သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ ဆက်ဆံရေးအပေါ် မလေးရှားဝန်ကြီးချုပ် သဘောထား အာဆီယံအမတ်တွေစိုးရိမ်


အာဆီယံအစည်းအဝေးပြင်ဆင်နေမှု (အင်ဒိုနီးရှား၊ ဇူလိုင် ၂၀၂၃)
အာဆီယံအစည်းအဝေးပြင်ဆင်နေမှု (အင်ဒိုနီးရှား၊ ဇူလိုင် ၂၀၂၃)

အရှေ့တောင်အာရှနိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံကို အာဆီယံကိုယ်စားပြုမဟုတ်ဘဲ တနိုင်ငံချင်း အလွတ်သဘော ဆက်ဆံနိုင်တယ်ဆိုတဲ့ မလေးရှားဝန်ကြီးချုပ်ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်းကို အာဆီယံပါလီမန် အမတ်များအဖွဲ့ APHR ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Mercy Barends က ဒီနေ့ပဲ ပြောလိုက်ပါတယ်။

လူ့အခွင့်အရေး ကိစ္စတွေကို ပစ်ပယ်တာမျိုးမဟုတ်ဘဲ စစ်ကောင်စီနဲ့ အာဆီယံနိုင်ငံတွေအကြား အလွတ်သဘော ဆက်ဆံတာမျိုးတာတွေလုပ်ကောင်း လုပ်နိုင်တယ်လို့ မလေးရှား ဝန်ကြီးချုပ် Anwar Ibrahim က ဖိလစ်ပိုင် သမ္မတ Ferdinand Marcos Jr နဲ့ ကွာလမ် လမ်ပူမြို့တော်မှာ တွေ့ဆုံခဲ့ချိန်က ပြောခဲ့တဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး ARPH အဖွဲ့က အခုလို ထုတ်ပြန်လိုက်တာပါ။

မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမယ့် လိုက်နာဖို့ ပျက်ကွက်တာကြောင့် အဆင့်မြင့်အစည်းအဝေးတွေမှာ စစ်ကောင်စီကို ပါဝင်ခွင့်မပြုဖို့ ဆုံးဖြတ်ထားချိန်မှာ အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ ထိုင်းနိုင်ငံက မကြာသေးခင်က အလွတ်သဘော အဆက်အဆံ လုပ်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာပဲ မလေးရှား ဝန်ကြီးချုပ်ရဲ့ မှတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

မလေးရှား ဝန်ကြီးချုပ်ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး ကျေးဇူးတင်ပေမဲ့၊ ထိုင်းနိုင်ငံက စတင်ခဲ့တဲ့ 1.5 Track လို့ခေါ်တဲ့ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ တတ်သိညာရှင်တွေပါတဲ့ မြန်မာ့အရေးဆွေးနွေးပွဲလိုမျိုး စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုတွေက အာဆီယံရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဗဟိုချုပ်ကိုင်မှုတို့ကို ထိခိုက်စေနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မလေးရှားအပါအဝင် ဒီမိုကရေစီကို ဖော်ဆောင်နေတဲ့ အာဆီယံနိုင်ငံအားလုံးအနေနဲ့ မြန်မာစစ်ကောင်စီရဲ့ လှည့်ဖြားမှုတွေကို အရှုံးမပေးဖို့နဲ့ စစ်ကောင်စီ အလိုကျ မူဝါဒတွေကို ပြောင်းလဲတာတွေ မလုပ်ဖို့လည်း တိုက်တွန်းခဲ့တာပါ။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့အတူ စည်းလုံးညီညွတ်ပြီး မြန်မာ့အရေးအတွက် ပိုမိုခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေကို ဆက်လက်တွန်းအားပေး လုပ်ဆောင်သင့်ကြောင်းနဲ့ အာဆီယံ ဥက္ကဋ္ဌရဲ့ လက်ကျန်အချိန်တွေကိုလည်း မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ လုပ်ဆောင်သင့်ကြောင်း ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG