သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ အကျဉ်းသားလွတ်ငြိမ်းခွင့်အပေါ် အကဲခတ်တွေ မေးခွန်းထုတ်


အင်းစိန်အကျဉ်းထောင်ရှေ့ (သြဂုတ်လ ၁၊ ၂၀၂၃)
အင်းစိန်အကျဉ်းထောင်ရှေ့ (သြဂုတ်လ ၁၊ ၂၀၂၃)

စစ်ကောင်စီက အကျဉ်းသား ၇,၀၀၀ ကျော်ကို ဒီကနေ့ လွှတ်ပေးလိုက်ပြီလို့ ကြေညာထားပေမယ့် ဒီအရေအတွက်ဟာ ဖြစ်နိုင်စရာ မရှိသလို၊ လွတ်မြောက်သူတွေ ထဲမှာလည်း နိုင်ငံရေး အမှုကြီးတွေနဲ့ စွဲဆိုထားတဲ့ နိုင်ငံရေး အကျဉ်းသား မဆိုသလောက်သာ ပါကြောင်း ရှေ့နေအသိုင်းအဝန်းက ဗွီအိုအေကို ပြောပါတယ်။ ထောင်တွင်း နိုင်ငံရေး အကျဉ်းသားတွေအပေါ် အကျဉ်းသား အခွင့်အရေး ချိုးဖောက်မှုတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဆက်ရှိနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုခင်မောင်စိုးမင်း က တင်ပြပေးပါမယ်။

တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေကနေ အကျဉ်းသား ၇,၇၄၉ ယောက်ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ဒီနေ့ ဩဂုတ်လ ၁ ရက်မှာ ကြေညာလိုက်ပေမယ့် ဒီထဲမှာ အမှုငယ်တွေသာ အများဆုံးပါရှိပြီး နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင်ကျနေသူတွေ မဆိုသလောက်သာ ပါတယ်လို့ လူ့အခွင့်အရေး ရှေ့နေတချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီနေ့ လွှတ်ပေးသူတွေထဲမှာ ထောင်ဒဏ် ၂ နှစ် ၃ နှစ် ချခံထားရတဲ့ ၅၀၅ (က) နဲ့ ၅၂ (က) လို အမှုတွေသာ အများဆုံးပါကြောင်း အကျဉ်းသားတွေရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ တရားလွှတ်တော်ရှေ့နေတဦးက ဗွီအိုအေကို ပြောပါတယ်။

" နိုင်ငံရေးအကျဉ်းသား ပါတော့ပါလိမ့်မယ်။ ဒါပေမဲ့ နှစ်ရှည်ကျသူတွေ မပါဘူး။ သူတို့က လွတ်ခါနီးသူတွေလောက် ကိုပဲ လွှတ်တာ သိလား။ ၇,၀၀၀ ကျော်တွေ၊ ရှေ့က ၄,၀၀၀ ကျော်တွေ အဲလိုမျိုးတွေသာ အတိအကျသာ သူတို့လွှတ်ခဲ့တယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားဆိုတာ ရှိမှာတောင်မဟုတ်ဘူး။ အထဲထဲမှာ နှစ်ရှည်လများ ကျတဲ့သူတွေ အများကြီးရှိသေးတယ်။ အခုဆို နှစ်ရှည်ကျတဲ့သူတွေ အကုန်လုံးကို သာယာဝတီထောင်တို့၊ သရက်ထောင်တို့၊ ဒိုက်ဦးတို့၊ အကုန်လုံးကို လျှောက်ရွှေ့ လိုက်ပြီလေ။ ၅၀ (ည)၊ ၅၁(ဂ)၊ အဲဒါတွေနဲ့ပေါ့။"

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇူလိုင် ၃၁ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ စာရင်းအရဆိုရင် နိုင်ငံရေး အကျဉ်းသား ၁၉,၇၃၃ ယောက်ဟာ အကျဉ်းထောင်တွေထဲမှာ လက်ရှိ ရှိနေဆဲဖြစ်ပါတယ်။ AAPP ဆီ စာရင်း မပေါက်သေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အများအပြား ရှိနေသေးတဲ့အတွက် ဒီအရေအတွက်ထက် ပိုများနိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ခန့်မှန်းထားပါတယ်။

ကိုဗစ်ရောဂါစဖြစ်တဲ့ အချိန်ကတည်းက ဒီနေ့အချိန်အထိ တနိုင်လုံးက အကျဉ်းထောင်တွေမှာ ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားတာ သုံးနှစ်နီးပါး ရှိပြီဖြစ်ပါတယ်။ စစ်ကောင်စီ အာဏာသိမ်းလိုက်တဲ့အချိန်မှာ ကိုဗစ်ရောဂါကြောင့်ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ အကျဉ်းထောင် ဧည့်တွေ့ခွင့်ကို ဆက်ပြီး ပိတ်ထားခဲ့တာပါ။

"ဧည့်တွေ့ခွင့် မရတဲ့အခါမှာ ကိုယ့်သားသမီးရဲ့ အခြေအနေကို မသိရတော့ဘူးပေါ့။ သေလို့သေမှန်းတောင် တလလောက်နေမှ မိသားစုတွေ သိရတဲ့အခါမှာ၊ အကျဉ်းသားတွေက အကျဉ်းထောင်ထဲမှာ အားလုံးက ပိတ်နေတာဗျ။ ကိုယ့်ရဲ့မိသားစုနဲ့ တွေ့ခြင်းအားဖြင့် အကျဉ်းသားတွေမှာ ခံစားနေရတဲ့ ပင်ပန်းမှုတွေက လျော့ကျတယ်။ အဲဒီအတွက်လည်း ခေတ်အဆက်ဆက်မှာ အကျဉ်းသားတွေကို မိသားစုနဲ့တွေ့ခွင့် တရားဝင် ပြဋ္ဌာန်းပေးတာပေါ့။ အကျဉ်းသားတိုင်း မျှော်လင့်နေတဲ့ မျှော်လင့်ချက်ဖြစ်တယ်ဗျ။ အကျဉ်းထောင်မှာလည်း အကျဉ်းသားတွေက တောင်းဆိုတယ်။ ဒါပေမဲ့ အကျဉ်းဦးစီးက လက်မခံဘူးပေါ့ဗျာ။ ကိုဗစ်နဲ့ လုံခြုံရေးကို အကြောင်းပြတယ်။ တောင်းဆိုနေတာဆိုရင် ၂၀၂၁၊ ၈ ရက် ၈ လ မန္တလေးအိုးဘိုထောင် ဆူပူမှုတွေ ဖြစ်နေကတည်းကပဲ အိမ်နဲ့တွေ့ခွင့်တွေ တောင်းနေကြတာပေါ့။"

ထောင်ဝင်စာတွေ့ခွင့်ရရေး လှုပ်ရှားမှုတခုကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ဇူလိုင် ၃၁ ရက်မှာ စတင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ ခုချိန်မှာ မြန်မာ့ အကျဥ်းထောင်တွင်းက အခြေအနေတွေကို စောင့်ကြည့် တုံ့ပြန်တာ အားနည်းကြောင်းလည်း သူက ပြောပါတယ်။ ၂၀၂၃ မေလ ၂၁ ရက်မှာ မြင်းခြံထောင်က နိုင်ငံရေး အကျဉ်းသား ၇၀ ကျော်ကို ခြေမြန်တပ်ရင်း ခမရ(၁၅)က ခေါ်ထုတ်ပြီး ရိုက်နှက်တာတွေလုပ်ကတည်းက နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC နဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR တို့ကို ဖိအားပေး တောင်းဆိုခဲ့ကြောင်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။ ဒီထဲမှာ သေဆုံးခဲ့သူတွေရှိသလို ထောင်ပြောင်းရွှေ့ရင်း ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ သူကပြောပါတယ်။

" နိုင်ငံတကာက statement ကြေညာတာလည်း မတွေ့ရဘူး။ ဒါပေမဲ့ ICRC ကတော့ သူတို့ record ယူထားပါတယ်။ စိုးရိမ်ပူပန်ပါတယ်။ ရအောင် ဆက်သွယ်နေပါတယ် ဆိုတဲ့ အကြောင်းပြချက် တခုတော့ ရခဲ့တယ်။ မေလ ၂၁ ရက်မှာ စစ်ကြောရေး ခေါ်ထုတ်ခံရသူတွေက အခုဆို သရက်ထောင်တို့၊ မကွေးထောင်တို့ ပြောင်းသွားကြပြီပေါ့။ သူတို့နဲ့ ပတ်သက်တဲ့ ကိစ္စတွေ ဘာမှထွက်မလာတော့ဘူး။ ၂၇ ရက်မှာ ထောင်ပြောင်းမယ်လို့ ခေါ်သွားသူတွေက ကျနော်တို့ရထားတဲ့ data အရ ၁၄ ယောက်၊ စာရင်းရထားတာ ၁၂ ယောက် ဖြစ်နေတယ်။ အဲ့လောက်အတိုင်းအတာ ဖြစ်တာတောင်မှ နိုင်ငံတကာအနေနဲ့ရော၊ ICRC ရော ကြေညာချက် ထုတ်ပြန်တာ မတွေ့ရသေးဘူး။ မြန်မာနိုင်ငံက အကျဉ်းထောင်တွေကို နိုင်ငံတကာက မေ့နေတယ်လို့ ကျနော်တို့ ထင်တယ်ဗျ။"

ဒီနေ့ ဩဂုတ်လ ၁ ရက်မှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရလက်ထက် သမ္မတဦးဝင်းမြင့်တို့အပေါ် စွပ်စွဲထားတဲ့ အမှုတချို့ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုလိုက်သလို၊ နိုင်ငံတဝန်း အကျဥ်းထောင်အသီးသီးက အကျဥ်းသူအကျဥ်းသား ၇,၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့် ပြုကြောင်း ကြေညာပေမယ့်၊ နိုင်ငံရေး အကျဥ်းသား အများစု ပြန်မလွတ်လာတဲ့အပေါ် လူ့အခွင့်အရေး သမားတွေကတော့ ဝေဖန်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ပြစ်မှုလျှော့ပေါ့ပေးတယ် ဆိုတာမှာလည်း အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားတဲ့အထဲက အမှု ၅ မှုနဲ့ ထောင်ဒဏ် ၆ နှစ်ကိုသာ လျှော့ပေါ့ပေးတာဖြစ်ပြီး ၂၇ နှစ် ဆက်လက် ချမှတ်ထားဆဲ ဖြစ်ပါတယ်။ အလားတူ ဦးဝင်းမြင့်နဲ့ပတ်သက်လို့လည်း အမှု ၂ မှုအတွက် ထောင်ဒဏ် ၄ နှစ်သာ လျှော့ပေါ့ပေးတာ ဖြစ်ပြီး ၈ နှစ် ကျန်နေပါသေးတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG