သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ့်ဖတ်ကာအနီး စစ်ကောင်စီတိုက်လေယာဉ် ပစ်ချခံရကြောင်း သတင်းထွက်


ယခင်မှတ်တမ်းရုပ်ပုံ | စစ်ရေးလေ့ကျင့်မှုတခုအတွင်း ဗုံးကြဲလေ့ကျင့်နေတဲ့ မြန်မာလေယာဉ်ဂျက်ဖိုက်တာများ (ဖေဖော်ဝါရီ ၂၊ ၂၀၁၈ )
ယခင်မှတ်တမ်းရုပ်ပုံ | စစ်ရေးလေ့ကျင့်မှုတခုအတွင်း ဗုံးကြဲလေ့ကျင့်နေတဲ့ မြန်မာလေယာဉ်ဂျက်ဖိုက်တာများ (ဖေဖော်ဝါရီ ၂၊ ၂၀၁၈ )

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်က နမ့်ဖတ်ကာတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် KIA က ရက် ၂၀ နီးပါး ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီကနေ့မှာတော့ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစင်းကို ပစ်ချလိုက်ကြောင်း KIA က ပြောပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နမ့်ဖတ်ကာအခြေစိုက် ခလရ ၁၂၃ တပ်စခန်းကို သိမ်းယူလိုက်ကြောင်း သတင်းတွေ ပျံနှံ့ နေပေမဲ့ KIA ဘက်က အတည်မပြုပါဘူး။ ရှမ်းမြောက်ဒေသက စစ်ရေးနောက်ဆုံးရ သတင်းကို ကိုစံကျော် က တင်ပြထားပါတယ်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက လမ်းဖြစ်တဲ့ လားရှိုး- မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်က နမ့်ဖတ်ကာအခြေစိုက် ခလရ ၁၂၃ တပ်စခန်းကို KIA က ဒီဇင်ဘာလ ၂၉ရက်နေ့ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။ ဒီကနေ့မှာတော့ ခလရ ၁၂၃ စခန်းကို KIA က သိမ်းယူလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အတည်မပြုပါဘူး။ ဒါပေမဲ့ နမ့်ဖတ်ကာကို လာရောက် ဗုံးကြဲတဲ့ စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တစင်းကို ပစ်ချခဲ့ကြောင်း အခုလို ပြောပါတယ်။

“နမ့်ဖတ်ကာဘက်က အခြေအနေကတော့ တိုက်ပွဲတွေ အခြေအနေကတော့ အသေးစိတ် မသိသေးဘူး။ ဒါပေမဲ့ မနေ့ကတော့ ၁၂၃ စခန်းကို သိမ်းနိုင်ပြီဆိုပြီးတော့ သတင်းကတော့ ထွက်နေပါတယ်။ ဒါပေမဲ့ အဲဒီသတင်းကတော့ မှန်ကန်မှုမရှိဘူးခင်ဗျာ။ ဒီကနေ့ကတော့ နမ့်ဖတ်ကာဘက်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ တစင်းကို ပစ်ချလိုက်တယ်ဆိုတဲ့ သတင်းက ပြန်ထွက်နေပါတယ်။ ကျနော်တို့ဘက်က ပစ်ချလိုက်တာဖြစ်ပါတယ်ဆိုပြီးမှ အကြောင်းကြားလာတာတော့ရှိပါတယ်။”

ဒီရက်ပိုင်းတွေအတွင်းမှာတော့ နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်ဒေသဘက်တွေမှာ ဖုန်းလိုင်းအများစု လိုင်းဖြတ်ခံထားရတာကြောင့် တိုက်ပွဲသတင်းတွေနဲ့ပတ်သက်လို့ ဒေသခံတွေဆီက တဆင့် အတည်ပြုချက် ရယူဖို့ အခက်အခဲတွေ ရှိနေပါတယ်။ နမ့်ဖတ်ကာကနေ အခြားနေရာကို စစ်ရှောင်နေသူတဦးကတော့ နမ့်ဖတ်ကာကို တချက် တချက်မှာ ဖုန်း ဆက်သွယ်ရကြောင်း ပြောပါတယ်။ ၁၅ရက်နေ့ နေ့ခင်းပိုင်း ဆက်သွယ်ချိန်အထိတော့ နမ့်ဖတ်ကာ ကျတယ်လို့ မကြားရကြောင်း အခုလို ပြောပါတယ်။

“ မနေ့က ၁၂ကျော်လောက်ထိ မကျသေးဘူး။ တိုက်ပွဲပြင်းထန်နေဆဲလို့ ပြောသေးတယ်။ ညနေပိုင်းတည်းကကို အဆက်အသွယ်မရတော့တာ ။ ကျနော်လည်း အဆက်အသွယ်မရတော့ မပြောတတ်တော့ဘူး။”

အချို့ သတင်းမီဒီယာတွေမှာတော့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကို ကိုးကားပြီး ခလရ ၁၂၃ ကို သိမ်းယူလိုက်ပြီဆိုကြောင်း ဖော်ပြနေကြပါတယ်။ ဒီကနေ့ ပစ်ချလိုက်တဲ့ လေယာဉ်ဟာ ဒီလအတွင်း KIA က ဒုတိယမြောက်ပစ်ချနိုင်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီလ ၃ ရက်နေ့တုန်းက ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာအနီးက နားဖော့ စခန်းကိုလာတဲ့ ထောက်ပို့ရဟတ်ယာဉ်တစီးကို KIA က ပစ်ချခဲ့သေးတာပါ။ ၂၀၂၁ခုနှစ်က မေလ ၃ရက်နေ့ကလည်း မိုးမောက်မြို့နယ် အလော့ဘွမ်မှာ တိုက်ပွဲပြင်းထန်နေချိန် ကုန်းလောရွာအနီးမှာ စစ်ကောင်စီရဲ့တိုက်ခိုက်ရေး ရဟတ်ယာဉ်တစီးကို ပစ်ချခဲ့ဖူးတာကြောင့် စစ်တပ်က အာဏာသိမ်းပြီးနောက် KIA က လေယာဉ်တစီးနဲ့ ရဟတ်ယာဉ် ၂စီး ပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ KIA က တိုက်ခိုက်နေတဲ့ နမ့်ဖတ်ကာတပ်စခန်းဟာ လားရှိုး- မူဆယ် လမ်းမကြီးပေါ်က နောက်ဆုံးကျန်ရှိတဲ့ တပ်စခန်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ရက်နေ့က ၁၀၅မိုင်နဲ့ ဇန်နဝါရီလ ၇ရက်နေ့မှာ သိန္နီ၊ ကွတ်ခိုင်က စစ်ကောင်စီတပ်စခန်းတွေကို ညီနောင်မဟာမိတ်အဖွဲ့တွေ သိမ်းယူထားတာပါ။

လားရှိုး- မူဆယ်လမ်းမကြီးကို ညီနောင်မဟာမိတ်အဖွဲ့တွေက ထိန်းချုပ်လိုက်တဲ့နောက်မှာ စစ်ကောင်စီက မူဆယ်အခြေစိုက် သူတို့ တပ်ဖွဲ့တွေကို လေကြောင်းကနေ အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ် ဆောင်နေပါတယ်။ ဒီလ ၁၁ရက်နေ့က ယာယီအပစ်အခတ် ရပ်စဲဖို့ သဘောတူပြီးတဲ့နောက်မှာ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားတာတွေ လျော့ကျသွားခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းက ဗုံးကြဲတာတွေဟာ ဒီလ ၁၅ရက်နေ့အထိ ရှိနေတာကြောင့် စစ်ကောင်စီက အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်နေကြောင်း TNLA က သတင်းထုတ်ပြန်တာတွေ ရှိနေပါတယ်။ ဒီရက်ပိုင်းမှာတော့ ကိုးကန့်တပ် MNDAA ဘက်က တိုက်ပွဲ သတင်း ထုတ်ပြန်တာ မရှိသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာလည်း မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG