သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးမြို့ခံတွေ လုံခြုံရေးစိုးရိမ် 


မန္တလေးမြို့မြင်ကွင်း
မန္တလေးမြို့မြင်ကွင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ ဒေသတွင်းအုပ်ချုပ်ရေး တာဝန်ရှိသူ တချို့ အပစ်ခတ်ခံရတာ၊ ဒေသခံတွေ ဖမ်းဆီးခံရတာအပြင် လုယက်မှုတွေ ပိုများလာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်ကောင်စီက စစ်ဆေးမှုတွေနဲ့ တင်းကြပ်ထားတဲ့ကြားက အခုလို အခြေအနေတွေကြုံနေရတာကြောင့် ဒေသခံတွေဟာ သူတို့ရဲ့ လုံခြုံရေးကို စိုးရိမ်ပူပင်နေကြတာပါ။ သတင်းပေးပို့ချက်ကို အခြေခံပြီး မမြသဇင်အောင်က ပြောပြထားပါတယ်။

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်း ညဈေးအနီးမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ ရာအိမ်မှူး ၁ ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး၊ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသွားသူဟာ သံလျှက်မှော်အနောက်ရပ်ကွက်က အသက် ၅၀ အရွယ် ရာအိမ်မှူး ဦးသန်းမင်း ဖြစ်ပြီးတော့ ဦးခေါင်းကို သေနတ်နဲ့ အနီးကပ် ၂ ချက် ပစ်ခတ်ခံရတာလို့ ပြောပါတယ်။ အခုဖြစ်စဉ်ကြောင့် မဟာအောင်မြေမြို့နယ်မှာ ပိုပြီးအစစ်အဆေး များတယ်လို့ မဟာအောင်မြေမှာ နေထိုင်သူ တဦးက ပြောပါတယ်။

"လုံခြုံရေးကတော့ ဒီရက်ပိုင်း မဟာအောင်မြေထဲမှာ တင်းကြပ်တယ်။ ရှောင်တခင် စစ်ဆေးတာတွေလည်း များတယ်ပေါ့။ သူတို့ဂိတ်တွေမှာလည်း ညတိုင်းလိုလို စစ်တယ်ပေါ့။ ဧည့်စာရင်းကတော့ ဒီရက်ပိုင်းထဲ သိပ်မစစ်ဘူး၊ အရင်ရက်တွေကတော့ ဧည့်စာရင်းစစ်တာ တော်တော်များတယ်ဗျ။"

မန္တလေးမြို့ပြပြောက်ကျား တပ်ဖွဲ့တခုဖြစ်တဲ့ Generation Z Power က အခုဖြစ်စဉ်မှာ ဦးသန်းမင်းကို သူတို့ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ မန္တလေးမြို့မှာ အရင်ကတည်းက လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ကြားကပဲ အခုလို စစ်ကောင်စီအဖွဲ့ဝင်တချို့ အပစ်ခတ်ခံနေရတာနဲ့ အဖမ်းအဆီး သတင်းတွေကြောင့် လုံခြုံရေး စိုးရိမ်နေရတယ်လို့ မန္တလေးမြို့ခံ တဦးက ပြောပါတယ်။

"မန္တလေးမြို့မှာ ဒီလိုတွေဖြစ်တာတော့ ကြားရတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ဘက်နဲ့တော့ အဲဒါနည်းနည်းလှမ်းတယ်။ မန္တလေးမှာက နည်းနည်းဆိုးတဲ့ မြို့နယ်ရှိတယ်၊ ငြိမ်တဲ့မြို့နယ်ရှိတယ်။ မြို့လယ်မှာတော့ ဘာမှသိပ်မဖြစ်ဘူး။ (ဖမ်းဆီးနေတာတွေလည်း) ရှိတာတော့ ရှိတယ်။ ဒါပေမဲ့ ကျနော်သိသလောက် အကုန်ပြောရင် ကျနော့် အတွက်က အန္တရာယ် ပြန်များတယ်လေ။"

လူငယ်တွေကို လုံခြုံရေးအကြောင်းပြပြီး ဖမ်းဆီးစစ်ဆေးတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။ ချမ်းမြသာစည်မြို့နယ်၊ စံပြရပ်ကွက်မှာ ပြီးခဲ့တဲ့ ၁၃ ရက်နေ့က အသက် ၂၀ အရွယ် အမျိုးသားလူငယ်တဦးကို PDF ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီဘက်က ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ အဲဒီလူငယ်နဲ့ နီးစပ်သူတွေကတော့ PDF နဲ့ ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။

မန္တလေးမြို့မှာ အခု အောက်တိုဘာလထဲမှာတင် ဒေသခံ ၁၅ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး၊ စစ်ကောင်စီဘက်က အရပ်ဝတ်တွေနဲ့ ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်တာမျိုး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်နဲ့တိုင်း ဒေသတော်တော်များများမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး၊ မန္တလေးမြို့မှာလည်း ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ရှိနေပါတယ်။ လုံခြုံရေး အတွက် စစ်ဆေးမှုတွေနဲ့ တင်းကြပ်နေတဲ့ ကြားကပဲ မန္တလေးမှာ နေ့ဘက်အချိန် လမ်းပေါ်မှာ လုယက်ခံရတာရှိသလို၊ နေအိမ်ထဲဝင်ပြီး အနုကြမ်းစီး ပစ္စည်းယူတာလည်း ကြုံတွေ့နေရတယ်လို့ လည်း မြို့ခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG