သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ စစ်ကြောင်းထိုးမှာ ခမ်းပတ်မြို့ခံတွေ စိုးရိမ်နေ


Google Earth မြေပုံမှာမြင်တွေ့ရတဲ့ ချင်းပြည်နယ် ခမ်းပတ်မြို့
Google Earth မြေပုံမှာမြင်တွေ့ရတဲ့ ချင်းပြည်နယ် ခမ်းပတ်မြို့

ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ခမ်းပတ်မြို့မှာ ဒေသခံတော်တော်များများ ပြန်လည်ဝင်ရောက် နေထိုင်နေပြီလို့ အုပ်ချုပ်ရေးအဖွဲ့တွေက ပြောပါတယ်။ မြို့ကို ပြန်လည်ဝင်ရောက် နိုင်ပေမယ့် စစ်တပ်က နောက်တကြိမ် စစ်ကြောင်းထိုးမှာကို ကြောက်နေရသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှာကိုလည်း ဒေသခံတွေ စိုးရိမ်နေပါတယ်။ ခမ်းပတ်မြို့ရဲ့ နောက်ဆုံး အခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပါမယ်။

အခု ဒီဇင်ဘာလထဲမှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ပြန်လည်သိမ်းပိုက်ဖို့ပြင်ဆင်ခဲ့တဲ့ ခမ်းပတ်မြို့ကို ကာကွယ်ရေး တပ်ဖွဲ့တွေက တပတ်ကြာ ခုခံတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်က မသိမ်းနိုင်ပဲ ပြန်လည် ဆုတ်ခွါထွက်ပြေးခဲ့ရတာပါ။ ဒီမြို့မှာ ဒေသခံတွေ ပြန်လည် နေထိုင်နိုင်ဖို့ ကာကွယ်ရေး အဖွဲ့တွေက နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာဖြစ်ပြီး အခု ဒီဇင်ဘာ ၂၀ ရက်မှာတော့ မြို့ကနေ တိမ်းရှောင်နေရတဲ့ ဒေသခံတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြု လိုက်ပါပြီ။ အခုအချိန်မှာ ရှင်းလင်းရေးတွေ ဆက်လုပ်နေပေမယ့် အရပ်သားတွေထဲက ပြန်လာချင်သူတွေကို လာရောက်နေထိုင်ခွင့်ပြု လိုက်ပြီလို့ ခမ်းပတ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက အခုလို ပြောပြပါတယ်။

“၂၀ ရက်ကစပြီး ပြန်လည်ဝင်တာ။ ပြည်သူတွေကလည်း သူတို့အိမ် သူတို့နေရာ ပြန်လာနေချင်ကြပြီပေါ့နော်။ စစ်တလင်းဖြစ်ထားတဲ့ နေရာတွေကလွဲရင် မိုင်းတွေဘာတွေ ရှင်းလင်းရေးလုပ်ရမယ့် နေရာတွေကလွဲရင် ကိုယ့်အိမ်ကိုယ် ပြန်နေချင်တဲ့ ပြည်သူတွေကိုတော့ နေခွင့်ပေးလိုက်ပြီပေါ့နော်။ မြို့ရဲ့ အမှတ် (၁) (၂) အဲ့နေရာတွေမှာတော့ တချို့နေရာတွေမှာ လက်နက်ကြီးကျထားတာတွေ တချို့နေရာတွေလည်း ရှင်းလင်းရေး အပြီးစီးမဝင်နိုင်သေးဘူး။ အဲ့ဒါကိုရှင်းလင်းရေး ဆက်လက်လုပ်နေဆဲပဲ ဒါပေမယ့် ပြည်သူတွေကလည်း ပြန်လာနေချင်ကြတယ်။ ကိုယ့်နေရပ်မှာ ကိုယ့်ကာကွယ်ရေး တပ်တွေလည်းရှိတယ်ဆိုတော့ အဲ့မှာလုံခြုံတယ်လို့ ခံစားရတာလည်းပါတယ်။ သူတို့ပြန်လာနေချင်တယ်ဆိုတော့ ပြန်လာနေခွင့်ပြုတဲ့ သဘောပေါ့။”

အရပ်သားတွေ ပြန်လည်ဝင်ရောက် နေပြီဖြစ်ပေမယ့် ဒေသခံတွေကတော့ စစ်တပ်ရဲ့ နောက်တကြိမ် စစ်ကြောင်းထိုး တိုက်ခိုက်မှာကိုရော၊ လေကြောင်းကနေ လာရောက် ဗုံးကြဲတိုက်ခိုက်မှာကိုပါ စိုးရိမ်နေသေးတယ်လို့ ခမ်းပတ်မြို့ခံတဦးကလည်း ပြောပါတယ်။

“ပထမ အဝင်မခံဘူး၊ နေ့လည်လောက်ကြတော့ သွားကြည့်ချင်ကြတော့ ဝင်ခိုင်းတော့ ကိုယ့်အိမ်၊ ကိုယ့်ခြံ ကြည့်ကြတော့ ကလေး တယောက်က လာပြောတာ ဝင်လို့ရပြီလို့ အဲ့လိုလာပြောလို့ မနေ့က စဝင်လို့ရတာ။ စစ်ကြောင်း ထပ်ထိုးလာမလား လေယာဉ်ထပ်ပျံလာမလား ကြောက်လို့ပေါ့။ ဒီလိုပဲ ကြောက်လို့ပေါ့ စိုးရိမ်လို့ပေါ့။”

တိုက်ပွဲအတွင်း ခမ်းပတ်မြို့ထဲမှာ နေအိမ် ၂၀ နီးပါး ပျက်စီးခဲ့ရပြီး အများစုဟာ စစ်တပ် တပ်စွဲထားတဲ့ စစ်တပ်ကုန်းနဲ့ အနီးဆုံးမှာရှိတဲ့ အမှတ်(၁) နဲ့ အမှတ် (၂) ရပ်ကွက်က နေအိမ်တွေဖြစ်ပါတယ်။

ခမ်းပတ်မြို့က စစ်တပ်ကုန်းကို နိုဝင်ဘာလထဲမှာ ကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်ပြီးတဲ့နောက် ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေချိန်မှာပဲ စစ်တပ်က အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးပြီး ပြန်လည် သိမ်းပိုက်ဖို့ ပြင်ဆင်တဲ့အချိန်မှာ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ၁ ပတ်နီးပါး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၃၀ နီးပါး သေဆုံးခဲ့ပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ၂ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကတော့ ခမ်းပတ်မြို့ အခြေနေနဲ့ ပတ်သက်လို့ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG