သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အရေးပေါ်ကာလသက်တမ်းတိုးမှု ကန်နဲ့ကုလ စိုးရိမ်မကင်းဖော်ပြ 


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရသူ Farhan Haq
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရသူ Farhan Haq

မြန်မာစစ်ကောင်စီဟာ အရေးပေါ်ကာလအဖြစ် နောက်ထပ် ၆ လသက်တမ်းတိုးလိုက်တဲ့နောက် အခုလို စစ်အုပ်ချုပ်မှု သက်တမ်းတိုးတဲ့အပေါ် ကုလသမဂ္ဂရော အမေရိကန်ပြည်ထောင်စုဖက်ကပါ စိုးရိမ်တကြီးတုံ့ပြန်ခဲ့ပါတယ်။

“ ကျနော်တို့အနေနဲ့ကတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရပ်တည်ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံကို ဖြစ်နိုင်သမျှ မြန်မြန် ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေးပြန်သွားဖို့ လိုလားပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရသူ Farhan Haq က သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းယူပြီး ရွေးချယ်ခံအရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချခဲ့တာပါ။ အရေးပေါ်ကာလ ကြေညာပြီး အာဏာသိမ်းယူလာခဲ့တာ အခု ဒီတကြိမ်ဟာ လေးကြိမ်‌မြောက်သက်တမ်းတိုးတာဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး လက်ရှိနိုင်ငံအနေအထားအရ တည်ငြိမ်မှုမရှိတဲ့အတွက်ဆိုပြီး အရေးပေါ်ကာလ ၆ လ ထပ်တိုးခဲ့တာပါ။

စစ်တပ်ကအာဏာသိမ်းယူချိန်မှာတော့ ရွေးချယ်ခံသမ္မတကို ဖမ်းဆီးအရေးယူပြီး စစ်တပ်ကခန့်ထားတဲ့ ဒုသမ္မတကို ယာယီသမ္မတအဖြစ် အာဏာသိမ်းစစ်တပ်က တင်မြှောက်ခဲ့ပါတယ်။ အဲဒီနောက် ယာယီသမ္မတအမိန့်နဲ့ပဲ အရေးပေါ် အခြေအနေကိုကြေညာပြီး စစ်တပ်ကအာဏာလွှဲယူထားတာပါ။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကန့်ကွက်ဆန္ဒပြမှုတွေကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းခဲ့တဲ့နောက် လက်နက်ကိုင်ခုခံမှုတွေ နိုင်ငံအဝှမ်းဖြစ်ခဲ့ပါတယ်။

ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်တွေက NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရဆိုပြီး စင်ပြိုင်ဖွဲ့စည်းထားသလို နိုင်ငံအနှံ့က တက်ကြွလှုပ်ရှားသူတွေဟာ လက်နက်ကိုင်စွဲပြီး ဒေသကာကွယ်ရေးတပ်တွေ အသီးသီးဖွဲ့စည်းခဲ့ကြပါတယ်။ အဲဒီနောက် အခုအချိန်အထိ နိုင်ငံနေရာအတော်များများမှာ လက်နက်ကိုင်ပဋိပက္ခတွေက ပြင်းထန်နေသလို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေမှာ အရပ်သား ထိခိုက်သေဆုံးမှုတွေ နေ့စဉ်လိုလို ဖြစ်နေပါတယ်။ မြန်မာနိုင်ငံကပဋိပက္ခကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာက တောင်းဆိုတိုက်တွန်းနေသလို တဖက်မှာလည်း အထူးသဖြင့် အနောက်နိုင်ငံတွေက စစ်ကောင်စီကို အရေးယူဒဏ်ခတ်မှုတွေ တိုးသထက် တိုး လုပ်ဆောင်လာနေပါတယ်။

နှစ်နှစ်အတွင်း ပဋိပက္ခတွေကြောင့် လူ တသန်းခွဲကျော် အိုးအိမ်မဲ့ဖြစ်ကြရပြီး ကလေးငယ် ငါးသိန်းကျော်ဟာ လူသားချင်းစာနာမှုအကူအညီ အရေးတကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG