သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း KIA အတည်ပြု


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီရဲ့ နားဖော့စခန်းကို လာရောက်တဲ့ ထောက်ပို့ ရဟတ်ယာဉ်တစီးကို KIA က ပစ်ချခဲ့တာကြောင်းဆိုထားတဲ့ ဗွီဒီယိုဖိုင် (ဇန်နဝါရီ ၃၊ ၂၀၂၄)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီရဲ့ နားဖော့စခန်းကို လာရောက်တဲ့ ထောက်ပို့ ရဟတ်ယာဉ်တစီးကို KIA က ပစ်ချခဲ့တာကြောင်းဆိုထားတဲ့ ဗွီဒီယိုဖိုင် (ဇန်နဝါရီ ၃၊ ၂၀၂၄)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီရဲ့ နားဖော့ စခန်းကို လာရောက်တဲ့ ထောက်ပို့ ရဟတ်ယာဉ်တစီးကို KIA က ပစ်ချခဲ့တာကြောင့် ပျက်ကျသွားခဲ့ကြောင်း KIA ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့နေရာကို မြစ်ကြီးနားလေတပ်က တိုက်လေယာဉ်တွေ လာရောက်ပြီး ပစ်ခတ်တာတွေ ရှိခဲ့ကြောင်းလည်း ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေ အတန်ငယ် ငြိမ်သက်နေချိန်မှာပဲ လိုင်ဇာဒေသဘက်ကို လာရောက်တဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ ရဟတ်ယာဉ်ကို KIA က ပစ်ချလိုက်တာပါ။ ဒီလို ပစ်ချလိုက်တာနဲ့ပတ်သက်ပြီး KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။

“မနက်ပိုင်း ၁၀နာရီ မိနစ် ၅၀လောက်မှာ ဖြစ်ပါတယ်။ ဖြစ်တဲ့နေရာကတော့ စကစရဲ့ နားဖော့ တပ်စခန်းမှာ မြစ်ကြီးနား လေတပ်ကနေ ရိက္ခာလား၊ တခြားဒီ လက်နက်ခဲယမ်းတွေလား မသိဘူး၊ ပို့ပေးတာကို ထောက်ပို့ပေးတာကို အဲဒါနဲ့ ပြန်သွားတာကို ပစ်ချလိုက်တာ ဖြစ်ပါတယ်ခင်ဗျ။ လေယာဉ်ပစ်ချတဲ့နေရာမှာ၊ ကျသွားတဲ့နေရာမှာ မီးတွေ လောင်နေတာ။ Pilot တွေကတော့ လေထီးခုန်ပြီလား မသိသေးဘူး။ ကျနော်တို့အဖွဲ့တွေလည်း အဲဒီဘက်မှာ နယ်မြေရှင်းလင်းရေးတော့ သွားပါတယ်။ သူတို့လည်း ဘာမှ သတင်းပို့လာတာ မရှိသေးပါဘူးခင်ဗျ။”

ရဟတ်ယာဉ် ပစ်ချခံရတဲ့ နားဖော့စခန်းဟာ လိုင်ဇာဒေသရှိ နမ့်ဆန်ယန်၊ ကန်တောင်ယန် စတဲ့ရွာတွေရဲ့ အနီးအနားမှာ တည်ရှိတာ ဖြစ်ပါတယ်။ ရဟတ်ယာဉ်ပစ်ချခံရတဲ့နောက် မြစ်ကြီးနားလေတပ်က တိုက်လေယာဉ်တွေ အဲဒီဒေသတဝိုက်ကို ရောက်ရှိလာပြီး စက်သေနတ်နဲ့ ပစ်ခတ်တာတွေရှိကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ဂျက်ဖိုက်တာတွေ လာပြီးမှ စက်သေနတ်တဲ့ ပစ်တာတွေတော့ ရှိတယ်လို့ ပြောပါတယ်။ ဗုံးကြဲတာကတော့ အဲဒီပတ်ဝန်းကျင်မှာကတော့ မကြားသေးပါဘူး။”

ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှာတွေ့ရတဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တပ်သားများ
ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှာတွေ့ရတဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တပ်သားများ

ကချင်ပြည်နယ် အခြားဒေသတွေမှာ တိုက်ပွဲဖြစ်ပွားတဲ့သတင်း မရရှိသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဒီကနေ့ ပျက်ကသွားတဲ့ ရဟတ်ယာဉ်ဟာ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် KIA က ပစ်ချခဲ့တဲ့ ဒုတိယမြောက် ရဟတ်ယာဉ် ဖြစ်ပါတယ်။ အလော့ဘွမ် တိုက်ပွဲပြင်းထန်နေချိန် ၂၀၂၁ခုနှစ်က မေလ ၃ရက်နေ့က မိုးမောက်မြို့နယ် ကုန်းလောရွာအနီးမှာ စစ်ကောင်စီရဲ့တိုက်ခိုက်ရေး ရဟတ်ယာဉ်တစီးကို KIA က ပစ်ချခဲ့ပါတယ်။

၂၀၂၃ခုနှစ်အတွင်းကတော့ ကရင်နီ(ကယားပြည်နယ်) တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လေယာဉ်နှစ်စီး ပစ်ချခံခဲ့ရပါတယ်။ ပထမတစီးက ဇူလိုင်လ ၁ရက်နေ့မှာ ဘော်လခဲမြို့နယ်အတွင်း ပျက်ကျခဲ့တာဖြစ်ပြီး ဒုတိယတစီးက နိုဝင်ဘာ ၁၁ရက်မှာ သံတောင်ကြီးမြို့နယ်အတွင်း ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ သံတောင်ကြီးမြို့နယ်အတွင်း ပျက်ကျတဲ့ လေယာဉ်ဟာ စက်ချို့ယွင်းတာကြောင့်ဖြစ်ကြောင်း ပြောဆိုထားပြီး နိုဝင်ဘာလ ၁၉ရက်နေ့မှာ အဲဒီလေယာဉ်ရဲ့ လေယာဉ်မှူး ၂ ဦးအနက် တဦးကို ကရင်နီတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။

ရှမ်းမြောက်ဒေသ တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒီနေ့ သတင်းတက်လာတာ မရှိသေးကြောင်း PSLF/TNLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီလ ၂ရက်နေ့မှာတော့ ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲပြင်းထန်ခဲ့သလို နောင်ချိုမြို့နယ် သံဘိုရွာဘက်မှာလည်း တိုက်ပွဲဖြစ်ပွားကြောင်း PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။ ကိုးကန့်ဒေသ လောက်ကိုင်မြို့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ကိုးကန့်တပ် MNDAA က ဒီကနေ့ သတင်းအသစ် ထပ်မံထုတ်ပြန်တာ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG