သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းနဲ့မကွေးတိုင်းတွင်း စစ်ကောင်စီနယ်မြေရှင်းလင်း၊ ဒေသခံတွေတိမ်းရှောင်


မကွေးတိုင်း ပေါက်မြို့နယ် တပတ်ကျော်ကြာ စစ်ကောင်စီတပ် နယ်မြေရှင်းလင်းမှု အတွင်း ကျေးရွာနေအိမ် ၃၆၄ လုံး မီးလောင်ကျွမ်းခဲ့စဥ်။ (ယခင်မှတ််တမ်းဓာတ်ပုံ/ Photo : CJ )
မကွေးတိုင်း ပေါက်မြို့နယ် တပတ်ကျော်ကြာ စစ်ကောင်စီတပ် နယ်မြေရှင်းလင်းမှု အတွင်း ကျေးရွာနေအိမ် ၃၆၄ လုံး မီးလောင်ကျွမ်းခဲ့စဥ်။ (ယခင်မှတ််တမ်းဓာတ်ပုံ/ Photo : CJ )

စစ်ကိုင်းတိုင်းတွင်း စစ်ကောင်စီစစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တဲ့ ခမ်းပတ်မြို့ကို ကာကွယ်ရေးအဖွဲ့တွေက ပြန်လည် တိုက်ခိုက်သိမ်းယူပြီး အရပ်သားတွေ ပြန်လည်ဝင်ရောက်နိုင်အောင် လုပ်ဆောင်ပေးနေတယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ ဒီပဲယင်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးကြောင့် ထောင်နဲ့ချီတဲ့အရပ်သားတွေ စစ်ဘေးရှောင်နေရပါတယ်။ မကွေးတိုင်း ကျောက်ထုမြို့ဘက်မှာလည်း စစ်တပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ ဒေသခံတွေ တောတောင်တွေထဲ တိမ်းရှောင်နေရပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွင်း တိုက်ပွဲအခြေအနေ သတင်းပေးပို့ချက်ကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

စစ်တပ် စစ်ကြောင်းထိုးလာလို့ တပတ်နီးပါး တိုက်ပွဲပြင်းထန်ခဲ့တဲ့ ခမ်းပတ်မြို့ကို ဒီဇင်ဘာ ၁၅ ရက်နေ့က ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် အရပ်သားတွေ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ဖို့အတွက် နယ်မြေတွင်း ရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ပြောတာပါ။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြုံရနိုင်သလို တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ မပေါက်ကွဲသေးတဲ့ လက်နက်တွေ ရှိနေနိုင် သေးတဲ့အတွက် အရပ်သားတွေကို ပြန်လည်ဝင်ရောက်နေထိုင်နိုင်ဖို့ နယ်မြေရှင်းလင်းနေတာလို့ ခမ်းပတ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“ဒီဇင်ဘာ ၁၅ ပေါ့။ အဲ့နေ့ကတည်းက တိုက်ပွဲဖြစ်ပြီးကတည်းက စကစတွေ ထွက်ပြေးသွားကြတယ်။ တချို့အလောင်းတွေနဲ့ လက်နက်တွေတော့ ကျန်ခဲ့တယ်။ အဲ့နေ့ကစပြီးတော့မှ ရှင်းလင်းရေး ထပ်လုပ်တယ် ပေါ့နော်။ ပြည်သူတွေက မြို့ထဲကိုဝင်လာလို့ အဆင်မပြေသေးဘူး။ ရှင်းလင်းရေးလုပ်နေတယ်။ နောက်တခါ ခမ်းပတ်မြို့ထဲကို အချိန်မရွေး စကစရဲ့ လေယာဉ်ဗုံးလာချနိုင်တယ်ပေါ့နော်။ ဒီ့အတွက်တော့ ထပ်ပြီး အချိန်ယူရအုံးမယ်။ ၁ ရက် ၂ ရက်တော့ အချိန်ယူရအုံးမယ်။ မြို့ထဲမှာ လက်ပစ်ဗုံးချထားတာ ကျနေတာတွေ ရှိတယ်။ ဒါတွေကို ရှင်းလင်းရေး ပြန်လုပ်နေတယ်။”

ရက်သတ္တပတ်ကျော်ကြာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းနဲ့ ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် နေအိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ မြို့တွင်းပျက်စီးမှုအခြေအနေနဲ့ပတ်သက်လို့ ဒေသခံတဦးက အခုလို ပြောပြပါတယ်။

“မပြန်ရသေးဘူးရှင့်။ တိုက်ပွဲကတော့ မဖြစ်တော့ဘူး။ အပြန်မခံသေးဘူး။ လူငယ်တွေက လမ်းတွေပိတ်ထားတာ ကျမတို့ အခုနေတဲ့ရွာ ဟိုဘက်ဒီဘက်ကို ထွက်လို့မရဘူး။ အခြေအနေ ဆိုးတယ်ထင်တယ်။ လေယာဉ်ပစ်ကြတဲ့ဟာတွေက အိမ်တွေပျက်စီးတာတွေ များတယ်။ (ခမ်းပတ်မြို့) ဘုန်းကြီးကျောင်းကြီးလည်း ပျက်စီးသွားတယ်။”

ခမ်းပတ်မြို့တွင်း တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ နေအိမ် ၁၀ လုံးကနေ အလုံး ၂၀ အထိ ပျက်စီးဆုံးရှုံးခဲ့ရပြီး အရေအတွက် အတိအကျကိုတော့ စာရင်းကောက်ယူမရသေးဘူးလို့ အုပ်ချုပ်ရေးအဖွဲ့တွေက ဆိုပါတယ်။ ခမ်းပတ်မြို့ကို ကာကွယ်ရေးအဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေချိန်မှာပဲ စစ်တပ်ဘက်က အင်အား ၂၀၀ နီးပါးနဲ့ ဒီဇင်ဘာ ၆ ရက်က ပြန်လည်ထိုးစစ်အတွက် ပြင်ဆင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်မှာတော့ တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။

တိုက်ပွဲဖြစ်ပွါးခဲ့တဲ့နောက်မှာ စစ်ကြောင်းထိုးလာတဲ့ အမှတ် (၇၇) လက်အောက်ခံ ခမရ (၃၉၁) နဲ့ ခလရ (၂၂၈) တပ်တွေ ပြန်လည်ဆုတ်ခွါ ထွက်ပြေးသွားပြီး ခမ်းပတ်မြို့ကို ကာကွယ်ရေးအဖွဲ့တွေဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။ တိုက်ပွဲမှာ စစ်တပ်ဘက်က ၃၀ ဦး သေဆုံးခဲ့သလို ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့တဲ့အပြင် လက်နက်တွေလည်း သိမ်းဆည်း ရမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းထဲကပဲ ဒီပဲယင်းမြို့မှာဆိုရင်လည်း စစ်တပ်က ဒီဇင်ဘာ ၁၆ ရက်ကစလို့ ဒီကနေ့အထိ နယ်မြေရှင်းလင်း စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ ၂ ထောင်လောက်ဟာ ဘေးလွတ်ရာ တိမ်းရှောင် နေရပါတယ်။ ဒီပဲယင်းမြို့အနီး ၂ မိုင်ပတ်ချာလည်က ကျေးရွာတွေကို အဓိက နယ်မြေရှင်းလင်း နေတာ ဖြစ်တယ်လို့လည်း ဒေသခံတဦးက အခုလို ပြောပါတယ်။

“ဒီပဲယင်းမြို့ရဲ့တောင်ဘက် ၂ မိုင်အကွာ ရွာတွေကိုထိုးနေတာ။ ၁၆ ရက်နေ့က စစ်ကြောင်းကထွက်လာတာ။ မနေ့ကစပြီးတော့ အောင်ချမ်းသာရွာကို ဝင်တာပေါ့။ သူတို့ပစ်ခတ်ပြီး မနက်ခင်း ၇ နာရီ ၈ နာရီလောက်ကနေ စဝင်တယ်။ နေ့ပိုင်းရောက်တော့ ပင်စည်ဆိုတဲ့ရွာကိုကူးပြီး ညအိပ် တပ်စွဲတာပေါ့။ ဒီနေ့မနက်ခင်းရောက်တော့ ခဒေါင်းဆိုတဲ့ရွာဘေးကို ထွက်သွားပြီး အခု ပုဂံရွာကိုရောက်နေတယ်။ တပ်စွဲထားတယ်။ ပုဂံရယ်၊ နဘဲလှရယ်ဆို လူဦးရေ ၂ ထောင်နီးပါးလောက် ပြေးရမှာပေါ့။ ပုဂံ၊ နဘဲလှ၊ ပျံကျ၊ ယင်းဒွေ၊ လတ်တီး၊ ပုံသေသတ်မှတ်လို့ တော့မရဘူး။ ဒီနေ့ ၂ ထောင်လောက်ဖြစ်ရင် နောက်နေ့ ၃ ထောင်လောက်ဖြစ်မှာ။ စစ်ကြောင်းက ရွေ့နေတာဆိုတော့ ရွာကြီးတွေ ဆိုရင်တော့ပိုမှာပေါ့။ ရွာနားကပ်လာမှ ပြေးကြတာလေ။”

ဒါ့အပြင် ဒီပဲယင်းမြို့မှာရှိတဲ့ အစိုးရဝန်ထမ်းတွေနဲ့ မိသားစုတွေကိုလည်း ခရိုင်မြို့ဖြစ်တဲ့ရေဦးမြို့ကို စစ်တပ်က လုံခြုံရေးယူပြီး ကားတွေနဲ့ ခေါ်ဆောင်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါက စစ်ကိုင်းတိုင်းထဲက အခြေအနေပါ။

မကွေးတိုင်း ကျောက်ထုဘက်မှာလည်း စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၇ ရက်တို့မှာ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံတွေ စိုးရိမ်နေပါတယ်။ တောတောင်တွေထဲ တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတဦးက အခုလို ပြောပါတယ်။

“၁၂ ရက်နေ့က ကျောက်ဆွဲရွာကို ဝင်ပစ်သွားတယ်။ သေဆုံးဒဏ်ရာရတော့ မရှိဘူး။ သူတို့ရွာနဲ့ ဆေးပေးခန်းကြားထဲကို ကျသွားတာ။ ဘာလို့လာပစ်တာလည်းမသိဘူး။ စစ်ကြောင်းလည်းမရှိဘူး။ တိုက်ပွဲလည်း မရှိဘူး။ ဒီတိုင်းလာပစ်တာ။ မနေ့က ကျောက်ထုတိုက်နယ်ထဲက တပြင်းရွာနဲ့ နသိုးရွာကို ပစ်သွားတာ။ တပြင်းရွာမှာက စာသင်ကျောင်းနဲ့ အိမ်တလုံးနဲ့ ပျက်စီးသွားတာပေါ့။ လူတွေတော့ ထိခိုက်တာမရှိပါဘူး။ တိုက်ပွဲမဖြစ်ဘူး။ ဘယ်မှာမှတိုက်ပွဲမဖြစ်ဘူး။ အဲ့ဒါကိုသူတို့က လိုက်ပစ်နေတာပေါ့။ စားဖို့သောက်ဖို့ အကူအညီတွေတော့ လိုနေတာပေါ့။ ကျမတို့လည်း စခန်းရှောင်နေကြတာတွေ။ ကျမတို့လည်း (အကူအညီပေးဖို့) တင်ထားတုန်းပဲရှိသေးတယ်ဆိုတော့။”

ဒါ့အပြင် ကျောက်ထု အမြောက်တပ်နဲ့ ကပ်လျက်က ကျေးရွာတွေဟာလည်း ရွာလုံးကျွတ် တိမ်းရှောင်နေရတာပါ။ တောတောင်တွေထဲမှာဖြစ်သလိုနေထိုင်နေကြရတာဖြစ်ပြီး စစ်ရှောင် ဦးရေ ၂ ထောင် ကျော်လောက်ဟာ အကူအညီတွေလိုအပ်နေတယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG