သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတ္တရာမြို့နယ် ညောင်အုပ်ကျေးရွာ စစ်ကောင်စီဝင်ရောက်ပစ်ခတ်လို့ ဒေသခံတဦးသေဆုံး


မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တည်ရှိရာနေရာ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တည်ရှိရာနေရာ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ညောင်အုပ်ကျေးရွာမှာ ဇူလိုင်လ ၂၄ ရက် ညနေပိုင်းက စစ်ကောင်စီ စစ်ကြောင်း ဝင်ပြီးပစ်ခတ်တာကြောင့် ကျေးရွာသားနှစ်ဦးထိမှန်ပြီး တဦးသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကျေးရွာအတွင်းစခန်းချနေပြီး ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးထား တယ်လို့လည်း ဒေသခံတွေနဲ့ ကာကွယ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက် ကို နန်းလောဝ်ပြောပြပါမယ်။
ဇူလိုင် ၂၄ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာဝင်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာ ညောင်အုပ်ကြီးကျေး ရွာမှာစခန်းချတပ်စွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျေးရွာအတွင်းဝင်လာစဉ်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်တာကြောင့် ထွက်ပြေးကြတဲ့ ကျေးရွာသားတဦးသေဆုံးပြီး တဦးထိခိုက်ဒဏ် ရာရခဲ့တယ်လို့ ညောင်အုပ်ရွာ ဒေသခံတဦးက ပြောပါတယ်။
“မနေ့က မတ္တရာမြို့နယ်ပတ်လည်အင်းရွာကိုရောက်နေတဲ့ စစ်ကောင်စီတပ်တွေက ညနေ ၅ နာရီမှာ ပတ်လည်အင်းရဲ့ အနောက်ဖက်က ညောင်အုပ်ရွာကို အင်အား ၄၀ လောက်နဲ့ စစ်ကြောင်းထိုးလာတယ်ဗျ။ ထိုးလာပြီးတော့ ရွာထဲကို သေနတ်တွေနဲ့ ပစ်ဝင်တယ်၊ အဲ့တော့ ရွာထဲက လူတွေက အကုန်ထွက်ပြေးကြရ တာ။ ထွက်ပြေးတော့ ရွာ့အနောက်ဖက်ထိ လိုက်ပစ်တာ။ ရွာအနောက်ဖက်မှာ အင်းရှိတယ်ဗျ။ အင်းထဲကို ညောင်အုပ်ရွာက သားဖ နှစ်ယောက် လှေနဲ့ ထွက်ပြေးတာ အဲ့ဒါကို သူတို့က လိုက်ပစ်တာဗျ။ အဖေဖြစ်သူ ကတော့ အဲ့ညမှာပဲဆုံးသွားတယ်။ သမီးဖြစ်သူကတော့ မနက်ကျတော့ သူ့အဖေကို ထားခဲ့ပြီးတော့ လွတ်ရာကို ထွက်ပြေးခဲ့ရတယ်ဗျ။”
သမီးဖြစ်သူက လက်မောင်းမှာ ထိခိုက်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး အခုလက်ရှိမှာတော့ ဒေသကာကွယ်ရေး အဖွဲ့တွေက ကယ်ဆယ်ပြီး ဆေးဝါးကုသပေးနေတယ်လို့လည်းပြောပါတယ်။
ညောင်အုပ်ရွာကို အရင်က စစ်ကောင်စီတပ်တွေ ဖြတ်သန်းသွားလာတာမျိုး ရှိပေမဲ့ ခုလိုဝင်ရောက် ရှင်းလင်းတာမျိုးတော့မရှိခဲ့ဖူးပါဘူး။ ထင်မှတ်မထားချိန် စစ်ကောင်စီတပ်ဖွဲ့တွေ ရုတ်တရက် ရွာထဲဝင်လာ တာကြောင့် ထွက်ပြေးချိန်မှာ ခုလို သေဆုံး ဒဏ်ရာရတာတွေ ဖြစ်ခဲ့သလို၊ လူ ၂၀ ဝန်းကျင် လောက်လည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ကြိုမသိရဘူး၊ မသိရတဲ့ခါကျတော့ ရွာထိပ်က သေနတ်ပစ်ဝင်လာချိန်ကျမှ လွတ်တဲ့သူက ပြေးတဲ့သူက ပြေး၊ ပိတ်မိတဲ့သူက ပိတ်မိ အဲ့လိုတွေ ဖြစ်သွားတာပေါ့။ ဒေသခံ ၂၀ ကျော်လောက်ဖမ်းခံရတယ်ဗျ။ ရွာထဲက ညောင်အုပ် ဘုန်းကြီးကျောင်းထဲမှာတဖွဲ့၊ ရွာလယ်ခေါင်က နှစ်ထပ်တိုက်မှာ တဖွဲ့၊ နှစ်ဖွဲ့ခွဲနေကြ တယ်ဗျ။ ဒီကနေ့ အခြေအနေထိကတော့ သူတို့ ညောင်အုပ်ရွာထဲမှာ ရှိနေကြတုန်းဗျ။ ဘုန်းကြီးကျောင်း မှာရော ခုနက ကျွန်တော်ပြောတဲ့ အိမ်မှာရော ရှိနေကြတုန်း။ ရွာသားတွေကတော့ ရွာကိုမကပ်နိုင်ဘူး ပြေးနေကြရတယ်ဗျ။”
ညောင်အုပ်ရွာနဲ့ အနီးတဝိုက်ဟာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်လေ့ မရှိတဲ့ ဒေသဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။ စစ်ကြောင်းဝင်လာချိန် ထွက်ပြေးကြရတဲ့ အခြေအနေ ကို ဒေသခံအမျိုးသမီးတဦးကလည်း ခုလိုပြောပြပါတယ်။
“ညနေပိုင်း ၄ နာရီလောက်လို့ ထင်ရတယ်။ နာရီတော့ မကြည့်မိဘူး။ ၄ နာရီလောက် ထင်ရတယ်ဆိုတာ ညနေ အလုပ်သိမ်းချိန်ဆိုတော့လေ။ ရွာရှေ့က လူတွေ ထွက်လာတော့မှ ပြေးလာကြတယ် ဆိုတော့မှ ထွက်ကြည့်တော့မှ ပြေးကြရတော့တာ။ နောက်ကိုလည်း လှည့်မကြည့်ရဲဘူး။ နောက်လည်း လှည့်ကြည့်လို့ မရဘူးပေါ့နော်။ နောက်လည်း လှည့်မကြည့်ဘဲ ပြေးလာတာပေါ့နော်။ ကိုယ့်မှာ အိမ်ကကျလည်း အဖေ တွေအမေတွေနဲ့လည်း ကွဲ၊ ကိုယ်တယောက်တည်းလို ဖြစ်နေတော့ အဲ့လို ဖြစ်နေတဲ့ခါကျတော့လှည့်မ ကြည့် ဖြစ်ဘူးပေါ့။ ဖမ်းခံရတယ်ဆိုတာပြောကြတာကြားတယ်။ ရွာထဲမှာတော့ ဖမ်းခံထားရတာတွေ ရှိတယ်ပေါ့။ဘာမှ မပါခဲ့ဘူး။ တချို့ဆိုရင် အဝတ်တထည် ကိုယ်တခုပေါ့။ ဒီအတိုင်း ပြေးလာရတဲ့ ဟာတွေ ယူဖို့ ပြင်ထားတဲ့ ဟာလေးတွေတောင်မှ မယူခဲ့ရတာပေါ့နော်။ အဲ့လို ကိုယ်သုံးဖို့ စွဲဖို့တောင် ဘာမှ ပါမလာကြတာ။”
ညောင်အုပ်ကျေးရွာဟာ အိမ်ခြေ ၃၀၀ ကျော် ရှိပြီး ဒေသခံ ၁,၀၀၀ ကျော်ရှိတဲ့ ကျေးရွာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒေသခံ စစ်ရှောင်တွေက နီးစပ်ရာ တခြားရွာတွေက ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရ ပြီး စားသောက်ရေးကိုလည်း ဘုန်းကြီးကျောင်းတွေက စီစဥ် ပေးထားတယ်လို့ ဒေသခံ ပြောပါတယ်။
စစ်ကိုင်းနဲ့ မန္တလေးတိုင်းအတွင်းက ဒေသတချို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လေကြောင်းက တိုက်ခိုက် တာ၊ စစ်ကြောင်း ထိုးစစ်ဆင်တာနဲ့ နှစ်ဘက် တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား ထိခိုက်သေဆုံး ရတာတွေ ရှိသလို၊ ကျေးရွာတွေ မီးရှို့ခံရပြီး စစ်ဘေးတိမ်းရှောင်ရသူအရေအတွက်လည်း တဖြည်းဖြည်း တိုးလာနေပါတယ်။ မြန်မာစစ်တပ်ကတော့ ဒီဒေသက ကျေးရွာ တွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ် ဆိုပြီး စွပ်စွဲ ပြောဆိုလေ့ရှိပါတယ်။

စစ်ရေး ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံတဝန်း ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ အခုဆိုရင် ၁ ဒဿမ ၉ သန်းနီးပါးအထိ ရှိလာတဲ့အကြောင်း ဒီလထဲ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအထဲမှာ လူဦးရေ ၁ ဒဿမ ၆ သန်း နီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေနဲ့ လုံခြုံမှုကင်းမဲ့လာတဲ့ အခြေအနေအောက်မှာ နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG