သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးအိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရ


Google Earth မြေပုံမှ မြင်တွေ့ရသည့် မန္တလေးတိုင်း မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်
Google Earth မြေပုံမှ မြင်တွေ့ရသည့် မန္တလေးတိုင်း မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်

မန္တလေး အိုးဘိုအကျဉ်းထောင်ကို ဩဂုတ်လ ၁၅ရက်နဲ့ ၁၆ရက်က ပြောင်းရွှေ့ရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၁ ယောက်ကို ထောင်ဘူးဝ ဝင်ပေါက်မှာပဲ စစ်ကောင်စီခန့် အာဏာပိုင်တွေက စစ်ဖိနပ်တွေနဲ့ ကန်ကျောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ကိုသိုက်ထွန်းဦးက ဗွီအိုအေကို ပြောပါတယ်။ မုံရွာထောင်ကနေ ပြောင်းရွှေ့ခံရတဲ့ အဲဒီ အကျဉ်းသားတွေထဲက ထက်ဝက်ကျော်လောက်ဟာ ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရခဲ့ကြတယ်လို့ ကိုသိုက်ထွန်းဦးက အခုလိုပြောပါတယ်။

"လက်ရှိ မန္တလေးထောင် အခြေအနေကတော့ ထောင်ပြောင်းတွေအပြင်ပေါ့နော် နောက်ပိုင်း ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ အားလုံးကို ရိုက်နှက် နှိပ်စက်နေတယ်ပေါ့နော်။ အဲဒါက ဘယ်ကစလဲဆိုတော့ ရှစ်လပိုင်း ၁ရက်ကတည်းက စပြီးမှ ထောင်တွင်း ရိုက်နှက်မှုတွေ၊ နှိပ်စက်ခံရမှုတွေ ဖြစ်နေတာပေါ့နော်။ ထောင်အာဏာပိုင်ရဲ့ ဥပမာ အရာရှိတွေပါမယ်၊ ရိုက်တဲ့အခါမှာ အရာရှိတွေက မပါပေမဲ့ ထောင်ဝန်ထမ်းတွေကနေပြီးမှ ထောင်ဘူးဝထဲမှာ ရိုက်နှက်၊ နှိပ်စက်တယ်ပေါ့နော်။ အဓိကတော့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာကို ဖိနှိပ်မှုတခုအနေနဲ့ သူတို့က ဦးချိုးလိုက်တဲ့ သဘောမျိုးပေါ့။ အဲလိုမျိုး ရိုက်နှက်နေတာတွေ ဖြစ်နေတယ်ပေါ့။"

မန္တလေး အိုးဘိုထောင်က ဒီထက်ဆိုးရွားတဲ့ ထောင်တွင်းကိစ္စတွေဟာ ပြင်ပကို သတင်းမပေါက်လာတဲ့အတွက် စိုးရိမ်စရာဖြစ်တယ်လို့ သူကပြောပါတယ်။ ဇူလိုင်လထဲမှာလည်း သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ဟာ အာဇာနည်နေ့ လှုပ်ရှားမှုကြောင့် တိုက်ပိတ်၊ ရိုက်နှက်ခံခဲ့ရပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ပြည်တွင်းက အကျဉ်းသားတွေကိစ္စကို အချက်အလက်တွေ ကောက်ယူထားပြီး လူ့အခွင့်အရေး အစီရင်ခံစာတွေကို ဖတ်ကြားတဲ့အချိန်မှာ ပြန်ပြီး တင်ပြသွားမယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဘယ်လောက်အထိ ဒီကိစ္စကို ထဲထဲရောက်ရောက် ပါဝင်ဖိအားပေးမလဲ ဆိုတာကိုတော့ စောင့်ကြည့်နေဆဲပဲလို့ နိုင်ငံရေးအကျဉ်းသား ကူညီရေးအဖွဲ့တချို့က ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG