သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး ရှမ်းမြောက်တိုက်ပွဲ တကျော့ပြန် ပြင်းထန်


စစ်ကောင်စီတပ်သားများ နောင်ချိုမြို့ Naung Cho city (photo: C J)
စစ်ကောင်စီတပ်သားများ နောင်ချိုမြို့ Naung Cho city (photo: C J)

=== [[ ZAWGYI ]] ===

စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး ရှမ်းမြောက်တိုက်ပွဲ တကျော့ပြန် ပြင်းထန်

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ၂ ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်နေတာပါ။ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိပြီး ဒေသခံတွေလည်း တိမ်းရှောင်နေရပါတယ်။ နောင်ချိုမြို့နယ်ထဲက စစ်ရေး အခြေအနေတွေကို ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဧပြီ ၅ ရက်နဲ့ ၆ ရက်တို့မှာ ၂ ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်နေတာပါ။ လက်ရှိအချိန်ထိ နှစ်ဖက် စစ်ရေးတင်းမာနေပြီး အပြန်အလှန် ထိုးစစ် ဆင်နေတယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်က အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ဒီနောင်ချိုမြို့နယ်ထဲမှာ ကျွန်တော်တို့ MDY PDF နဲ့ စကစနဲ့ တိုက်ပွဲဖြစ်နေတာတွေ ရှိပါတယ်။ ဘယ်သူက စပြီး (စစ်ကြောင်း)ထိုးတာလည်းဆိုတော့ နှစ်ဖက်လုံး ထိုးတယ်လို့ပဲ ပြောရမယ်ထင်တယ်။ ကျွန်တော်တို့ဘက်ကလည်း ထိုးစစ် လုပ်ခဲ့တာတွေရှိတယ်။ စကစ ဖက်ကလည်း ထိုးနေတာတွေရှိပါတယ်။ လောလောဆယ် အခြေအနေက တော်တော်တင်းမာနေဆဲ အခြေအနေမို့လို့ တစုံတရာ ထုတ်ပြန်ဖို့တော့ မရှိသေးပါဘူး။”

စစ်တပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေဟာ ဧပြီ ၅ ရက်မှာ ပြင်ဦးလွင်မြို့နဲ့ နောင်ချိုမြို့အစပ်က သံဘို ကျောက်မဲလေး ကျေးရွာတွေနားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဧပြီ ၆ ရက်မှာတော့ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်ခတ်တာတွေအပြင် တိုက်ပွဲတွေ ရှိနေတဲ့အတွက် ဒေသခံတွေဟာ နောင်ချို ပြင်ဦးလွင် စတဲ့ နီးစပ်ရာမြို့တွေဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတယ်လို့ နောင်ချိုဒေသခံတဦးက အခုလိုပြောပါတယ်။

“ဒေသခံတွေက သူတို့က နီးစပ်ရာနီးစပ်ရာ ပြေးကြတာပဲ။ နောင်ချို ပြေးတယ်။ တချို့က သုံးဆယ်(ရွာ)ကို ပြေးတယ်။ အခုက တပ်က အမြှောက်တွေနဲ့ချိန်တော့ သုံးဆယ်က ဟာတွေလည်း ပြန်ပြေးကြတယ်။ သူက အဲ့ကနေ လှမ်းပစ်တာဆိုတော့ ဝုန်းဝုန်းဒိုင်းဒိုင်းဆိုတော့ တအားတွေမြေတွေတုန်တော့ သူတို့က အခုချိန်ထိ ပစ်နေတုန်း။ မနေ့က သံဘိုမှာဖြစ်ကြတယ်ဆိုတော့ သံဘိုက ဟာတွေလည်းပြေးတယ်။ ဒီဖက်က ဟိုခို သုံးဆယ်လမ်း ဆိုရင်လည်း ဟိုခို ကုန်းကြီး အင်းမ ဟိုခဲ လွယ်ငင်း အဲ့နားက ကြူအင်းကတော့ တချို့လည်း ပြေးကြတယ် တချို့လည်း မပြေးကြဘူး။ နီးစပ်ရာ နီးစပ်ရာပေါ့။ ပြင်ဦးလွင်လည်း ပြေးကြတယ်။”

စစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ ကျေးရွာတွေအနီးကို ကျရောက် ပေါက်ကွဲတာတွေလည်းရှိပြီး ဒေသခံတွေ ထိခိုက်မိတာ မကြားရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ သြဂုတ်လနဲ့ အခုနှစ် ၂၀၂၃ ဖေဖော်ဝါရီလထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လေကြောင်းကနေ ပစ်ခတ်တဲ့အထိပါ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ အခုလို စစ်ရေးတင်းမာခဲ့ပြီးတဲ့နောက် တိုက်ပွဲတွေ ငြိမ်သက်သွားခဲ့ပြီး ၁ လကျော်အကြာမှာ တကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်တာ မရှိသေးသလို တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်လို့လည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိခဲ့ပါဘူးခင်ဗျား။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===










XS
SM
MD
LG