သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းတာကို အပြင်းအထန်ဆန့်ကျင်တဲ့ KNU ရဲ့ နိုင်ငံရေးမျှော်မှန်းချက်


KNU ပြောခွင့်ရ ပဒိုစောတောနီး
KNU ပြောခွင့်ရ ပဒိုစောတောနီး

စစ်ကောင်စီရဲ့ တပ်ရင်းတွေအင်အား နည်းသွားခဲ့တဲ့အကြောင်းအရင်းတွေထဲမှာ KNU ဘက်က မြန်မာစစ်တပ်ကို သုံးနှစ်နီးပါးအတွင်း တိုက်ပွဲပေါင်း သောင်းနဲ့ချီတိုက်ခိုက်ခဲ့တဲ့ ရလာဒ်က အဓိကပါဝင်နေတယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ပြောခွင့်ရ ပဒိုစောတောနီးက ဗွီအိုအေကို ပြောပါတယ်။ တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေက ကရင်ပြည်နယ်မှာရော ဘယ်လိုရိုက်ခိုက်မှုတွေ ရှိနေလဲ။ လာမယ့် ၂၀၂၄ ခုနှစ်ဆိုရင် ကရင့်တော်လှန်ရေး (၇၅) နှစ်ပြည့်ကာလ ကရင်လူမျိုးတွေရဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေက ဘာတွေလဲ။ မအင်ကြင်းနိုင်က KNU ပြောခွင့်ရ ပဒိုစောတောနီးကို Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်ပိုင်းမှာ စတင်ပြီးနောက်ပိုင်းမှာ ချင်း၊ ရခိုင်နဲ့ တခြားဒေသတွေမှာ အဲဒီစစ်ဆင်ရေးအရှိန်နဲ့ အလားတူစစ်ဆင်ရေးတွေနဲ့ စစ်ကောင်စီ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်ပြီးတော့ ထိန်းချုပ်လာနိုင်တာတွေ၊ ပြန်သိမ်းတာတွေလည်း တော်တော်များများ တွေ့ရပါတယ်။ ဆိုတော့ KNU ဘက်မှာတော့ အရင်ကတည်းက ထိန်းချုပ်ထားတဲ့ နယ်မြေလည်း ရှိတယ်။ ပြီးတော့ ကိုယ့်နယ်မြေလည်း ရှိနေပေမဲ့၊ ၁၀၂၇ စစ်ဆင်ရေးအရှိန်က KNU ဘက်ကို ဘယ်လိုရိုက်ခတ်မှုတွေ ရှိပါသလဲရှင့်။

ပဒိုစောတောနီး ။ ။ ပထမဦးဆုံး ကျနော်ပြောချင်တာကတော့ Operation 1027 မဖြစ်ခင်ကတည်းက စစ်အာဏာသိမ်းပြီးကတည်းက စစ်အာဏာရှင်ကို တကယ်မုန်းတီးကြတဲ့သူတွေ၊ ဆန့်ကျင်သူတွေနဲ့ လက်တွဲပြီးတော့ တိုက်ပွဲဝင်လာခဲ့တယ်။ အထူးသဖြင့် ကျနော်တို့ဒေသမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ စက်တင်ဘာလအထိ စာရင်းချုပ်တဲ့အခါမှာ တိုက်ပွဲပေါင်း တစ်သောင်းကျော် ဖြစ်ပွားခဲ့တယ်။ ဒီတိုက်ပွဲတွေကနေ စစ်ကောင်စီတပ်သားတွေကို ဘယ်လောက်ထိ သုတ်သင်န်ိုင်သလဲဆို တစ်သောင်းရှစ်ထောင်ကျော် သေကြေဒဏ်ရာရတယ်။ အဲဒီမှာ သေတာက ပိုများတယ်။ ဆိုတော့ အဲဒါကို ကျနော်တွေ့လိုက်တဲ့အခါ လက်ရှိဖြစ်နေတဲ့ တပ်မတခုစာ ခုနှစ်ရာအင်အားပဲ ရှိတယ်။ စစ်ထွက်အင်အားက။ အဲဒါကြောင့် ကျနော်တို့က ၂ နှစ်ကျော်ကာလအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်သား၊ အထူးသဖြင့် တပ်မဟာ ၂၆ ခုလောက်ကို ချေမှုန်းနိုင်ခဲ့တယ်။ အဲဒီပေါ်မှာ ရှိလာတဲ့အနေအထားက မြောက်ပိုင်းမှာ အခုဖြစ်လာတဲ့ စစ်ဆင်ရေးက သူတို့က လုံးဝစစ်ကူမပို့နိုင်တော့ဘူး။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဘက်မှာရှိနေတဲ့ တပ်တွေကို စစ်ကူပို့မယ်ဆိုရင် ကျနော်တို့ တိုက်စရာတောင် မလိုဘူး၊ ဒီနယ်မြေက ကျနော်တို့လက်ထဲ လုံးဝကျသွားမှာ။ အဲဒါကြောင့်မို့ သူတို့ ဒီအခြေအနေကို ရောက်သွားတယ်။ စစ်ကူလည်း မပို့နိုင်ဘူး။ အဲဒီစစ်ကောင်စီတပ်ထဲကိုလည်း ဘယ်သူမှ မဝင်တော့ဘူး။ သူတို့ ဒီမှာရှိနေတဲ့ တပ်တွေကလည်း တပ်ချိန်းမလုပ်နိုင်ဘူး။ ဆိုတော့ ကျနော်တို့အနေအထားနဲ့ တိုက်နေတဲ့အနေအထားက ရိုက်ခတ်မှုတော့ရှိတယ်။ ဒါပေမဲ့ ကျနော်တို့က မြောက်ပိုင်းဒေသလို တထပ်တည်း ဘယ်လိုမှ ဒီလိုစစ်ဆင်ရေးမျိုးကို မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဒေသနဲ့ ကိုက်ညီတဲ့ဟာပဲ လုပ်သွားမယ်။ အထူးသဖြင့် ကျနော်တို့ ဒီလိုအလုံးအရင်းနဲ့ တိုက်နေတာထက် ပြောက်ကျားသေနင်္ဂဗျူဟာအရ နေရာတခုချင်းဆီကို -- အထူးသဖြင့် အကုန်အကျနည်းမယ့် နည်းလမ်းကို လုပ်နေတာ ဖြစ်တယ်။

မေး ။ ။ အဲဒီတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းက မုန်းမြို့ကို သိမ်းလိုက်တဲ့ အနေအထား။ ညောင်လေးပင်တဝိုက်မှာ ရှိနေတဲ့ အခြေအနေ၊ မုန်းမြို့ကို ဘယ်လိုပုံစံမျိုးနဲ့ သိမ်းယူနိုင်ခဲ့သလဲ။ နောက်ပြီးတော့ အခု စစ်တပ်က စစ်ကောင်စီဘက်က လက်နက်ချလာတဲ့ စစ်တပ်က အရာရှိတွေ၊ တပ်သားတွေကို KNU ဘက်က ဆက်ဆံတဲ့အနေအထားက ဘယ်လိုပုံစံမျိုး ရှိပါသလဲရှင့်။

ဖြေ ။ ။ ပြောရမယ်ဆိုရင်တော့ မုန်းမြို့အနေအထားက နေပြည်တော်နဲ့ အတော်နီးတဲ့နေရာ ဖြစ်တယ်။ ဒီနေရာကနေ သိပ်လည်းမဝေးတော့ဘူး။ မုန်းမြို့ရဲ့ နောက်စူးစူးကို ကြည့်လိုက်မယ်၊ တည့်တည့်မှာဆိုရင် ဖြူးမြို့ ရှိတယ်။ ဖြူးမြို့က ရန်ကုန်-မန္တလေး ကားလမ်းပေါ်မှာ ရှိတယ်။ အဲဒီမှာ ကျနော်တို့တပ်တွေလည်း အကုန်ရှိတယ်။ အဲဒီလို အနေအထားမျိုးမှာ စစ်ကောင်စီ သွေးပျက်စရာတခုကို လုပ်နိုင်ခဲ့တယ်။ မြို့ရဲ့အနေအထားကို ပြောရမယ်ဆိုရင် ဒီလိုတိုက်ပွဲမျိုး ဖြစ်လာပြီဆိုရင် မြို့နေလူထုက အကုန်လုံးထွက်ပြေးကြတယ်။ လူထုက မြို့ထဲမှာ အကုန်လုံးမရှိကြတော့ဘဲနဲ့ တောထဲရောက်သွားကြတယ်။ ဆိုလိုတာက ကျနော်တို့နယ်မြေ ကျေးရွာတွေထဲ ရောက်လာကြတယ်။ အဲဒါကို ကျနော်တို့ ဖြေရှင်းနေရတယ်။ မြို့ကတော့ ချက်ချင်းတော့ ပြန်လည်တည်ဆောက်လို့ မရဘူး။ ဒါပေမဲ့ ကျနော်တို့ ဆက်ပြီးတော့ ပြောရမှာက အဲဒီတမြို့ထဲမဟုတ်ဘူး၊ ဘေးနားမှာ ပတ်ဝန်းကျင်နားမှာ အထူးသဖြင့် ညောင်လေးပင်ခရိုင် - အထူးသဖြင့် တပ်မဟာ (၃) မှာရှိတဲ့ မြို့လေးမြို့ကတော့ ကျောက်ကြီး၊ ရွှေကျင်၊ နံ့သာကွင်းမြို့ - ဒီမြို့လေးမြို့က လုံးဝအုပ်ချုပ်ရေး ပျက်နေပြီ။ အမှန်မှာ ကျနော်တို့ တိုက်ယူလို့ရတယ်။ ဒါပေမဲ့ အဲဒီနောက်ချလိုက်ပါလာမယ့် အုပ်ချုပ်ရေးကို သေချာလုပ်ရမယ်။

ကျနော်တို့က တော်လှန်ရေးတလျှောက်လုံးမှာ တကယ်ပဲ ဆင်းဆင်းရဲရဲ ငတ်ပြတ်ပြီး လုပ်လာတဲ့အခါမှာ တကယ်တမ်း ဒီမြို့ကို သိမ်းပြီးတော့ လုပ်လာမယ်ဆိုရင် ပြည်သူ့အုပ်ချုပ်ရေးကို ချရတော့မှာ ဖြစ်တယ်။ အဲဒါက ကျနော်တိို့မှာ အဆင်သင့် မဖြစ်သေးဘူး။ ရှင်းရှင်းပြောရရင်။ အဲဒါကြောင့် ဒီဟာတွေက သေသေချာချာ ဖြစ်ပြီးတော့၊ တဘက်ကနေ စစ်ကောင်စီကို ထိန်းတဲ့အနေနဲ့ သူတို့ လုံးဝလှုပ်ရှားလို့မရအောင် ပိတ်ဆို့ပြီးတော့ လုပ်နိုင်တဲ့အနေအထားမှာ ရှိပြီးတော့၊ ဒီမြို့ကို ဘယ်လိုအုပ်ချုပ်သွားမယ်ဆိုတာကို စဉ်းစားနေတာ ဖြစ်တယ်။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် တခြားနေရာမှာ ဖြစ်တဲ့အနေအထားနဲ့ လုံးဝနှိုင်းယှဉ်ကြတဲ့အခါမှာ ကျနော်တို့က တဆင့်ချင်းတဆင့်ချင်း ဆက်လက်လုပ်ဆောင်သွားပါမယ်။ ဒီမုန်းမြို့တမြို့တည်း မဟုတ်ဘူး၊ ဘေးနားကရှိတဲ့ အခြားသုံးမြို့ကလည်း လုံးဝအုပ်ချုပ်ရေး ပျက်နေတယ်ဆိုတာကို ပြောလို့ရတယ်။

မေး ။ ။ အခု KNU အနေနဲ့ကြတော့ တခြားတိုင်းရင်းသားဒေသတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ညီနောင်မဟာမိတ်သုံးဖွဲ့၊ နောက် ကချင် KIA တို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအချင်းချင်း ဆက်ဆံရေးအနေအထားက ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ အဲဒါကတော့ စစ်အာဏာသိမ်းပြီးကတည်းက စစ်အာဏာရှင်စနစ်ကို ရဲရဲတောက်၊ ဗြောင်ကျကျ ဖွင့်ထုတ်ပြီးပြောတဲ့အဖွဲ့ဆိုတာကတော့ ခပ်ရှားရှားပါပဲ။ သိပ်တော့မများပါဘူး။ ကချင်ရယ်၊ ကျနော်တို့ ကရင်၊ ကရင်နီ၊ ချင်းတို့ပါပဲ။ နောက်ပြီးတော့ NUG ကို ကျနော်တို့ လက်တွဲလုပ်ဆောင်လာတယ်။ အထူးသဖြင့် ထုတ်ပြန်ချက်တွေကို ကြည့်မယ်ဆိုရင် အဲဒီအဖွဲ့တွေပဲ များပါတယ်။ တခြားအဖွဲ့တွေကို မလုပ်ဘူးလားဆိုတော့ လုပ်တယ်။ ဒါပေမဲ့ သူတို့ ဗြောင်ကျကျ မထုတ်ဖော်ဘူး၊ သိုသိုသိပ်သိပ် လုပ်နေတဲ့အပိုင်းတွေ ရှိတယ်။ အထူးသဖြင့် ကျနော်တို့နဲ့ နားလည်မှုအပိုင်းတွေ ရှိသလောက် ရှိတယ်ဆိုတာ၊ အခုမြောက်ပိုင်းမှာ ၂ နှစ်ကျော်ကာလ ကျော်လာတဲ့အခါမှ သူတို့က ဝုန်းကနဲ လုပ်တယ်ဆိုတာ၊ ဒါက မနေ့တနေ့က ထလုပ်တဲ့ကိစ္စတွေ မဟုတ်ဘူး။ ကျနော်တို့နဲ့ နားလည်မှုတခု တစုံတခုသော နားလည်မှုနဲ့ လုပ်နေတဲ့အပိုင်းတွေ ရှိနေတဲ့အပေါ်မှာ အထူးသဖြင့် ကျနော်တို့က တောက်လျှောက်ပြောနေတာပါ။ ဟန်ချက်ညီညီနဲ့ လုပ်သွားဖို့ စစ်ရေးနဲ့ နိုင်ငံရေး။ အဲဒီအပိုင်းမှာ သူတို့က နားလည်မှုနဲ့ လုပ်သွားတဲ့အပိုင်း ရှိတယ်။ ထုတ်ဖော်မပြောတာတခုပဲ ရှိတယ်။ အဲဒါအပြင် ဒီညီနောင်သုံးဖော်ကနေ တခြားအဖွဲ့တွေလည်း ရှိတယ်။ ဒီအဖွဲ့တွေကလည်း ထပ်ချပ်မကွာ လုပ်ဆောင်လာဖို့ ရှိတယ်။

တချို့တွေကြတော့ ဗြောင်ကျကျတမျိုး၊ တချို့တွေကတော့ ကွယ်ဝှက်ပြီးတဖုံ ဒီတော်လှန်ရေးကို ထောက်ပံ့နေတဲ့ ထောက်ကူနေတဲ့ အပိုင်းတွေလည်း အများကြီးရှိတယ်။ ဒီမှာတော့ သိပ်ပြီးတော့ မပြောလိုပါဘူး။ ဒါပေမဲ့ ကျနော် မြင်တွေ့လိုချင်တာကတော့ ၂၀၂၄ မှာ ဒီအဖွဲ့တွေအားလုံးက ဗြောင်ကျကျ လုပ်ဖို့တော့ လိုလာပြီလို့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ရေးသာမကဘူး၊ ကျနော်တို့ နိုင်ငံရေးမှာပါ တခါတည်း ကျနော်တို့ တိုင်းပြည်ကို ထူထောင်တဲ့နေရာမှာ တကယ်ရည်မှန်းချက်ကျတယ်။ ကျနော်တို့ တကယ်တထပ်တည်းကျတဲ့ နိုင်ငံရေးရည်မှန်းချက်မျိုးကို ချထားဖို့တော့ လိုတယ်ဆိုတာကို ဒီနေရာကနေ ပြောချင်တယ်။ ဒါတွေကိုလည်း ကျနော်တို့ ဆက်လက်ကြိုးပမ်းသွားမယ်ဆိုတာကိုလည်း ပြည်သူလူထုနဲ့ နိုင်ငံတကာကို အသိပေးလိုချင်ပါတယ်။

မေး ။ ။ အဲဒီတော့ တွေ့ဆုံဆွေးနွေးရေးပိုင်း - စောစောကပြောသလို နိုင်ငံရေးမှာ မြန်မာစစ်တပ်ကပါနေတဲ့ အခန်းကဏ္ဍကနေ ဖယ်ထုတ်ဖိို့ဆိုတာ - စစ်တပ်ကိုယ်တိုင်ကလည်း လက်ခံမယ့်အပိုင်းမှာ အခု ၂၀၂၄ မှာလည်း အပြောင်းအလဲ ဖြစ်ကိုဖြစ်မယ်ဆိုတာမျိုးကိုလည်း ရည်မှန်းထားတဲ့အခါကြတော့ အဲဒီမှာ စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးရေးအပိုင်းကော ဖြစ်လာဖို့ရှိလား။ ဘယ်လိုပုံစံမျိုးနဲ့ အပြောင်းအလဲတွေ ဖြစ်သွားမလဲရှင့်။

ဖြေ ။ ။ အဲဒီအပိုင်းမှာတော့ သူတို့ဘက်မှာလည်း စိတ်ပူစရာအကြောင်း မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ နိုင်ငံရေးထုတ်ပြန်ချက် လေးချက် ဖြစ်တယ်။ ကျနော်တို့ ရပ်တည်ချက်က တစ်ချက်က စစ်တပ်က နိုင်ငံရေးက ဆုတ်ခွါရမယ်။ ဆုတ်ခွါပြီးနောက်မှာ အဲဒီစစ်တပ်ကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရမယ်။ ပြုပြင်ပြောင်းလဲမှုလုပ်ပြီး အရပ်သားအုပ်ချုပ်မှုအောက်မှာ ရှိရမယ်။ ဒါက ပထမအချက်။ ဒုတိယအချက်က ပြုပြင်ပြောင်းလဲမှုကာလမှာ တရားမျှတမှု ရှိရမယ်။ သူတို့ ကျူးလွန်ထားတဲ့ ပြစ်မှုကြီး၊ ပြစ်မှုငယ်တွေကို သူတို့တာဝန်ခံရမယ်။ ဆိုတော့ အဲဒီအပိုင်းမှာ ဘာလိုက်လာသလဲဆို ပထမတချက်က သူတို့ အသက်ရှင်ရပ်တည်ရေး။ သူတို့က မသေသေဘူး၊ သူတို့ ရှုံးနေတယ်။ ဒါပေမဲ့ သူတို့ ဘယ်လိုလုပ်ပြီးတော့ ဆက်လက်ပြီး အသက်ရှင်မလဲ။ သူတို့ ကြောက်ရွံတဲ့အပိုင်း၊ စိုးရိမ်မှုတော့ ရှိတယ်။ နောက်တချက်က ဒီထက်ပိုအရေးကြီးတာက သူတို့ရဲ့ မတရားသောနည်းလမ်းအားဖြင့် ရယူထားခဲ့တဲ့ ပစ္စည်းဥစ္စာ ပိုင်ဆိိုင်မှုတွေကို ဘယ်လိုစီမံခန့်ခွဲသွားမလဲဆိုတာကိုလည်း သူတို့ သိချင်တယ်။ အဲဒါကိုလည်း ကျနော်တို့ သေသေချာချာ စီမံခန့်ခွဲ၊ ညှိနှိုင်းရမှာ ရှိတယ်။ ဒါပေမဲ့ ဒါတွေအားလုံးက ပြည်သူ့အကျိုးပဲ ဖြစ်ရမယ်ဆိုတာက အလုပ် လုပ်ငန်းစဉ်ထဲမှာ ရှိပါတယ်။

နောက်တချက်ကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့အခါမှာ တကယ်လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုတော့ ကျနော်တို့ ရေးဆွဲရမယ်။ အဲဒါကို သူ လက်ခံရမယ်။ နောက်ဆုံးမှာတော့ သူတို့ နိုင်ငံရေးထဲက ထွက်ခွါသွားပြီသည့်တိုင် ကျနော်တိို့ ရှေ့အနာဂတ်မှာ ဒီလို နိုင်ငံရေး ဆွေးနွေးမှုတွေက အများကြီးရှိလာအုံးမယ်။ ဆိုလိုတာက ကျနော်တို့က အဖွဲ့ချင်းတဖွဲ့ချင်းလည်း မတူဘူး၊ လူမျိုးတွေလည်း မတူဘူးဆိုတော့ အများကြီး Dialogue တွေ ထပ်လုပ်ရမယ်။ ဒါပေမဲ့ စစ်တပ်ကတော့ နိုင်ငံရေးထဲမှာတော့ လုံးဝမပါရှိတော့ဘူး။ နိုင်ငံရေးထဲကထွက်ပြီး စစ်တပ်အလုပ် လုပ်။ ဒါပေမဲ့ သူလည်း ပြုပြင်ပြောင်းလဲမှု ခံယူပြီးနောက် အရပ်သားအုပ်ချုပ်မှုအောက်မှာ ရှိတဲ့အခါမှာ ကျနော်တိို့ ဒီလောက်လည်း ဘာမှစိုးရိမ်စရာ မရှိတော့ဘူး။ ဆွေးနွေးစရာရှိတာ ဆက်လက်ဆွေးနွေးသွားမယ်။ ကျန်တဲ့အဖွဲ့တွေနဲ့ နိုင်ငံရေးဆိုင်ရာတွေ ဆက်လက်ဆွေးနွေးသွားမယ်။

မေး ။ ။ NUG အမျိုးသားညီညွှတ်ရေးအစိုးရကလည်း ပြောပါတယ်။ KNU က သူတို့ရဲ့ တကယ့်ပင်မ၊ အရင်ကတည်းက သူတို့နယ်မြေ မရှိတဲ့အချိန်မှာလည်း သူတို့ရဲ့ PDF တပ်တွေဆိုလည်း KNU ဘက်က အများကြီးပံ့ပိုးကူညီခဲ့တယ်။ KNU နဲ့ ပူးတွဲပြီးတော့ ရပ်တည်နေရတယ်ဆိုတဲ့ အနေအထားလည်းပြောတော့ အခုလက်ရှိ NUG အမျိုးသားညီညွှတ်ရေး အစိုးရနဲ့ ပတ်သက်လို့ KNU ရဲ့ သဘောထားက ဘယ်လိုပုံစံမျိုးလို့ ပြောလို့ရပါသလဲရှင့်။

ဖြေ ။ ။ အဲဒါကတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် လက်တွဲပြီး လုပ်ဆောင်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတခုအနေနဲ့ပဲ ကျနော်တို့ မှတ်ယူတယ်။ လက်တွဲပြီး လုပ်ဆောင်လာခဲ့တာ အခုဆို ၂ နှစ် ၃ နှစ်လည်း ပြည့်တော့မယ်။ ဆိုတော့ ထူးထူးခြားခြားတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကြားကာလမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကိုပဲ တိုက်ပွဲအတူတူ တိုက်ပွဲဝင်တဲ့အခါမှာတော့ ပုံသဏ္ဍာန်အားဖြင့်တော့ ပြည်ထောင်စုအစိုးရတရပ်အနေနဲ့ ကျနော်တို့ နားလည်တယ်။ ပြီးတော့ ခံလည်းခံယူတယ်။ ဒါပေမဲ့ ကျနော်တို့ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို ယတိပြတ် အစိုးရတရပ်လို့ မခေါ်သေးသည့်တိုင်၊ ကျနော်တို့အနေအထားက ပြည်နယ်အစိုးရအင်္ဂါရပ်နဲ့ ရှိနေတယ်ဆိုတာကို ပြောနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ လူထု ရှိတယ်။ တပ်တွေ ရှိတယ်။ လူထုကို ကာကွယ်မယ့် တပ်တွေလည်း ရှိတယ်။ တရားစီရင်ရေးစနစ်တွေလည်း ရှိတယ်။ ပုလိပ်ဂတ် ရဲဌာနလုပ်ငန်းတွေလည်း ရှိတယ်။ အကုန် ရှိတယ်။ ဌာနဆိုင်ရာဆိုရင် ၁၂ ခု ရှိတယ်။ အစိုးရအင်္ဂါရပ် အကုန်ရှိတယ်။

ဒါပေမဲ့ ကျနော်တို့ တကယ့်ပြည်ထောင်စု တည်ဆောက်တဲ့အခါမှာ ဒီပြည်ထောင်စု အင်္ဂါရပ်နဲ့ ရှိဖို့အတွက်ဆို ပြည်ထောင်စုအစိုးရ ရှိသလို၊ ကျနော်တို့ ပြည်နယ်အစိုးရလည်း ရှိရမယ်။ ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ် ပြည်နယ်အစိုးရအင်္ဂါရပ် ပြည့်ပြည့်စုံစုံ ဖြစ်လာဖို့အတွက် လက်ရှိကြိုးစားနေတယ်။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် အခုလက်ရှိ NUG အနေနဲ့တော့ ပြည်ထောင်စုအစိုးရ အင်္ဂါရပ်တရပ်အနေနဲ့ နားလည်တယ်။ ဒါပေမဲ့ ရှိရမှာကတော့ ဘာပဲဖြစ်ဖြစ် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရကြားမှာတော့ အာဏာခွဲဝေမှု အတိုင်းအတာ ရှိရမှာပဲ။ တဦးရဲ့နယ်မြေ၊ တဦးရဲ့ အာဏာ ဝန်းဝိုင်းထဲကို ကျူးကျော်စွက်ဖက်တာမျိုးတော့ မရှိရဘူးဆိုတာကို ကျနော်တို့ အလေးအနက် ခံယူထားတယ်။

မေး ။ ။ နိုင်ငံတကာ လေ့လာတဲ့သူတွေ၊ နိုင်ငံတကာရေးတွေကို လေ့လာတဲ့သူတွေ သုံးသပ်ချက်မှာတော့ မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ တိုက်ပွဲတွေအနေအထားအရဆိုရင် မြန်မာစစ်တပ်က ဘာပဲပြောပြော သူ့မှာ ခေတ်မီလက်နက်နဲ့ စနစ်တကျ တည်ဆောက်ထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်ဆိုတဲ့အခါမှာ အခု တိုက်ပွဲတွေမှာ နယ်မြေတွေ သိမ်းပိုက်လာတယ်။ သူတို့စခန်းတွေကို သိမ်းပိုက်လာတယ်ဆိုပေမဲ့ အနိုင်ရတယ်လို့ ပြောဖို့က စောသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်မှာ PDF တွေရဲ့ အနေအထား၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အနေအထားဖြစ်ဖြစ်၊ မြန်မာစစ်တပ်နဲ့ယှဉ်ရင် အင်အားအရ၊ စစ်လက်နက်၊ အထူးသဖြင့် သူတို့ထောက်ပြတာကတော့ လက်နက်အင်အား - ဟိုဘက်က တိုက်လေယာဉ်တွေ ရှိနေတဲ့အနေအထားဆိုတော့၊ အဲဒီသုံးသပ်ချက်တွေအပေါ် ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ အဲဒါပြောလိုတာကတော့ စစ်အာဏာသိမ်းပြီးတဲ့အခါမှာ နိုင်ငံတကာ ရှုမြင်ချက်တွေနဲ့ စစ်ကောင်စီရဲ့ ရှုမြင်ချက်တွေက တထပ်တည်းကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တိို့တွေရဲ့ လုပ်ဆောင်မှုတွေ၊ တော်လှန်မှုတွေက လပိုင်းအနည်းငယ်၊ လေးငါးလအတွင်း ပြိုကွဲသွားမှာလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ကြာလာတဲ့အခါမှာ အဲဒီထင်မြင်ချက်တွေ လုံးဝလွဲသွားတယ်ဆိုတာကို သူတို့ ဝန်ခံခဲ့တယ်။ ဒါပေမဲ့ ၂ နှစ်ကျော်ကြာလာတဲ့အခါ အဲဒါကို ကျော်လွန်ပြီးတော့ သူတို့ယူဆထားတဲ့အရာ မှားရုံတင်မကဘူး၊ ကျနော်တို့ လက်တွေ့ပြသခဲ့တယ်။ အထူးသဖြင့် ကျနော်တို့ သူတို့တပ်တွေကို တပ်မ ၂၆ ခုစာလောက်ကို ၂ နှစ်ကျော်ကာလအတွင်းမှာ ချေမှုန်းနိုင်ခဲ့တယ်။ မြို့တွေကို မသိမ်းသေးဘူး၊ ဒါပေမဲ့ ညီနောင်သုံးဖော် စတင်လိုက်တဲ့ စစ်ဆင်ရေးက မြို့တွေအများကြီး သိမ်းနိုင်တယ်။ ဆိုတော့ ကျနော်တို့ တောက်လျှောက်ကြားလာတဲ့ ကမ္ဘာ့အဆင့် ၃၈ ရှိတဲ့ တပ်ကြီးက ဘာလဲပေါ့။

ဒီနေ့ဒီကာလမှာ ရယ်စရာတွေ ဖြစ်ကုန်တယ်။ အဲဒါတွေက ဘာမှမဟုတ်တော့ဘူး။ ကျနော်တို့ တွေ့နေရတာ တိုက်ပွဲတွေမှာ ခယမ်းမီးကျောက်တွေ တပုံတပင်ကြီး ရှိပြီးတော့ ဒီအတိုင်း ပစ်ချပြီး ပြေးနေတာ၊ ဒီလိုဟာတွေ ဖြစ်လာတာ တောက်လျှောက်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီတပ်က ပျက်နေပြီ။ ဒါပေမဲ့ သူတို့မှာ ဘာတွေရှိနေသေးလဲဆိုတော့ သူတို့ ဆက်လက်သက်ရှင်နိုင်ဖို့အတွက် သယံဇာတတွေ၊ လက်နက်စက်ရုံတွေ၊ လေယာဉ်ပျံတွေ ရှိသေးတယ်။ နောက် သူတို့ဝင်ငွေဖြစ်တဲ့ သဘာဝဓါတ်ငွေ့၊ အဲဒါတွေက ရှိသေးတယ်။ လေယာဉ်ဆီတွေ လုပ်နိုင်သေးတယ်။ အဲဒါတွေကို ဆက်ပြီးတော့ ဖြတ်တောက်ပြစ်ဖို့လိုတယ်။ ဒါတွေကို ဆက်ပြီးတော့ တွန်းအားလုပ်သွားရမယ်။ မလုပ်နိုင်ဘူး မဟုတ်ဘူး။ လုပ်နိုင်တယ်။ အချိန်ကာလတခု ယူရမှာ။ လေတပ်ကို ကျနော်တိို့ စိုးရိမ်တယ်ဆိုပေမဲ့လို့ ဒီနေ့ဒီကာလမှာ သူတို့သုံးနေတဲ့ အားကိုးရပါတယ်ဆိုတဲ့ တရုတ်ထုတ်လုပ်တဲ့ လေယာဉ်တွေက အခုလည်း ခဏခဏ ပျက်ကျနေတာ၊ လေယာဉ်မှူးတောင် အဖမ်းခံနေရတယ်။ နောက် MIG-29 တွေကော, Yak-139 တွေက အများကြီးသုံးနေပေမဲ့ ကျနော်တို့ တော်လှန်ရေးကို မထိခိုက်ဘဲ၊ လူထုတွေကို ထိခိုက်နေတယ်။ အခုနောက်ဆုံး သူထုတ်ပြောတာ သိပ်မကြာသေးဘူး၊ ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်ပြောတာ နောက်ဆုံးလေယာဉ် Su-30 ကို ထုတ်သုံးတော့မယ်။ ကျနော်တို့ လုံးဝဂရုမစိုက်ဘူး။ သူတို့ လေယာဉ်ပျံတွေ ထုတ်သုံးနေပေမဲ့ သူတို့တပ်ဖွဲ့တွေ၊ စခန်းတွေ၊ မြို့တွေ တမြို့ပြီးတမြို့ ကျနေတယ်ဆိုတာ လေယာဉ်ပျံ သုံးနေတာပဲ။ သုံးတာမှ ရက်ရက်စက်စက်ကိုသုံးတာ။ ဒါပေမဲ့ သုံးရင်နဲ့ပဲ ဒီမြို့တွေ ကျသွားခဲ့တာ။ ကျနော်တို့ကတော့ တွက်တယ်။ အချိန်တခုတော့ ယူရမယ်။ မလွဲမသွေ ကျနော်တို့လက်ထဲကို ရောက်လာမယ်။

XS
SM
MD
LG