သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အမှုတချို့ လွတ်ငြိမ်း သက်သာခွင့်ပြု


ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

နေပြည်တော် အကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို ပြစ်ဒဏ်တချို့ကနေ ဒီကနေ့ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက ကြေညာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် စွပ်စွဲ ပြစ်ဒဏ်ချမှတ်ထားတဲ့ အမှု ၁၉ မှုထဲက အမှု ၅ မှုအတွက် ပြစ်ဒဏ်တွေကို လွတ်ငြိမ်း သက်သာခွင့် ပြုလိုက်တာ ဖြစ်ပြီး သမ္မတ ဦးဝင်းမြင့် အပေါ် စွပ်စွဲထားတဲ့ အမှု ၈ မှုထဲက ၂ မှုကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အမှုတွေထဲက နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ)၊ သဘာဝဘေးအမှု ၂ မှု၊ ဆက်သွယ်ရေးအမှုနဲ့ ပို့ကုန်သွင်းကုန်နဲ့ တရားစွဲထားတဲ့ စုစုပေါင်း ပြစ်ဒဏ် ၆ နှစ်ကို လျှော့ပေါ့ပေးလိုက်တာ ဖြစ်ပြီး ဦးဝင်းမြင့်ကိုတော့ သဘာဝဘေးနဲ့ ၂ နှစ်၊ ၅၀၅ (ခ) နဲ့ ၂ နှစ် စုစုပေါင်း ပြစ်ဒဏ် ၄ နှစ် လျော့ပေါ့ပေးလိုက်တာ ဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက နေပြည်တော်မှာကျင်းပတဲ့ မာရဝိဇယရုပ်ပွားတော် အနေကဇာတင်ပွဲမှာ သတင်းထောက်တွေကို ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားတာကနေ ၆ နှစ် လျှော့ပေါ့ပေးလိုက်တာ ဖြစ်လို့ ထောင်ဒဏ် ၂၇ နှစ် ကတော့ ဆက်လက် ကျခံရဦးမှာ ဖြစ်ပါတယ်။ ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံထားရတဲ့ ဦးဝင်းမြင့်ကတော့ ၄ နှစ် လျှော့ပေါ့လိုက်တဲ့ အတွက် ၈ နှစ် ဆက်လက် ကျခံရဦးမှာ ဖြစ်ပါတယ်။

စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်မှာ တည်ထားတဲ့ မာရဝိဇယရုပ်ပွားတော် အနေကဇာတင်တဲ့ အထိမ်းအမှတ်အနေနဲ့ရော၊ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့မှာ ကျရောက်တဲ့ ဓမ္မစကြာအခါတော်နေ့ အထိန်းအမှတ် အဖြစ်နဲ့ရော ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် နဲ့ NLD ခေါင်းဆောင်တချို့ အပါအဝင် အကျဥ်းသား ၇၇၄၉ ဦးကို လွတ်ငြိမ်း သက်သာခွင့်ပြုတဲ့ အကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ အနေနဲ့လို့ ဆိုပြီးတော့လည်း လက်ရှိ အကျဥ်းထောင်တွေ အတွင်း ပြစ်ဒဏ်ကျခံနေရတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင် ၇၂ ဦးကိုလည်း “နောက်တကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၄င်း ပြစ်ဒဏ်အပြင် ယခု ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်။” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ဒီကနေ့ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့် ပြုကြောင်း ဖော်ပြပါတယ်။ လွတ်ငြိမ်းခွင့်ရသူ အများစုကတော့ TNLA တအန်း ပလောင် လက်နက်ကိုင်အဖွဲ့က ဖြစ်ပြီး AA ရခိုင်တပ်မတော်၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) ၊ MNDAA ကိုးကန့် လက်နက်ကိုင်အဖွဲ့က အဖွဲ့ဝင်တချို့လည်း ပါဝင်ပါတယ်။

နိုင်ငံခြားသား အကျဥ်းသူအကျဥ်းသား ၁၂၅ ယောက်ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြည်နှင်ဒဏ်ပေးခဲ့သလို၊ အကျဥ်းထောင်အသီးသီးမှာ သေဒဏ် ချမှတ်ခံထားရသူတွေကို သေဒဏ်ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုပြီး ထောင်ဒဏ်တသက် ပြောင်းလဲ ချမှတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ဒီကနေ့ လွတ်ငြိမ်း သက်သာခွင့်ပြုတဲ့ ၇၀၀၀ ကျော်ထဲမှာ နိုင်ငံရေးအကျဥ်းသားကတော့ မဆိုသလောက်သာ ပါဝင်တယ်လို့ လူအခွင့်အရေး လှုပ်ရှားဆောင်ရွက်သူတွေက ထောက်ပြကြပါတယ်။ အကျဥ်းထောင်တွေတွင်း နိုင်ငံရေး အကျဥ်းသားတွေ နှိပ်စက် ညှင်းပမ်းခံနေရတဲ့ အခြေအနေတွေ ဆိုးဆိုးရွားရွား ဆက်ပြီးရှိနေတယ်လို့လည်း သူတို့က ဝေဖန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး AAPP ရဲ့ ဒီကနေ့ နောက်ဆုံးစာရင်းအရ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံရသူ ၂ သောင်းခွဲ နီးပါး ရှိပြီး ၁ သောင်း ၉ ထောင်ကျော် ဆက်လက် ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲပဲလို့ ပြောပါတယ်။ စစ်ကောင်စီကတော့ AAPP ရဲ့ အချက်အလက်တွေဟာ ချဲ့ကား ဖော်ပြတာလို့ တုံ့ပြန်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG