သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ် ဆီဆိုင်နဲ့ နမ့်ဖတ်ကာမှာ တိုက်ပွဲတွေပြင်းထန်


ဆီဆိုင်မြို့မှာ PNLA နေရာယူထားသည်ကို တွေ့ရစဉ်။ (ဇန်နဝါရီ ၂၅၊ ၂၀၂၄)
ဆီဆိုင်မြို့မှာ PNLA နေရာယူထားသည်ကို တွေ့ရစဉ်။ (ဇန်နဝါရီ ၂၅၊ ၂၀၂၄)

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ PNLA ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်က မြို့မရဲစခန်းကို သိမ်းယူလိုက်ပြီးနောက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတာကြောင့် အရပ်သားထိခိုက်မှုတွေ ရှိနေပါတယ်။ တချိန်တည်းမှာ သိန်းနဲ့ချီတဲ့ မြို့ခံတွေနဲ့ ဆီဆိုင်မြို့ရောက် စစ်ရှောင်တွေဟာ မြို့ကို စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ အခုလို ရှမ်းတောင်ဒေသမှာ စစ်မီးပျံနှံလာနေချိန်မှာပဲ ရှမ်းမြောက်က နမ့်ဖတ်ကာ တပ်စခန်းကို KIA က သိမ်းယူခဲ့ပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ရှမ်းပြည်နယ်အတွင်းက လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲသတင်းတွေကို ကိုစံကျော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆီဆိုင်မြို့မှာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက်မှာ PNLA ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်က ဆီဆိုင်မြို့မ ရဲစခန်းကို သိမ်းယူခဲ့သလို တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်တာတွေရှိကြောင်း ဆီဆိုင်တိုက်ပွဲအခြေအနေကို စောင့်ကြည့်လေ့လာနေသူ တဦးက VOA ကို ပြောပါတယ်။

“ ရဲစခန်းတော့ သိမ်းသွားပြီ။ အဲဒီမှာ ၄၂၃နဲ့ ၄၂၄ ပဲ ကျန်မှာပေါ့။ ရပ်ကွက်ထဲ မြကန်သာထဲမှာတော့ မနေ့ညက လေယာဉ်နဲ့ လာချသွားတာပေါ့။ လူအထိအခိုက်တော့ ရှိမယ် အဲဒါတော့ အတိအကျတော့ မရသေးဘူး။ မနေ့ညက တိုက်တယ်။ ဒီမနက်ခါကျ ၉နာရီထိလား၊ အဲဒီမှာ နည်းနည်းလေး အပစ်ရပ်ပြီးတော့မှ မြို့ထဲက လူတွေ ထွက်လို့ ရအောင်ဆိုပြီးတော့မှ လူတွေ ဆွဲထုတ်တာတော့ အချိန်နည်းနည်းပေးတယ်။ ထွက်ကုန်ပြီ မြို့ထဲကလူတော့ မရှိသလောက်ဖြစ်သွားပြီ။”

ဆီဆိုင်မြို့မှာ စစ်ကောင်စီရဲ့ ခမရ ၄၂၃ နဲ့ ခမရ ၄၂၄ တပ်ရင်း ၂ရင်းအခြေစိုက်ထားတာဖြစ်ပါတယ်။ မနေ့ကနဲ့ ဒီနေ့ပါဆို လေကြောင်းက တိုက်ခိုက်တာ ၁၀ကြိမ်ခန့်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲကြောင့် စစ်ရှောင်ရသူတွေဟာ ဆီဆိုင်မြို့ခံတွေအပြင် ကရင်နီ(ကယား) ပြည်နယ်က တိမ်းရှောင်လာတဲ့ စစ်ရှောင်တွေလည်း ပါဝင်တာဖြစ်ပါတယ်။ ကရင်နီစစ်ရှောင်တွေဟာ ဆီဆိုင်မြို့ကနေ ထပ်မံတိမ်းရှောင်ရာမှာ တွေ့ကြုံနေရတဲ့ အခက်အခဲကိုလည်း သူက အခုလို ဆက်ပြောပါတယ်။

“ စစ်ရှောင်တွေက အခု ဘယ်ကိုပြေးလို့ ဘယ်ကို သွားရမှန်း မသိတော့ဘူး။ သွားမယ်ဆိုရင်တောင်မှာ အခုလောလောဆည် သူတို့ အခက်အခဲဖြစ်နေတာက ဒီ စားရိတ်စားခ တွေ။ ဘယ်နေရာကို သွားကြမှာလည်း ဆိုတာ ဦးတည်ချက် မရှိဘူးဖြစ်နေတာ။ ဆီဆိုင်က လူတွေက သူ့နီးစပ်ရာ နီးစပ်ရာ မြို့တွေ ရွာတွေ ထွက်ကြတာ။ စစ်ရှောင်စခန်းမှာရှိတဲ့ ဒုက္ခသည်တွေက ကျတော့ အဆင်ပြေတဲ့သူတွေက ထွက်နိုင်တယ်။ အဆင်မပြေတဲ့ သူတွေက ကျတော့ တော်တော်လေးကို အခက်အခဲဖြစ်နေတယ်။ ”

မနေ့ကနဲ့ ဒီနေ့ပါဆို လေကြောင်းက တိုက်ခိုက်တာ ၁၀ကြိမ်ခန့်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ရှောင်အရေးကို ကူညီဆောင်ရွက်နေသူတဦးကတော့ ဆီဆိုင်မြို့မှာ စစ်ရှောင် ၂သောင်းခန့် ရောက်ရှိနေပြီး မြို့ပေါ် ၆ရပ်ကွက်နဲ့ အနီးအနားရွာတွေကပါဆိုရင် လူ သိန်းနဲ့ချီပြီး ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

“ စစ်ရှောင်က နဂိုရှိတာက ဆီဆိုင်မြို့နယ်က ၂သောင်း နည်းနည်းကျော်တယ်။ ဟို ဒေသခံ မြို့ပေါ် ၆ရပ်ကွက်ရော၊ အနီးအနားရွာတွေပါ ရှောင်တယ်ဆိုတော့ မရှိဘူးဆို တသိန်းနည်းနည်းတော့ ကျော်မယ်ဗျ။ တသိန်း စွန်းစွန်းတော့ရှိမယ်။ အစုံပဲ ခြေဦးတည့်ရာ သွားကြတာပဲ။ အများအားဖြင့်တော့ တောင်ကြီးဘက်လည်းရှိတယ်။ ဟိုပုန်းဘက်လည်းရှိတယ်။ တချို့ ရွာဘက်မှာ နီးစပ်ရာဆွေမျိုးရွာရှောင်တာလည်း ရှိတယ်။ တချို့က တောထဲမှာ ရှောင်နေတာလည်း ရှိတယ်။ အဲလိုပေါ့ အစုံပဲ။ ”

ဆိုက်ခေါင်နဲ့ ဘန်းယဉ်အပါအဝင် ဟိုပုန်း- ဆီဆိုင်ကားလမ်းတလျောက်က ကျေးရွာတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ပြောပါတယ်။ ဒီလ ၂၁ရက်နေ့က ဟိုပုန်းမြို့နယ် စံဖူးရွာမှာ PNLA ရဲ့ လက်နက်တွေကို PNA ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ၂၂ရက်နေ့မှာ ဆီဆိုင်မြို့နယ်က နောင်ထောဝ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲခဲ့တဲ့နောက် တိုက်ပွဲတွေ ဖြစ်ပွားလာတာပါ။ ဗိုလ်မှူးကြီး ခွန်ဥက္ကာ နာယက အဖြစ်ဆောင်ရွက်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO/ PNLA ဟာ ၂၀၁၅မှာ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားပြီး စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ တိုက်ပွဲတွေ စတင်ခဲ့ချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဖတ်ကာမြို့ကို ကချင်လွတ်မြောက်ရေးတပ် KIA က သိမ်းယူခဲ့ပါတယ်။ ဒီလို သိမ်းယူခဲ့တာကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အခုလို အတည်ပြု ပြောပါတယ်။

“ နမ့်ဖတ်ကာ စခန်းကို စကခ ၁၇ ပေါ့။ ခလရ ၁၂၃ ပေါ့နော်။ အဲဒါကို မနေ့က ဇန်နဝါရီ ၂၄ရက်နေ့မှာ ညနေ ၃နာရီ၊ ၄နာရီလောက်မှာ သိမ်းပြီးမှ ည ၆နာရီလောက်မှာ အကုန်လုံး သူတို့လည်း နယ်မြေရှင်းလင်းရေး လုပ်ပြီးပြီတဲ့။ အကုန်လုံး သိမ်းလို့ ရပြီဆိုတဲ့သတင်း ကျနော်တို့ကို ပို့လာတာရှိပါတယ်။ ”

ဒီနေ့မှာတော့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံ ရှင်းလင်းနေကြောင်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဘက်မှာလည်း ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့ တခြားဒေသတွေမှာတော့ တိုက်ပွဲသတင်း တက်လာတာမရှိကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

နမ့်ဖတ်ကာစခန်းကို KIA က ဒီဇင်ဘာလ ၂၉ရက်နေ့တည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၆ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ စစ်လေယာဉ်တစီးကို ပစ်ချခဲ့ပြီး ပျက်ကျသွားတဲ့လေယာဉ်ကို ဒီနေ့ ရှာဖွေတွေ့ရှိကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

စစ်ကောင်စီရဲ့ သတင်းတွေကို ဖော်ပြတဲ့ တယ်လီဂရမ်စာမျက်နှာမှာတော့ လက်ရှိ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး နယ်မြေခံတပ်ရင်းတွေကို PNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်တယ်ဆိုတဲ့သတင်းဟာ သတင်းအမှားဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG