သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း စဉ့်ကိုင်ရွာအနီးတိုက်ပွဲ ကာကွယ်ရေးအဖွဲ့ဝင် ၁၄ဦးသေဆုံး


Sagaing / Sagine စစ်ကိုင်း
Sagaing / Sagine စစ်ကိုင်း
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ၊ စဉ့်ကိုင်ရွာအနီး ဒေသခံကာကွယ်ရေး တပ်စခန်းတခုကို စစ်တပ်က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံးတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ ဒီတိုက်ပွဲကြောင့် စဉ့်ကိုင်ကျေးရွာ အပါအဝင် အနီးနား ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ တိုက်ပွဲအခြေအနေ သတင်းပေးပို့ချက် ကိုသားညွန့်ဦး ပြောပြပါမယ်။
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နဲ့ မတ္တရာ မြို့အစပ် ဧရာဝတီမြစ်ဘေးမှာရှိတဲ့ စဉ့်ကိုင်ရွာ အနီးက ဒေသခံကာကွယ်ရေး တပ်စခန်းတခုကို ဇွန် ၂၈ ရက် မနက် ဝေလီဝေလင်းအချိန်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို တပ်ဖွဲ့ဝင် ၁၄ ဦး ကျဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဧရာဝတီမြစ်ဘေးမှာရှိတဲ့အတွက် မြစ်ကြောင်းက ဝင်ရောက်ပြီး စီးနင်းတိုက်ခိုက်ခဲ့တာလို့ ရွှေဘိုခရိုင် ဝက်လက်ကာကွယ်ရေး တပ်ဖွဲ့က တာဝန်ရှိသူက VOA ကို ပြောပါတယ်။

“မနက်က ၅ နာရီခွဲ ၆ နာရီလောက်ပေါ့ မန္တလေးဘက်ကနေ သံခွံ(သင်္ဘော) ၁ စီးနဲ့ စပိဘုတ် ၃ စီးနဲ့ ဒီဖက်ကို အင်အား အလုံးအရင်းနဲ့ ထိုးလာတယ်။ အင်အားအလုံးအရင်းနဲ့ထိုးလာပြီးတော့ ရဲဘော်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှု Battle ဖြစ်ကြတာပေါ့။ ကျွန်တော်တို့ သိထားတာက ၁၄ ဦး Dead Body က သူတို့ဘာသာ သူတို့ မီးရှို့သွားတယ်။ အလစ်အငိုက်ကို အင်အားအလုံးအရင်းနဲ့ဝင်လာတဲ့ပုံစံမျိုးဖြစ်နေတယ်။”

သေဆုံးခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်အများစုဟာ စစ်ကိုင်းခရိုင် တပ်ရင်းတွေထဲကဖြစ်ပြီး ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့လည်းပါဝင်တယ်လို့ သိရပါတယ်။ ဇွန် ၂၅ ရက်ကလည်း ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ကင်းတော်ရွာ အနီးက ကာကွယ်ရေး စခန်းကို စစ်တပ်က အခုလို မြစ်ကြောင်းကနေ ဝင်ရောက်ပြီး စီးနင်းတိုက်ခိုက်ခဲ့လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၆ ဦးနဲ့ အရပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ်ထဲ ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ကာကွယ်ရေး တပ်စခန်းတွေကို စစ်တပ်က ၄ ရက်အတွင်း ဒုတိယအကြိမ် စီးနင်းခဲ့တာဖြစ်ပြီး ၄ ရက်အတွင်း ကာကွယ်ရေး တပ်ဖွဲ့ဝင် ၃၀ နီးပါး သေဆုံးခဲ့ရတယ်လို့ ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေ အတည်ပြုပါတယ်။

စစ်တပ်က စဉ့်ကိုင်ရွာအနီးက ကာကွယ်ရေး စခန်းကို အခုလို ဝင်ရောက်စီးနင်းတိုက်ခိုက်တဲ့အတွက်ကြောင့် စဉ့်ကိုင်ရွာအပါအဝင် အနီးပါတ်ဝန်းကျင် ကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာပြောင်းရွှေ့နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဒေသခံတွေကတော့ အကုန်ပြေးနေရတယ်။ ထန်းကြီးကော ပြေးနေရတယ်။ တလိုင်း ၊ စဉ့်ကိုင် ၊ ကျောင်းဖြူ ၊ ထန်းကြီး တော်တော်ကိုများနေပြီ အခုပြေးရတာက။ စားဝတ်နေရေးက ဟိုလူကလှုလိုက် ဒီလူက လှုလိုက် တနပ်တလေ တခါတလေကြတော့လည်း တမျိုးတည်းနဲ့လည်း ချက်စားဖြစ်ရင် စားဖြစ်သွားတာပေါ့ အလှူရှင် မရှိတော့လည်း။ စစ်ဘေးရှောင်တွေကို တတန်းကြီးပဲ ဖုန်းပြောနေရင်းတန်းလန်းနဲ့ အတင်းအဓ္ဓမ ပြေးနေရတာ လှည်းတွေကို တန်းစီနေတာပဲပြေးလာကြတာ။ ကျွန်တော်မြင်နေရတယ်ခင်ဗျ။”

စစ်တပ်ဟာ စဉ့်ကိုင်ရွာအနီးက ကာကွယ်ရေး တပ်စခန်းကို ဝင်ရောက်စီးနင်းပြီးနောက် စစ်ကိုင်းမြို့နဲ့ ကပ်လျက်မှာရှိတဲ့ ဝက်လက်မြို့နယ်ထဲက ထန်းကြီးကျေးရွာဘက်ကို နယ်မြေရှင်းလင်းရေး ဆက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စဉ့်ကိုင်နဲ့ တလိုင်းကျေးရွာဟာ စစ်ကိုင်းမြို့နယ် ၊ ဝက်လက်မြို့နယ်နဲ့ မတ္တရာမြို့နယ် ၃ ခု ဆုံတဲ့ နေရာမှာရှိတဲ့ ကျေးရွာဖြစ်ပြီး တလိုင်းရွာကို အခုနှစ် ဧပြီ ၈ ရက်ကလည်း လေကြောင်းကနေချီတက်ပြီး ဝင်ရောက်စီးနင်းပြီး ပစ်ခတ်လို့ ဒေသခံတချို့ ထိခိုက်ဒဏ်ရာရမှုရှိခဲ့ပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG