သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြင်းခြံမြို့နယ် ပျားကျေးရွာသား ၆ ဦးအသတ်ဖြတ်ခံရ


စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတခုအတွင်း မြင်းခြံမြို့အဝင် ဆိုင်းဘုတ်ကို ဆေးပက်ဖြန်းနေသူတဦး (ဧပြီ ၂၅၊ ၂၀၂၁)
စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတခုအတွင်း မြင်းခြံမြို့အဝင် ဆိုင်းဘုတ်ကို ဆေးပက်ဖြန်းနေသူတဦး (ဧပြီ ၂၅၊ ၂၀၂၁)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ပျားကျေးရွာအနီးမှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး နေအိမ်တွေ မီးရှို့ခံရသလို အသက်မပြည့်သေးတဲ့ ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၆ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ခမ်းပတ်မြို့က ဒေသခံတွေ စစ်ဘေးရှောင်နေတာ ၆ ရက်ရှိလာပြီဖြစ်တဲ့အတွက် စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေပါတယ်။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက အခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစံကျော်က ပြောပြပါမယ်။

မြင်းခြံမြို့နဲ့ ၁၆ မိုင်ကွာဝေးတဲ့ ပျားကျေးရွာအနီးမှာ နိုဝင်ဘာ ၇ ရက် မနက်အစောပိုင်းက စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် နေအိမ် ၃၀ ကျော်မီးရှို့ခံခဲ့ရပြီး အရပ်သားတွေ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အရွယ်ရောက်ပြီးသား အမျိုးသား ၅ ဦးကို စစ်တပ်ဘက်က သတ်ဖြတ်သွားတယ်လို့ မြင်းခြံဒေသခံတဦးက အခုလို ပြောပါတယ်။

“မနက် ၅ နာရီ ၄၀ လောက်မှာဖြစ်တာ။ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့တော့ တိုက်ပွဲ ဖြစ်ပွားပြီးတော့ မြင်းခြံဘက်ကနေ ပျူ ရခ ရယ် စခ ရယ်က လာကြတာ။ LightTruck တစီးက ကျတော့ နွားထိုးကြီးကလာတာ 4 wheel ၂ စီးက မြင်းခြံကနေလာတာ။ လာပြီးတော့ ပျားရွာထဲက ဘုန်းကြီးကျောင်းနားမှာ စီးနင်းပြီး ပျားရွာထဲက ပြည်သူတွေကို လိုက်ပစ်တာပေါ့။ သူတို့ကရွာကို ရောက်လာတာ။ သူတို့ဘက်လည်း အကျအရှုံး ရှိတယ်နဲ့တူတယ်။ အဲ့ဒါကြောင့်မို့လို့လည်း ရွာကို ရောက်ပြီး ရွာမြောက်ဖက်က ကွမ်းခြံတဲတွေကို မီးစရှို့တာ။ အခုလောလောဆယ် ရွာမှာက ပြည်သူ ၆ ဦး လောလောဆယ်တော့ သေဆုံးသွားတယ်။ ၃ နှစ်အရွယ် ကလေး ၁ ယောက်ရယ် အမျိုးသား ၅ ဦးရယ် အမျိုးသား ၅ ဦးကတော့ သတ်ဖြတ်ပြီးတော့ လည်ပင်းတွေဘာတွေ ပြတ်ရှဒဏ်ရာတွေနဲ့ သတ်ဖြတ်ပြီး မြေမြှုပ်ပစ်ခဲ့တယ်။”

အခုလို အရပ်သားတွေ သတ်ဖြတ်ခံရပြီး နေအိမ်တွေမီးရှို့ခံရပြီးတဲ့နောက် ပျားကျေးရွာဒေသခံတွေဟာ နေရပ်မှာ မနေရဲတော့ဘဲ ရွာကိုစွန့်ခွါပြီး ဘေးလွတ်ရာမှာ တိမ်းရှောင်နေရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပေမယ့် စစ်တပ်အာဘော်တွေ ဖြန့်ဝေပေးနေတဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာတော့ သေဆုံးနေတဲ့ ရုပ်အလောင်း ဓာတ်ပုံတွေနဲ့ အတူ လက်လုပ်သေနတ်ပုံတွေကို တင်ထားတာကိုတွေ့ရပါတယ်။

ဒေသခံတွေကတော့ သေဆုံးသူတွေဟာ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေမဟုတ်ဘဲ သာမန်အရပ်သား ပြည်သူတွေသာဖြစ်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်ကလည်း ပျားကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ခဲ့ပြီးနေအိမ် ၅၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါသေးတယ်။

မန္တလေးတိုင်း မြင်းခြံမြို့နားမှာ စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေရချိန်မှာပဲ စစ်ကိုင်းတိုင်းထဲက ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ခမ်းပတ်မြို့မှာ ဆိုရင်လည်း တိုက်ပွဲတွေ မရှိတော့တဲ့အတွက် ဒေသခံအချို့ နေရပ် ပြန်လို့ရတာ ရှိပေမယ့် နေရပ်ပြန်လို့ မရသေးသူ တွေလည်း ရှိနေတာပါ။ စစ်ဘေးရှောင် နေရသူတွေဟာ တိမ်းရှောင်နေရတာ ၅ ရက်ရှိလာပြီ ဖြစ်ပြီး ကုန်ုဈေးနှုန်းတွေကလည်း တက်လာတာကြောင့် စားရေး သောက်ရေး အခက်အခဲတွေ ရှိလာနေတယ်လို့ ခမ်းပတ် ဒေသခံတဦးက အခုလို ပြောပါတယ်။

“ဒီအထဲမှာတော့ ဘာမှမဖြစ်တော့ဘူးဟုတ်တယ်။ ပြန်ဖို့ကတော့ အမှတ် (၂) ဘက်က တချို့ကတော့ ပြန်သွားတာတော့ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့က အမှတ် (၁) ဘက်ဆိုတော့ အမှတ် (၁) က ဝင်ခွင့်ကို မပေးသေးဘူးပေါ့နော် လူငယ်တွေက ရပ်ကွက်ထဲတောင် ဝင်လို့မရသေးဘူးခင်ဗျ။ အမှတ် (၁) ရပ်ကွက်ထဲကို။ ကျွန်တော်တို့တွေမှာ စားနပ်ရိက္ခာတွေ တော်တော်လေးခက်ခဲတယ်။ ကလေးမြို့ ဘက်ကိုလည်း လိုင်းကားတွေ ဝင်ထွက်လို့မရတော့ဘူး။ ဒီကရှိတဲ့ဟာတွေ စားကုန်တွေကလည်း အကုန်ကုန်ပြီပေါ့။ ပိုက်ဆံရှိရင်တောင် ဝယ်ဖို့တောင် မရှိဘူးဖြစ်နေတာ။”

ခမ်းပတ်မြို့မှာ ရပ်ကွက် ၅ ခုရှိပြီး အမှတ် (၁) ရပ်ကွက်ဟာ ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက် ခဲ့တဲ့ စစ်တပ် တပ်စွဲထားတဲ့ နေရာနဲ့ အနီးဆုံးမှာရှိနေတဲ့အတွက် အမှတ် (၁) ရပ်ကွက်က ဒေသခံတွေဟာ နေရပ်မပြန်နိုင်ဖြစ်နေတာပါ။

ခမ်းပတ်မြို့ဟာ မြန်မာအိန္ဒိယ အဓိက ကုန်စည်စီးဆင်းတဲ့ ကလေးမြို့နဲ့ တမူးမြို့ကြားက အဓိက အရေးပါတဲ့ မြို့တမြို့လည်းဖြစ်ပါတယ်။ ခမ်းပတ်မြို့ စစ်တပ် တပ်စွဲထားတဲ့နေရာကို ကာကွယ်ရေး တပ်ဖွဲ့တွေက နိုဝင်ဘာ ၃ ရက် စတင်တိုက်ခိုက်ခဲ့ပြီး ၄ ရက်အကြာ နိုဝင်ဘာ ၇ ရက်မှာ အပြီးသတ် သိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG