သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီရဟတ်ယာဉ်ပျက်မှာ အလောင်း ၆ လောင်း တွေ့ရှိကြောင်း KIA အတည်ပြု


လိုင်ဇာအနီး စစ်တပ်ရဟတ်ယာဉ်တစီးကို KIA ကပစ်ချခဲ့ (ဇန်နဝါရီ ၃၊ ၂၀၂၄)
လိုင်ဇာအနီး စစ်တပ်ရဟတ်ယာဉ်တစီးကို KIA ကပစ်ချခဲ့ (ဇန်နဝါရီ ၃၊ ၂၀၂၄)

ကချင်လွတ်မြာက်ရေးအဖွဲ့ ဌာနချုပ်ရှိရာ၊ ကချင်ပြည်နယ် လိုင်ဇာအနီး မနေ့တုန်းက ပစ်ချခံခဲ့ရတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ ရဟတ်ယာဉ် အပျက်အဆီး နေရာကို နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာ သေဆုံးနေတဲ့ ရုပ်အလောင်း ၆ လောင်း ရှာဖွေတွေ့ရှိကြောင်း KIA ကပြောပါတယ်။ တချိန်တည်းမှာပဲ စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတခုကို TNLA တအာင်းတပ်နဲ့ မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ရာမှာ စစ်ကြောင်းမှုး ဒုဗိုလ်မှုးကြီး တဦးနဲ့အတူလက်နက်ခဲယမ်းအများအပြား သိမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း တင်ပြပေးမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က KIO ဌာနချုပ် လိုင်ဇာအနီးရှိ နားဖော့စခန်းကို လာရောက်တဲ့ စစ်ကောင်စီရဲ့ ထောက်ပို့လေယာဉ်ကို ဗုဒ္ဓဟူးနေ့ နေ့ခင်း ၁၂နာရီ ဝန်းကျင်မှာ KIA တပ်ဖွဲ့က ပစ်ချခဲ့တာပါ။ လူမှုကွန်ရက် သတင်းတွေမှာတော့ ပျက်ကျသွားတဲ့ စစ်ရဟတ်ယာဉ်က လေယာဉ်မှုး ဗိုလ်မှုး ဇော်မျိုးသန့်ကို အရှင်ဖမ်းဆီးရမိပြီး တွဲဘက်လေယာဉ်မှုး ဗိုလ်ကြီး ကောင်းစံသိန်းအပါအဝင် လိုက်ပါလာသူ ၆ဦး သေဆုံးကြောင်း ဖော်ပြခဲ့ကြပါတယ်။
KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ ရဟတ်ယာဉ်ပျက်ကျတဲ့နေရာကို နယ်မြေရှင်းလင်းရာမှာ သေဆုံးသူ ရုပ်အလောင်း ၆လောင်းသာ တွေ့ရပြီး ဖမ်းဆီး ရမိသူ မရှိဘူးလို့ VOA ကို ပြောပါတယ်။

“ ဟုတ်ကဲ့။ နယ်မြေရှင်းလင်းရေးတွေ အကုန်လုံးလုပ်ထားပြီ။ လေယာဉ်မှာ ပါတာကတော့ ၆ယောက်။ အကုန်လုံး သေသွားတဲ့အလောင်းတွေပေါ့နော်။ အဲဒါပဲ ကျနော်တို့ တွေ့ပါတယ်ခင်ဗျ။ ဖမ်းမိတာတော့ မရှိဘူး။ အဲဒါကတော့ ဆိုရှယ်မီဒီယာကတင်တာပါ။ ကျနော်တို့တော့ မရှိဘူး။ မတွေ့ဘူး။ ”

လိုင်ဇာအနီး KIA ပစ်ချခဲ့တဲ့ စစ်တပ်ရဟတ်ယာဉ် ပျက်ကျသည့်နေရာ
လိုင်ဇာအနီး KIA ပစ်ချခဲ့တဲ့ စစ်တပ်ရဟတ်ယာဉ် ပျက်ကျသည့်နေရာ

ပျက်ကျသွားတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်ဟာ MI 17 ရဟတ်ယာဉ်ဖြစ်တယ်လို့လည်း ပြောပါတယ်။ ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်မှာ ၆ယောက်ကို ရှင်းလင်းနိုင်ပြီး ဗိုလ်မှုးတဦးကို လက်ရဖမ်းဆီးခဲ့ကြောင်း ဖော်ပြပါတယ်။ ရဟတ်ယာဉ် ပစ်ချခံရတဲ့ သတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

ကိုးကန့် MNDAA ၊ တအာင်းTNLA နဲ့ ရက္ခိုင်AA တို့ ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ဒီနေ့ဆို ရက်ပေါင်း ၇၀ ကြာမြင့်လာပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာတိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲရှိပါတယ်။ ဒီကနေ့မှာတော့ တအာင်းတပ်မတော် TNLA နဲ့ မန္တလေး PDF ပူးပေါင်းတပ်တွေက နောင်ချိုမြို့နယ်က သံဘိုရွာ စစ်ကောင်စီတပ်စခန်းတခုကို သိမ်းယူခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုဗိုလ်မှုးကြီး တဦးကို လက်ရဖမ်းဆီးခဲ့ပြီး စစ်လက်နက်အများအပြားကိုလည်း သိမ်းယူခဲ့ကြောင်း မန္တလေး PDF တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ ဒီသံဘို တိုက်ပွဲမှာ သံဘိုရဲ့ စစ်ကြောင်းမှုး ဒုတိယဗိုလ်မှုးကြီး သက်အောင် အပါအဝင် အရှင်ဖမ်းဆီးရမိခဲ့တာ ရှိတယ်။ ရန်သူဘက်က ထိခိုက်ကျဆုံးများခဲ့တယ်။ ဒီအလောင်း သိမ်းဆည်းရမိတာတွေရှိခဲ့သလို ထွက်ပြေးလွတ်မြောက်သွားသူ အချို့လည်း ရှိပါတယ်။ ဒါအပြင် ရန်သူရဲ့ အသုံးပြုနေတဲ့ Drone Jammer စက်အကြီးတွေ အပါအဝင် လက်နက်ခဲယမ်းအများအပြားလည်း သိမ်းပိုက်ရရှိခဲ့တာ ရှိပါတယ်။ ”

သံဘိုတိုက်ပွဲဟာ ဇန်နဝါရီလ ၂ရက်နေ့က စတင်ပြီး ၃ရက်နေ့ မနက် ၇နာရီခွဲမှာ စခန်းသိမ်းခဲ့ကြောင်းနဲ့ စစ်ကောင်စီက လေကြောင်းကနေ စက်သေနတ်နဲ့ ပစ်ခတ်တာတွေ ရှိပေမဲ့ ဗုံးကြဲတာတော့ မရှိကြောင်းလည်း ပြောပါတယ်။

၃ရက်နေ့မှာ ကျောက်မဲဘက်က လာတဲ့ စစ်ကောင်စီရဲ့ စစ်ကူ ကား ၃စီးကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ ကြောင်း မန္တလေး PDF က သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့ စစ်ရေးသတင်းအခြေအနေ မေးမြန်းနိုင်ဖို့ TNLA ပြောခွင့်ရကို ဖုန်း ခေါ်ဆိုခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ TNLA ရဲ့ ဒီလ ၃ရက်နေ့ ည ထုတ်ပြန်ချက်မှာတော့ ကွတ်ခိုင်နဲ့ မိုးမိတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲပြင်းထန်နေကြောင်း ထုတ်ပြန်ထားပါတယ်။

ကိုးကန့် MNDAA ကတော့ လောက်ကိုင်အနီး နယ်စပ်မှတ်တိုင် ၁၂၅ ဒုက္ခသည်စခန်းမှာ ဒေသအုပ်ချုပ်ရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီဒုက္ခသည်စခန်းမှာအရင်က စစ်ရှောင် ၄သောင်းကျော် ရှိရာက အခု အခါ ၄ထောင်ခန့် ကျန်ရှိနေဆဲဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ လောက်ကိုင်ဒေသ တိုက်ပွဲတွေနဲ့ပတ်သက်လို့တော့ သီးခြား သတင်းထုတ်ပြန်တာ မတွေ့ ရပါဘူး။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ စစ်ကောင်စီ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေ တရုတ်နိုင်ငံမှာ ထပ်မံဆွေးနွေးဖို့ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ နှစ်ဘက်စလုံးက သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။ ညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီးနောက်မှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေ ၂ ကြိမ်ဆွေးနွေးခဲ့ပြီးလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG