွဲ့တွေ၊ တော်လှန်နေတဲ့ အင်အားစုတွေကို အစည်းအဝေးဖိတ်မယ်၊ လေ့လာသူအနေနဲ့ ဖိတ်မယ်ဆိုရင်တောင်၊ ဒီကိစ္စက အများကြီး ထိရောက်ပါတယ်။ "
စစ်ကောင်စီက ကျင်းပတဲ့ ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာ အာဆီယံအနေနဲ့ ပြတ်ပြတ်သား ပြသဖို့ လိုတဲ့အကြောင်းတွေကို Scot Marciel က ပြောဆိုသွားတာပါ။
အာဆီယံအနေနဲ့ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ မြန်မာအတိုက်အခံ တော်လှန်ရေး အဖွဲ့အစည်းတွေကို လက်နက်ထောက်ပံ့သင့်သလားဆိုတာနဲ့ ပတ်သက်လို့လည်း သူက အခုလို ပြောပါတယ်။
"လက်နက် အထောက်အပံ့ဆိုတာနဲ့ ပတ်သက်လို့ အိမ်နီးချင်းတော်တော်များများက စစ်ကောင်စီကို ထောက်ခံနေတဲ့သူများတော့ ဒါက ပေးပို့ဖို့ သိပ်ကိုခက်ခဲ့ပါတယ်။ ဒုတိယအချက်က အတိုက်အခံတွေ ကို လက်နက်တွေ ထောက်ပံ့မယ်ဆိုရင် တရုတ်နိုင်ငံက စစ်ကောင်စီကို ပေးနေတဲ့ လက်နက်တွေ နှစ်ဆ တိုးပေးတာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒီတော့ NUG ကို ပိုပြီး ကူညီနိုင်တဲ့တခြား နည်းလမ်းတွေ ရှိတယ်လို့ ကျနော်ထင်ပါတယ်။ ငွေကြေးအရပိုပြီး ထောက်ပံ့မယ်။ သူတို့ အသုံးပြုသင့်တယ်လို့ ယုံကြည် တဲ့ ကိစ္စတွေမှာ သုံးနိုင်အောင်နဲ့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေအတွက် သင်တန်းတွေ ပေးနိုင်အောင် ထောက်ပံ့တာမျိုးပါ။ လူသားချင်းစာနာမှု အကူအညီတွေ ပေးတဲ့အခါမှာလည်း စစ်ကောင်စီက တဆင့် မပေးဘဲ သူတို့ဆီက ပေးဖို့လိုပါတယ်။ အမှန်တကယ်လိုအပ်နေတဲ့သူတွေဆီ ပေးနိုင်အောင်အောင်လို့ပါ။ နောက် တိုက်ခိုက်ရေးအတွက်မဟုတ်တဲ့ ဆက်သွယ်ရေး ပစ္စည်‌တွေ အကူအညီအပေးတာမျိုး ဒီလို လုပ်နိုင်တာတွေ အများကြီးရှိပါတယ်။ မကြာသေးခင်ကပဲ Timor-Leste အစိုးရအဖွဲ့က အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲမှဦ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဖိတ်ကြားခဲ့ပါတယ်။ တီမောက အာဆီယံအဖွဲ့ဝင်မဟုတ်ပေမဲ့ ဒါက ကြီးများတဲ့ ခြေလှမ်းတခုပါ။ ဒီလို အသိအမှတ်ပြုတာ တရားဝင်မှုပေးတာတွေ ပိုပြီး လုပ်လာကြဖို့ လိုပါတယ်။
အာဆီယံနိုင်ငံတွေအနေနဲ့ တနိုင်ငံနဲ့ တနိုင်ငံ ကြားဝင်မစွက်ဖက်ရေးမူကို ကျောခိုင်းပြီး စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့တာတွေ လုပ်သင့်သလားဆိုတာနဲ့ ပတ်သက်လို့တော့ အာဆီယံဖက်က အရေးယူမှုတွေ ချမှတ်တာမျိုး လုပ်မှာ မဟုတ်တဲ့အကြောင်း သံအမတ်ကြီ Scot Marciel ကပြောဆိုသွားပါတယ်။
ဒါပေမဲ့လည်း တရားမဝင် အာဏာရယူပြီး ပြည်သူတွေရဲ့ ထောက်ခံမှုလုံးဝမရှိတဲ့ စစ်ကောင်စီနဲ့ အဆင့်မြင့် ထိတွေ့ဆက်ဆံတာ၊ အပြန်အလှန် သွားရောက်လည်ပတ်တာတွေ မလုပ်ဘဲ ဆက်သွယ်ရေးလိုင်း ဖွင့်ထားတဲ့ သဘောမျိုးသာ ဆက်ဆံနေတယ်လို့ မြင်တဲ့အကြောင်း ပြောဆိုပါတယ်။
ပိတ်ဆို့ဒဏ်ခတ်တာမျိုးတွေမလုပ်ပေမဲ့၊ ဆွေးနွေးပြောဆိုတာမျိုးတွေ မလုပ်ပေမဲ့လည်း မြန်မာ့အရေး အကျပ်အတည်းက လွန်မြောက်အောင် နည်းလမ်းရှာဖို့ဆိုရင် ကြားဝင်ကူညီပေးနိုင်မယ့် သတင်းစကား

ပါးပေးနိုင်မယ့် အဆင့်နိမ့်ကိုယ်စားလှယ်တွေအချင်းချင်း ဆက်ဆံရေးမျိုးသာ ထားရှိတယ်လို့ မြင်တဲ့အကြောင်း စစ်ကောင်စီနဲ့ အာဆီယံရဲ့ ဆက်ဆံရေးအပေါ် သံအမတ်ကြီး Scot Marciel က သုံးသပ်ပြောဆိုသွားပါတယ်။

XS
SM
MD
LG