သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စဉ့်ကူးမြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်


စဉ့်ကူးမြို့နယ် ကျေးရွာတွေမီးရှို့ခံရ (မေ ၊ ၂၀၂၃)
စဉ့်ကူးမြို့နယ် ကျေးရွာတွေမီးရှို့ခံရ (မေ ၊ ၂၀၂၃)

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်က သဲအင်းကျေးရွာမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်နေပါတယ်။ အဲဒီနေရာကို စစ်တပ်က မနေ့က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြီး ဒီနေ့ သောကြာနေ့မှာတော့ အင်အား ၁၀၀ ဝန်းကျင်လောက် ထပ်တိုးရောက်လာပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာ ပြေးနေကြရသူတွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေကြပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပါမယ်။

စဉ့်ကူးမြို့နယ်အောက်ပိုင်းက သဲအင်းကျေးရွာနဲ့ အနီးတဝိုက်ကို စစ်ကောင်စီတပ်တွေ ကြာသပတေးနေ့က လေကြောင်းကနေ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ စိုးရိမ်စရာမရှိဘူးလို့ ဒေသကာကွယ်ရေး အဖွဲ့တွေကပြောပါတယ်။ ဒီကနေ့မှာတော့ သဲအင်းနဲ့ကြက်တူရွေးရွာမှာ ရှိနေတဲ့ စစ်ကောင်စီတပ်တွေဆီကို အင်အား ၁၀၀ ဝန်းကျင် ထပ်ရောက်လာပြီး မနေ့က တိုက်ပွဲမှာ ထိခိုက်ကျဆုံးသူတွေကို သယ်ယူသွားကြတယ်လို့ Wetlet Informational Network က တာဝန်ခံ ကိုနဂါးလေးက ခုလိုပြောပါတယ်။

“မနက်ခင်းက အင်အား ၁၀၀ လောက်နဲ့ အင်အား လာဖြည့်သွားတယ်။ လက်ရှိတိုက်ပွဲဖြစ်ခဲ့တဲ့၊ လေယာဉ်နဲ့ လာပစ်တဲ့ သဲအင်းတို့ ကြက်တူရွေးတို့ဖက်မှာ လာဖြည့်သွားတယ်။ ဖြည့်သွားပြီးတော့ ၁ နာရီခွဲလောက်ကပဲ သူတို့ဖက်က သေတဲ့ စစ်ဗိုလ်အလောင်းတွေပေါ့နော်၊ စစ်ဗိုလ်တွေပါတဲ့လို့ သတင်းရထားတယ်ဗျ၊ ဗိုလ်တွေ အရာရှိတွေထဲက ၄ ယောက်လို့ပြောတယ်ဗျ။ ပြီးတော့ တခြားသော လက်အောက်ငယ်သားတွေပေါ့နော်၊ အဲ့ဒါတွေကို သူတို့ လှည်း ၅ စီးနဲ့ပြန်သယ်သွားတယ်လို့တော့ သတင်းရထားတယ်ဗျ။ အခု သူတို့ အင်အား ၈၀ ကျော်နဲ့ လှည်း ၅ စီးနဲ့ သူတို့ ပြည်သူ့လှည်း ၅ စီးကို ချောဆွဲပြီးတော့ သူတို့ ပြန်ခေါက်သွားတယ်ဗျ။ လောလောဆယ်တော့ သဲအင်းရွာထဲမှာလည်း စကစ တချို့ ကျန်နေခဲ့သေးတယ်ပေါ့နော်။ ခုဏကတော့ လက်နက်ငယ်လေးတွေနဲ့ ရမ်းသမ်းပစ်တယ်ဗျ။ သူတို့ သဲအင်းရွာထဲမှာ နေဖို့အတွက် ကတုတ်ကျင်းတွေ တူးနေတယ်ဗျ။”

ဒီနေ့ မနက်အစောပိုင်းတုန်းက ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ ဒေသခံတွေရဲ့ လှေတစ်စီးကိုလည်း စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့ ၅ ကြိမ် လှမ်းပစ်ခတ်ခဲ့ပေမဲ့ အထိအခိုက်တော့ မရှိခဲ့ဘူးလို့ ကာကွယ်ရေး အဖွဲ့တွေက ဆိုပါတယ်။ မတ္တရာမြို့နယ် အနောက်ခြမ်း မြွေပုံကန်ရွာရဲ့ အရှေ့ဖက်မှာရှိတဲ့ စစ်ကောင်စီတပ်တွေက သဲအင်းနဲ့ ကျွန်းကြီးရွာတွေဖက်ကို ချိန်ရွယ်ပြီး လက်နက်ကြီးတွေ တပ်ဆင်ထားတယ်လို့ ကိုနဂါးလေးက ပြောပါတယ်။

“မြစ်ကြောင်းမှာ သင်္ဘောတစ်စီး ဆန်လာတာကို သူတို့က ပြည်သူ့ကာကွယ်ရေးဖက်က သင်္ဘောထင်ပြီးတော့ လက်နက်ကြီးတွေနဲ့ ၅ လုံးလောက်ပစ်တယ်။ ကျွန်တော်ပြောတဲ့ လက်နက်ကြီးတည်တာကတော့ မပစ်ဘူး၊ လက်နက်ကြီးမတည်ထားပဲနဲ့ ကြက်တူရွေးပေါ့နော် ဒီတိုက်ပွဲဖြစ်တဲ့ နေရာနားကနေမှ အနောက်ဖက်ကမ်းကို ရမ်းသမ်းပစ်ခဲ့တယ်။”

မတ္တရာမြို့နယ်ထဲက ကြက်တူရွေးရွာ၊ စဉ့်ကူးမြို့နယ်ထဲက သဲအင်းရွာနဲ့ ဝက်လက်မြို့နယ်က အနောက်ခြမ်းက ပင်းဇင်း ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့ကြတယ်လို့လည်း ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။ လက်ရှိစစ်ရှောင်နေကြရတဲ့ ကျေးရွာ ၁၁ ရွာက သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေအတွက် ရိက္ခာအရေးပေါ်လိုအပ်နေသလို အမိုးအကာနဲ့ ဆေးဝါးတွေလည်း လိုအပ်နေကြတယ်လို့ ကိုနဂါးလေးက ခုလိုပြောပါတယ်။

“လက်ရှိစားနပ်ရိက္ခာပြဿနာတက်နေတယ်ဗျ၊ စားနပ်ရိက္ခာ မဖူလုံတဲ့အတွက် နည်းနည်း ပြဿနာလေးတွေတော့ တက်နေကြတယ်ပေါ့။ လိုအပ်မှုလေးတွေ ရှိနေတာပေါ့။ အဓိကက ဆန်လိုနေတာ၊ ဆန်ရှိရင် တခြားဟာက အဆင်ပြေအောင်လုပ်လို့ရတယ်။ ဆန်နဲ့ ပိုက်ဆံပေါ့ဗျာ။ ပိုက်ဆံဆိုတာကတော့ ကိုယ်လိုရာကို ဝယ်လို့ရတယ်။ ဟင်းသီးဟင်းရွက်ကစ ဝယ်ဖို့လိုတာပေါ့။ ဆန်ကတော့ တော်တော်လိုအပ်နေတယ်ဗျ။ လိုအပ်တာကတော့ ဆေးဝါးရော စားနပ်ရိက္ခာရော အမိုးအကာရော အကုန်လိုတယ်ဗျ။”

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်၊ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မန္တလေးတိုင်းက ဒေသတချို့နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေးလုပ်နေတာဖြစ်တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG