သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခမ်းပတ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၁၇ ဦးသေ


စစ်ကိုင်းတိုင်း ခမ်းပတ်မြို့နဲ့ တမိုင်ခန့်သာဝေးတဲ့ ကနန်ရွာမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ (ဇန်နဝါရီ ၇၊ ၂၀၂၄)
စစ်ကိုင်းတိုင်း ခမ်းပတ်မြို့နဲ့ တမိုင်ခန့်သာဝေးတဲ့ ကနန်ရွာမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ (ဇန်နဝါရီ ၇၊ ၂၀၂၄)

စစ်ကိုင်းတိုင်း ခမ်းပတ်မြို့အနီး ကျေးရွာမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတွေ အပါအဝင် ဒေသခံ ၁၇ ဦး သေဆုံးခဲ့ပြီး၊ အပြင်းအထန် ဒဏ်ရာရသူတွေ အပါအဝင် ထိခိုက်သူတွေကို ဆေးကုသ ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း ဟုမ္ပလင်းမြို့မှာတော့ စစ်တပ်နဲ့ မဟာမိတ်လက်နက်ကိုင်တွေကို ဒေသခံ ကာကွယ်ရေး အဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ စစ်ကိုင်းတိုင်းထဲက စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုခင်မောင်စိုးမင်း ပြောပြမှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံနဲ့နယ်စပ်က ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့နဲ့ တမိုင်ခန့်သာဝေးတဲ့ ကနန်ရွာကို တနင်္ဂနွေနေ့ အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၇ ဦး အပါအဝင် အရပ်သား ၁၇ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်းဟာ စိုးရိမ်ရတဲ့ ဒဏ်ရာတွေကြောင့် ကုသပေးနေရတယ်လို့ ဒေသခံ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင် တယောက်ကပြောပါတယ်။

ကနန်ရွာမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းနဲ့ စာသင်ကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ရာက အနီးအနားက အရပ်သားတွေကို ထိမှန်တာလို့လည်း ပြောပါတယ်။

“ကနန်ကျေးရွာရဲ့အထက်တန်းခွဲစာသင်ကျောင်းအနောက်ကို လေကြောင်း လာပစ်သွားတာပေါ့နော်။ သေဆုံးတာက အခုထိ အတည်ပြုထားတာ ၁၇ ဦး အရေးပေါ်အနေနဲ့ ဆေးရုံတင်ထားတာရတာ ၁၀ ဦးလောက်တော့ ရှိမယ်။ မနက်ကနေ အခုထိ ခွဲခန်းဝင်နေရသူတွေပါရှိတယ်။ ဆုံးပါးသွားတဲ့ထဲမှာတော့ ကလေးတွေပါတယ်ပေါ့နော်။ ယောက်ကျားလေး ၄ ယောက်နဲ့ မိန်းကလေး ၃ ယောက် အဲ့ဒါကတော့ ကျဆုံးသွားတဲ့ ကလေးလေးတွေပေါ့နော်။ အဲ့ ၁၇ ဦးထဲမှာ ပါတယ်ပေါ့နော်။ ထိထားတာ လူလတ်ပိုင်းတွေ ထိထားတာ။ အဲ့ဗုံးကြဲတဲ့နေရာက လူနေရပ်ကွက် ကျောင်းရဲ့အနောက် နောက်တခုက ဘုရားကျောင်းပေါ့။ အဲ့နေ့က တနင်္ဂနွေနေ့ကြီးလေ တနင်္ဂနွေနေ့ကို ဘုရားကျောင်းဆင်းတဲ့အချိန်လောက်ပေါ့နော်။ အဲ့အချိန်လောက်မှာ ဖြစ်သွားတာ။”

စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာလို့ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ဒေသခံတွေ ပြောပေမယ့် စစ်ကောင်စီဘက်က နယ်မြေတာဝန်ရှိသူတွေက လေကြောင်း ပျံသန်းတာမရှိဘဲ တပ်က ဗုံးကြဲတိုက်ခိုက်တာဟာ သတင်းအမှားသာ ဖြစ်တတပ်လို့ စစ်ကောင်စီ ပြန်ကြားရေးက တုန့်ပြန်ထားပါတယ်။

ခမ်းပတ်မြို့ဟာ မြန်မာ အိန္ဒိယနယ်စပ် တမူးမြို့နဲ့ ကလေးမြို့ကြားမှာ ရှိတာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ပြီး ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေတာဖြစ်ပါတယ်။ စစ်တပ်ဘက်က ခမ်းပတ်မြို့ကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားတာတွေလည်း ရှိပါတယ်။

စစ်ကိုင်းတိုင်း ခမ်းပတ်မြို့နဲ့ တမိုင်ခန့်သာဝေးတဲ့ ကနန်ရွာမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ (ဇန်နဝါရီ ၇၊ ၂၀၂၄)
စစ်ကိုင်းတိုင်း ခမ်းပတ်မြို့နဲ့ တမိုင်ခန့်သာဝေးတဲ့ ကနန်ရွာမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ (ဇန်နဝါရီ ၇၊ ၂၀၂၄)

တချိန်တည်းမှာပဲ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။ စစ်တပ်နဲ့ ထောက်ခံသူလက်နက်ကိုင် ပျူစောထီးတွေ တပ်စွဲထားတဲ့ ချင်းတွင်းမြစ်ဘေးက သောင်သွပ်ကျေးရွာ ရဲစခန်းနဲ့ ကျောင်းကုန်းကျေးရွာကို ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ပြီးခဲ့တဲ့ သောကြာနေ့ကပဲ တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်း ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

“သောင်သွတ်ကျေးရွာရဲ့အောက်ဖက်နားက ကျောင်းကုန်းရွာရယ် အဲ့ ၂ ရွာကို သိမ်းပိုက်နိုင်လိုက်တာ။ သောင်သွပ်မှာက ရဲစခန်းရှိတယ်။ တပ်စိတ်တစိတ်လောင် ရဲစခန်းကို အင်အားဖြည့်ထားတယ်လို့ သိထားတယ်။ အဓိက က အဲ့မှာက သောင်သွပ်နဲ့ကျောင်းကုန်းမှာက ပျူတွေသင်တန်းဆင်းပြီးတော့ ပျူအားကောင်းတဲ့နေရာ သောင်သွပ်က မြစ်ကမ်းဘေးလည်းဖြစ်တယ်။ ရေကြောင်းမှာလည်း အချက်အခြာကျတယ်ပေါ့နော်။ PDF တပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်လိုက်တာ။”

အဲ့ဒီမတိုင်ခင်ကလည်း ချင်းတွင်းမြစ်ဘေးက အဓိက ကျတဲ့ ရွှေပြည်အေးမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ကြေညာခဲ့တာပါ။ စစ်ကိုင်းတိုင်းအထက်ပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်ထောက်ခံသူတွေကို ရိက္ခာလူသူလက်နက်တွေ ပို့ဆောင်ဖို့အတွက် ချင်းတွင်းမြစ်ကို အဓိကထား အသုံးပြုနေချိန်မှာ ကာကွယ်ရေး တပ်ဖွဲ့တွေက မြစ်ကြောင်းတလျှောက်မှာရှိတဲ့ စစ်ကောင်စီ လုံခြုံရေးစခန်းတွေကို ပစ်မှတ်ထားလာနေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG