သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းက ထောင်နဲ့ချီတဲ့စစ်ဘေးရှောင်တွေ အတင်းအကြပ် နေရပြန်ပို့ခံရ



[[Zawgyi/Unicode]]

ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက ထောက်ပံ့ငွေတချို့ပေးပြီးတော့ နေရပ်ပြန်ခိုင်းနေပါတယ်။ လက်ရှိမှာတော့ ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည် ထောင်နဲ့ချီပြီးတော့ နေရပ်ပြန်သွားနေကြသလို ပြီးခဲ့တဲ့ မတ်လ အတွင်းမှာပဲ ကျောက်တော်မြို့နယ်က စစ်ဘေးဒုက္ခသည် ၂,၀၀၀ကျော်နေ ရပ်ပြန်သွားကြပါတယ်။ စစ်ကောင်စီဖိအားကြောင့် နေရပ်ပြန်သွားကြတယ်ဆိုပေမယ့် လုံခြုံရေးနဲ့ စားဝတ်နေရေး အတွက် စိုးရိမ်နေကြတယ်လို့ နေရပ်ပြန်စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ အပစ်ရပ်ထားတဲ့ ရခိုင်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းစတဲ့ မြို့နယ်တွေမှာရှိတဲ့ စစ်ဘေးဒုက္ခ သည်စခန်းတချို့က စစ်ရှောင်တွေကို စစ်ကောင်စီက နေရပ်ပြန်ပို့ပြီးတော့ စခန်းတွေကို ပိတ်သိမ်းနေတာပါ။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာပဲ ကျောက်တော်မြို့နယ်က မဟာမြမုနိ စစ်ဘေးဒုက္ခသည်စခန် းအပါအဝင် စစ်ဘေးဒုက္ခသည်စခန်းတချို့ကို ပိတ်သိမ်းပြီးတော့ စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ပို့ခဲ့တာပါ။ လူဦးရေ ၁,၆၀၀ကျော် ေနေထိုင်တဲ့ မဟာမြမုနိစစ်ဘေးဒုက္ခ သည်စခန်းမှာ စစ်ဘေးဒုက္ခသည်တွေအားလုံး နေရပ်ပြန်သွားကြပြီဖြစ်သလို ပြီးခဲ့တဲ့ မတ်လ ၃၁ရက်နေ့ကတည်းက စခန်းပိတ်လိုက်ပြီးလို့ စခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

“ကြည့်ရင်တော့ သူတို့သဘောနဲ့ သူတို့ပြန်သလိုလိုတော့ ဖြစ်နေတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ လူကယ်ပြန်က ဆန်ရိက္ခာတွေ မပေးတာလည်း ၈ လ၊ ၉ လလောက် ရှိနေပြီ။ WFP က ပေးတာလည်း လူတယောက်ကို တလအတွက် ၂၁,၀၀၀ နှုန်းနဲ့ပေးတယ်ဆိုတော့ လူတ ယောက် မထင်းတနပ်ကို ၃၅၀ ပဲရှိတယ်လေ။ ကော်ပီတခွက်ကို ၃၀၀ ဖြစ်နေတဲ့အချိန်မှာ ဘယ်လိုမှရပ်တည်လို့ မရတော့ဘူးလေ သူတို့။ ဒီကြားထဲမှာတော့ လူကယ်ပြန်ဝန်ကြီးတွေ ရောက်လာကြတယ်။ ရွာပြန်မယ်ဆိုရင် ပိုက်ဆံ ၆သိန်း ပေးမယ်ပေါ့။ ပြီးရင် ဆန်တအိတ်ပေးမယ်။ အဲလိုပြောတော့ သူတို့ကလည်း ဘာမှမထူးတော့ဘူးပေါ့နော်၊ ရပ်တည်လို့လည်း မရတဲ့အတူတူ ပေးသလောက်ယူပြီး ပြန်မယ်၊ အဲလို ဆုံးဖြတ်ချက် ချလိုက်ကြတာနဲ့တူတယ်။”

ဒါ့အပြင် ကျောက်တော်မြို့နယ်အတွင်းက ရှမ်းရွာဘုန်းကြီးကျောင်း ဒုက္ခသည်စခန်းကိုလည်း စစ်ကောင်စီက ပိတ်သိမ်းပြီးတော့ စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ခိုင်းခဲ့ပါတယ်။ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ နေရပ်မပြန်ချင်ပေမယ့် စစ်ဘေးဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာထောက်ပံ့မှုတွေ မရှိတော့တာကြောင့် စစ်ကောင်စီပေးတဲ့ ထောက်ပံ့ကြေးတွေကိုယူပြီး နေရပ်ပြန်လာရတာ ဖြစ်တယ်လို့ ကျောက်တော်မြို့နယ် ကျော်ရှီပြင်ကျေးရွာက သက် ၂၆နှစ်အရွယ် စစ်ဘေးဒုက္ခသည်အမျိုးသမီးတဦးက ပြောပါတယ်။

“အခု သူတို့လွတ်တဲ့အချိန်မှာ နေရပ်ပြန်မယ်ဆိုလို့ရှိရင် ထောက်ပံ့ကြေး ၆သိန်းနဲ့ ပစ္စည်းက ၁၈ မျိုးပေးမယ်။ အခုပြန်ရင် အဲတာတွေ ရမယ်။ နောက်မှ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်မယ်ဆိုလို့ရှိရင် ထောက်ပံံ့ကြေးတွေ ဘာတွေ မပေးတော့ဘူး။ အခုက အနောက်ဖက်ကမ်းက လူတွေကို အရင်ဆုံးလွတ်မယ်။ နောက်မှ အရှေ့ဖက်ကမ်းကလူတွေကို လွတ်မယ်အဲ၊ လိုပြောတယ်။”

ကျော်ရှီပြင်ကျေးရွာဟာ ကုလားတန်မြစ် အနာက်ဖက်ကမ်းမှာရှိပြီး ကျောက်တော်နဲ့ ချင်းပြည်နယ် နယ်စပ်မှာရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နေရပ်ပြန်လာတဲ့ ကျေးရွာ သားတွေအနေနဲ့ နေထိုင်ဖို့ နေအိမ်တွေလည်း အဆင်သင့်မရှိသလို ကျေးရွာအနီး အနားမှာ စစ်ကောင်စီက တပ်စွဲထားကြောင့် လုံခြုံရေး စိုးရိမ်မှုတွေ ရှိနေတယ်လို့ နေရပ်ပြန်လာတဲ့ စစ်ဘေးဒုက္ခသည် အမျိုးသမီးတဦးက ပြောပါတယ်။

“လုံခြုံမှုရှိတယ်လို့တော့ မဟုတ်ဘူး။ လုံခြုံမှုက ဘယ်လိုမှမရှိဘူး။ သမီးတို့ရွာ အရှေ့ဖက်ကမ်းက တောင်တန်းပေါ်မှာ တပ်တွေက နေရာချထားတာလေ။ ဒီတိုင်း မျက်နှားချင်းဆိုင်နေနေရတာ။ သူတို့က အပေါ်က၊ ရွာကအောက်မှာဆိုတော့ လုံခြုံမှုက ဘယ်လိုမှမရှိဘူး။ သူတို့က ပြန်ရမယ်ဆိုလို့သာ ပြန်ကြရတာ ဒီအတိုင်း လုံခြုံလို့ နေနေရတာတော့မဟုတ်ဘူး။”

လက်ရှိရခိုင်ပြည်နယ်မှာ အပစ်ရပ်ထားတယ်ဆိုပေမယ့် လုံခြုံတဲ့ အခြေအနေ တရပ်မဟုတ် သေးတဲ့အပြင် လုံခြုံရေးအာမခံချက်မပေးပဲ စစ်ကောင်စီအနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ပို့နေတာဟာ ပြည်သူတွေကို ပိုဒုက္ခရောက်စေတယ်လို့ အခုနှစ် ဖေဖော်ဝါရီလ ကုန်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောထားပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ကတည်းက ထောက်ပံ့မှုတွေကို ရပ်ဆိုင်းထားပြီး နေရပ်ပြန်မယ့် စစ်ဘေးဒုက္ခသည်တွေကို စာရင်းကောက်ယူပြီးတော့ ပြန်မယ့်သူတွေကို ငွေကျပ် ခြောက်သိန်းနဲ့ အသုံးအဆောင် ပစ္စည်းတချို့ ထောက်ပံ့ပေးပေမယ့်လည်း နေရပ်ပြန်သွားကြတဲ့ စစ်ဘေးဒုက္ခသည်တွေ အနေနဲ့ ရှေရှည်အတွက် စားဝတ်နေရေးနဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။

[[Unicode]]












ဆက်စပ်သတင်းများ ...

XS
SM
MD
LG