သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်စက်မှုဇုံက အလုပ်သမားတွေ ကိုယ်ရေးအချက်အလက် မင်္ဂလာဒုံတပ်နယ်မှူးတောင်းဆို


မှတ်တမ်းရုပ်ပုံ | ကိုဗစ်ရောဂါကူးစက်ပြန့်ပွားနေချိန်အတွင်း အလုပ်သွားဖို့ ကားမှတ်မှာတန်းစီနေတဲ့ စက်မှုဇုံအလုပ်သမားများကိုတွေ့ရစဉ် (အောက်တိုဘာ ၁၂၊ ၂၀၂၀)
မှတ်တမ်းရုပ်ပုံ | ကိုဗစ်ရောဂါကူးစက်ပြန့်ပွားနေချိန်အတွင်း အလုပ်သွားဖို့ ကားမှတ်မှာတန်းစီနေတဲ့ စက်မှုဇုံအလုပ်သမားများကိုတွေ့ရစဉ် (အောက်တိုဘာ ၁၂၊ ၂၀၂၀)

မင်္ဂလာဒုံမြို့နယ်အတွင်းမှာရှိတဲ့ ရန်ကုန်စက်မှုဇုံ (ဇေကမ္ဘာဝင်း) က စက်ရုံလုပ်သားတွေအားလုံး ကိုယ်ရေးအချက်အလက်တွေ အသေးစိတ် တင်ပြပေးရမယ်လို့ မင်္ဂလာဒုံတပ်နယ်မှူးက ညွှန်ကြားစာ ထုတ်ပြန်လိုက်ပါတယ်။ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ပြန်ပြီး စိစစ်တာမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တာကြောင့် အလုပ်ရှင်ရော၊ အလုပ်သမားတွေပါ ဒီကိစ္စကို လိုက်လုပ်ဖို့ အကျပ်တွေ့နေကြောင်း အလုပ်သမားရေးရာ အဖွဲ့အစည်းတချို့က ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြမှာပါ။

သန်းခေါင်စာရင်း ကောက်ယူသလို အသေးစိတ်ပါတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖြည့်ပေးဖို့ ရန်ကုန်စက်မှုဇုန် (ဇေကမ္ဘာဝင်း) ထဲက စက်ရုံ အလုပ်သမားတွေကို မင်္ဂလာဒုံမြို့နယ် တပ်နယ်မှူးက ဧပြီလ ၂၀ ရက်နေ့ ရက်စွဲနဲ့ အသိပေး အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် မင်္ဂလာဒုံတပ်နယ်မှူးက ဧပြီလ၁၉ရက်က ကျင်းပတဲ့ ရန်ကုန်စက်မှုဇုံ လုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ ပြောခဲ့တာပါ။

အဲဒီနောက် ညွှန်ကြားချက်ထွက်လာပြီး အလုပ်သမားတွေရဲ့ မိသားစုအချက်အလက်တွေ ကောက်ယူတာအပြင် အလုပ်ရှင်တွေအနေနဲ့ စက်ရုံ ပတ်ဝန်းကျင်တွေမှာ လျှပ်စစ်မီးထွန်းထားဖို့၊ ၂၄နာရီ စောင့်ကြည့်နိုင်တဲ့ ကင်မရာတွေတပ်ထားဖို့၊ စက်ရုံဝင်းထဲနေတဲ့ အလုပ်သမားတွေကို ဧည့်စာရင်းတိုင်ဖို့၊ ရာဇဝတ်မှုတွေကို ပူးပေါင်းဆောင်ရွက်ပေးဖို့ ဖိအားပေးထားပါတယ်။

အလုပ်သမားအဖွဲ့ချုပ်တွေကတော့ ဒီကိစ္စကို စုံစမ်းနေကြောင်း ပြောပါတယ်။ ဒီလို ညွှန်ကြားချက်ထွက်လာပေမဲ့ စက်ရုံ အလုပ်ရှင်တွေဆီ တိုက်ရိုက် ဖိအားပေးလာတာမျိုး မရှိသေးတာကြောင့် အလုပ်သမားတွေအနေနဲ့ ဒီအချက်အလက်တွေကို မဖြည့်သေးဘဲ စောင့်ကြည့်နေကြတာပါ။ မဖြစ်မနေ လုပ်ရမယ်ဆိုရင်တော့ အလုပ်လျှောက်တုန်းက အချက်အလက်တွေနဲ့ လက်ရှိ အချက်အလက်တွေက ကွဲလွဲနိုင်တာကြောင့် အရေးယူခံရမှာကို အလုပ်သမားတွေက စိုးရိမ်နေကြတာပါ။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရန်ကုန်တိုင်း တခြားနေရာတွေက စက်မှုဇုံတွေမှာတောင် ဒီလို ညွှန်ကြားချက်တွေ ရောက်မလာတဲ့အတွက် ဒီကိစ္စကို ဆက်ပြီးစောင့်ကြည့်နေကြောင်း အလုပ်သမားအဖွဲ့ချုပ် MICS ရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ တချို့အလုပ်ရှင်တွေကိုလည်း မေးကြည့်တယ်၊ သူတို့ဆီကို လောလောဆယ် ညွှန်ကြားချက် ရောက်မလာသေးဘူးလို့ သိထားတယ်။ ဒါပေမဲ့ ကျနော်တို့ ဆက်ပြီးစုံစမ်းနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီသတင်းက အရမ်းဟော့တဲ့အခါကျတော့ ထုတ်မပြောရဲတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ တောက်လျှောက်တော့ ကျနော်တို့ အလုပ်သမားတွေကို ဆက်သွယ်ပြီး မေးနေတာတွေ ရှိတယ်။ ဇေကမ္ဘာဦးခင်ရွှေကို သူတို့ဖမ်းသွားတဲ့ အမှုတွေ ဘာတွေနဲ့များ ပတ်သက်မလား မပြောတတ်ဘူး။ ကျနော်တို့လည်း စဉ်းစားရခက်တယ်။ အမှန်တကယ် မြေပြင်မှာ သူတို့ Run မ Run ကျနော်တို့ အတတ်နိုင်ဆုံး စောင့်ကြည့်နေတယ် ခင်ဗျ။"

အလုပ်သမားတွေ စက်ရုံစဆင်းတဲ့ရက်၊ ရန်ကုန်ရောက်တဲ့ရက်၊ လက်ရှိနေရပ်၊ ယခင်အလုပ်၊ ဝင်ပါဖူးတဲ့ အသင်းအဖွဲ့၊ ဖုန်းနံပါတ်အပြင် တခြား အချက်အလက် အများအပြားကို တောင်းထားတာပါ။ ဒါဟာ အလုပ်သမားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်ကို ချိုးဖောက်တာဖြစ်ကြောင်း MICS တာဝန်ခံက ပြောပါတယ်။

"ပြီးတော့ အလုပ်သမားတွေရဲ့ လုံခြုံမှုကို တိုက်ရိုက် ချိုးဖောက်တာ ဖြစ်တယ်။ ဒီလိုကိစ္စတွေ လုပ်တယ်ဆိုရင် အလုပ်သမားတွေအနေနဲ့ အရမ်း အခက်တွေ့တယ်။ လုပ်ငန်းခွင်ကို စွန့်ခွာပြီးတော့ တိမ်းရှောင်သွားမဲ့ အလုပ်သမားတွေ အများကြီး ဖြစ်လာနိုင်တယ်ပေါ့နော်။ အလုပ်သမားတွေဘက်က အရမ်းဆိုးရွားတဲ့ အခြေအနေ ဖြစ်ပါတယ်၊ ဒီအတိုင်းသာ အမှန်တကယ် ဖြစ်ခဲ့မယ်ဆိုရင်။"

အခု ဧပြီလ ၂၉ရက် နေ့လည် ၁နာရီမှာ နောက်ဆုံးထားပြီး ပေးရမယ်လို့ ညွှန်ကြားချက်မှာ ရေးထားပေမဲ့ ပေးဖို့ ခက်ခဲနေကြောင်း အလုပ်သမားတချို့က ဗွီအိုအေကို ပြောပါတယ်။ အလုပ်သမားရေးရာ အဖွဲ့အစည်းတချို့ကတော့ ဒီညွှန်ကြားချက်ကို စက်မှုဇုံရဲ့ လုံခြုံရေးအဖွဲ့ဆီ ပေးပို့ထားကြောင်း ပြောပါတယ်။

"ကျမတို့နဲ့ပတ်သက်တဲ့ အလုပ်သမား အသိုင်းအဝိုင်းကို မေးကြည့်တော့ သူတို့မပေးရဘူးလို့ ပြောတော့ အခု ပို့လာတာ လုံခြုံရေး ကုမ္ပဏီတွေကိုပဲ ပြောတာလား၊ သို့မဟုတ် စက်ရုံတွေရဲ့ Management level ကိုပဲ လုံခြုံရေး Content ကိုပဲ တောင်းတာလားပေါ့။ ကျမထင်တာ လုံခြုံရေး ကုမ္ပဏီတွေကိုပဲ ပေးတာလို့ ထင်တာပဲ။"

ရန်ကုန်စက်မှုဇုံ (ဇေကမ္ဘာဝင်း) မှာ အလုပ်လုပ်နေတဲ့ အထည်ချုပ်စက်ရုံဝန်ထမ်း သောင်းနဲ့ချီရှိတယ်လို့ အလုပ်သမားအဖွဲ့အစည်း တချို့က ပြောပါတယ်။ ရန်ကုန်က တခြားစက်မှုဇုံတွေမှာတော့ ဒီလို စိစစ် ကြပ်မတ်မယ့် အစီအစဉ်တွေ မရှိသေးပေမယ့် စစ်ပွဲပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေကလာတဲ့ အလုပ်သမားတွေအနေနဲ့ အလုပ်ရဖို့ အခက်အခဲတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။

XS
SM
MD
LG