သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီကန့်သတ်ချက်ကြောင့် ဒေသခံတွေ အခက်ကြုံ


ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား ယာယီအပစ်ရပ်ထားပေမဲ့ ကန့်သတ်မှုတွေ ရှိနေတာကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချို့နေရာတွေမှာ ဆိုရင်လည်း ဆန်နဲ့ ဆေးဝါး သယ်ယူခွင့်တွေကို စစ်ကောင်စီက ကန့်သတ်ထားတယ်လို့လည်း ပြောကြပါတယ်။

ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား လူသားချင်းစာထောက်ထားတဲ့အနေနဲ့ အပစ်ရပ်ထားတာ ၃ လကျော်ကြာနေပေမယ့် ရခိုင်ပြည်နယ်မှာ ဒေသခံတွေနဲ့ ခရီးသွား လာရေးတွေ၊ ကုန်ပစ္စည်း ဆေးဝါးသယ်ယူခွင့်တွေကို စစ်ကောင်စီက တားမြစ်ထားဆဲ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

မောင်တောမြို့နယ်မှာဆိုရင် ဆန်နဲ့ ဆေးဝါးသယ်ယူခွင့်တွေကို စစ်ကောင်စီက အပစ်ရပ်ပြီးနောက် တလလောက်သာခွင့်ပြုခဲ့ပြီး လက်ရှိမှာတော့ လုံးဝပိတ်ပင်ထားတယ်လို့ မောင်တောဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

“ ဆန်တွေဘာတွေလည်း လုံးဝ အရပ်သားကားပေါ်မှာ မတင်ရဘူး တင်လာတဲ့ ကားကိုတော့ ဖမ်းမှာပဲ အဲလိုမျိုးပြောထားတယ်၊ ပြီးတော့ ဆေး လူတွေနေမကောင်းဖြစ်ရင် သောက်ဖို့ ဆေးကုသဖို့အတွက် ဆေးဝါးတွေ မယူရဘူး တင်ဆောင်ခွင့်မရှိဘူး။အခုဆိုရင် မောင်တောမြို့ပေါ်မှာ ဆေးဝါးတွေ တောင်မှ ရှားပါးတယ် ဈေးကြီးတယ်၊ လိုချင်တဲ့ ဆေးဝါးတောင်ရှာမရဘူးဖြစ်နေတယ်။”

ဒါ့အပြင် မောင်တောမြောက်ပိုင်းမှာရှိတဲ့ ဒေသခံတွေအနေနဲ့ တရွာနဲ့ တရွာခရီးသွားမယ်ဆိုရင် အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှ သွားလာခွင့်ရသလို စစ်ဆေးတင်းကြပ်ထားဆဲဖြစ်တယ် လို့လည်းအသက် ၅၀ကျော်အရွယ် ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

“ ခရီးသွားလာခွင့်ကတော့ သူတို့ စစ်ဆေးမေးမြန်းတာကို ဖြေဆိုနိုင်ရင်သွားလို့ရတယ် မှတ်ပုံတင် အကုန်လုံးကို ပြရတယ်၊ ပြီးမှပဲသွားလို့ရတယ် မှတ်ပုံတင်မပါရင်သွားလို့မရဘူး၊ နယ်ဖက်တွေမှာ ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာနဲ့ မှတ်ပုံတင်ကို ပြပြီးမှ သွားလာလို့ရတယ်။”

အပစ်ရပ်ထားပေမဲ့ ကန့်သတ်ချက်တွေကြောင့် တင်းမာမှုတွေ၊ နောက်ဆက်တွဲ ပြဿနာတွေ ပေါ်ပေါက်လာမှာကိုလည်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်း တို့လို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

“ ဘာကြောင့်ကန့်သတ်နေလဲ ဆိုတာကတော့ သူတို့မှာ ဥပဒေဆိုတာမရှိဘူး၊ ပြောတာတမျိုး လုပ်တာတမျိုး၊ လုပ်ချင်သလို လုပ်တယ် ပြောချင်သလို ပြောတယ်၊ တမင်တကာ လုပ်တယ် လို့ ကျနော်တို့ ပြောချင်တယ်၊ ဒီလိုလုပ်ခြင်းအားဖြင့် ကျနော်တို့ နှစ်ဖက်အမုန်း တရားကို ပိုပြီးတော့ တိုးပွားစေတယ်။ အေးချမ်းစွာနေထိုင်လိုတဲ့ ပြည်သူတွေကို အနှောင့် အယှက် ဒုက္ခပေးသလို ဖြစ်တယ်လို့လည်း ပြောချင်ပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကိုလည်း စစ်ကောင်စီက အခုအချိန်ထိ ပိတ်ထားသလို စစ်တွေမြို့တွင်းကိုလည်း ည ၆ နာရီအထိသာ ဝင်ခွင့်ပြုထားပါတယ်။ အခုလိုပဲ တခြားမြို့နယ်တွေမှာလည်း မြို့ဝင်မြို့ထွက် တွေမှာ စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး ကန့်သတ်ထားသလို စစ်ဆေးမေးမြန်း တာတွေရှိနေဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဆေးဝါးနဲ့ ဆန်အပါအဝင် ကုန်ပစ္စည်းတချို့ သည်ယူခွင့်တွေကို ကန့်သတ်ထားတာနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေဖက်က တရားဝင် သတင်းထုတ်ပြန် ပြောဆိုတာမျိုးတော့ မရှိပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကို မေးမြန်းဖို့ဆက်သွယ် တာတွေရှိပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာလည်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG