သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှုးချုပ်ကိုယ်စားလှယ် ရခိုင်ဒုက္ခသည် စခန်းသွားရောက်


ကုလအတွင်းရေးမှုးချုပ်ကိုယ်စားလှယ် ရခိုင်ကို ရောက်လာစဉ်
ကုလအတွင်းရေးမှုးချုပ်ကိုယ်စားလှယ် ရခိုင်ကို ရောက်လာစဉ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ဒုတိယနေ့မှာ ပေါက်တော မြို့နယ်က ကြိမ်ချောင်းစခန်း၊ စစ်တွေမြို့က မင်းဂံစခန်းနဲ့ ဟိန္ဒူ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။ စစ်တွေမြို့က စခန်းတွေကို သွားရောက်ချိန်မှာတော့ စခန်းတွင်းနေထိုင်သူတွေရဲ့ အခြေအနေတွေကို မေးမြန်းပြီး အချက်အလက်ရယူခဲ့တယ်လို့ သူနဲ့ တွေ့ဆုံခဲ့သူတွေက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ စစ်တွေမြို့ကို အင်္ဂါနေ့ မွန်းလွဲပိုင်းက ရောက်ရှိခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ပေါက်တောမြို့နယ် ကြိမ်ချောင်းစခန်းက အစ္စလာမ်ဘာသာဝင်တွေရဲ့ စခန်း၊ စစ်တွေမြို့က ရခိုင်လူမျိုးတွေရဲ့ မင်းဂံစခန်းနဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ စခန်းတွေကို သွားရောက်ခဲ့တာပါ။

စစ်တွေမြို့က မင်းဂံစခန်းရောက်ရှိချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဟာ စခန်းရဲ့လိုအပ်ချက်တွေကို မေးမြန်းခဲ့ကြောင်း စခန်းတာဝန်ခံ ဦးမောင်ဘူလှက အခုလို ပြောပါတယ်။

“ ဒီနေ့ သူတို့ ၃နာရီ ၄၅ ကနေ ရောက်ပါတယ်။ ၄နာရီ ၅၀မှာ ပြီးတယ်ခင်ဗျ။ ကျနော်တို့ စခန်းကို ရောက်လာတယ်။ ဒီစခန်းက လိုအပ်ချက်တွေကို မေးတယ်။ မေးပေမယ့်လည်း ချက်ချင်းကြီး အကောင်အထည်ဖော် လုပ်ပေးနိုင်မယ်လို့တော့ မမျှော်လင့်နဲ့ပေါ့။ တဖြည်းဖြည်းတော့ ဖြစ်လာမှာပေါ့။ ”

စခန်းရှိသူတွေက စခန်းတွင်း အဝင်အထွက်လမ်းဖောက်ပေးဖို့၊ ပျက်ဆီးနေတဲ့ နေအိမ်တွေ၊ ရေတွင်းတွေ၊ အိမ်သာတွေ ပြုပြင်ပေးဖို့၊ လမ်းမီးတွေ တပ်ဆင်ပေးဖို့၊ ရေနုတ်မြောင်းတွေ တူးဖော်ပေးဖို့၊ စခန်းအနီးမှာ ဈေးဖွင့်ပေးဖို့ စတာတွေ တင်ပြခဲ့ရာမှာ အထူးကိုယ်စားလှယ်က မှတ်တမ်းအဖြစ် ရယူသွားကြောင်း ပြောပါတယ်။

၂၀၁၂ ပဋိပက္ခတွေကနေ ထွက်ပြေးရသူတွေ နေထိုင်တဲ့ မင်းဂံစခန်းမှာ အိမ်ခြေ ၁၅၁ အိမ် လူ ၇၀၀ ကျော် ရှိပါတယ်။

ဟိန္ဒူစခန်းကို ရောက်ရှိချိန်မှာတော့ စခန်းရှိ ဒုက္ခသည်တွေတင်ပြတာနဲ့ပတ်သက်ပြီးသူတို့ စခန်းတာဝန်ခံဖြစ်တဲ့ ဦးဘုလှရွှေက အခုလို ပြောပါတယ်။

“ ကျနော်တို့ကတော့ မောင်တော မပြန်ချင်ဘူးပေါ့။ အထူးကိုယ်စားလှယ်လာတော့လည်း ကျနော်တို့ ပြောပြလိုက် တယ်။ ဒီမှာ ၂၁စုရှိတယ်။ ရိက္ခာတွေဘာတွေလည်း သိပ်မရဘူးဆိုတော့ လူတွေကတော့ အလုပ်လုပ်ကြတယ်ပေါ့။ ဟိုမှာ အိုးအိမ်ဆိုတာလည်း မရှိတော့ဘူးပေါ့။ ”

စစ်တွေ ဟိန္ဒူစခန်းမှာ ကျန်ရှိနေသူတွေဟာ ခမောင်းဆိပ်၊ ရဲဘော်ကျရွာမှာ ARSA အဖွဲ့က သတ်ဖြတ်ခံရသူတွေရဲ့ မိသားစုဝင်တွေဖြစ်ပြီး မိသားစု ၂၁ စု လူဦးရေ ၆၈ ယောက်ရှိကြောင်း ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ပေါက်တောမြို့နယ်က အစ္စလာမ်ဘာသာဝင်တွေရဲ့ စခန်းကို သွားရောက်ခဲ့ပေမယ့် စခန်းက တာဝန်ရှိသူတွေနဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

အထူးကိုယ်စားလှယ် စစ်တွေမြို့ကို စတင်ရောက်ရှိတဲ့ အင်္ဂါနေ့ ကတော့ ရခိုင်ပြည်နယ်အစိုးရ၊ လွှတ်တော်၊ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အရင်ဆုံး ပြည်နယ်အစိုးရနဲ့ တွေ့ဆုံပြီးနောက်မှာ ရခိုင်ပြည်နယ်လွှတ်တော်ကို သွားရောက်ပြီး ဒုတိယ လွှတ်တော်ဥက္ကဋ္ဌ ဦးမြသန်းနဲ့တွေဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ အဓိက ဆွေးနွေးခဲ့တာတွေကို ဦးမြသန်းက အခုလို ပြောပါတယ်။

“ ဘူးသီးတောင်မှာရှိတယ်၊ ရသေ့တောင်မှာရှိတယ်၊ ပုဏ္ဏားကျွန်းမှာ ရှိတယ်။ ကျောက်တော်မှာ ရှိတယ်။ အားလုံးစုစုပေါင်းဆိုရင် လူဦးရေက ၅ထောင်ကျော် ၆ထောင်လောက်ရှိတယ်။ သူတို့ရဲ့ စားဝတ်နေရေးအတွက် အစိုးရအဖွဲ့က ထောက်ပံ့တာတွေဟာ နည်းနေတဲ့အတွက်ကြောင့် လုံလုံလောက်လောက်ထောက်ပံ့ ဖို့ အတွက် လွတ်တော်ကနေပြီး ဖေဖော်ဝါရီလ ၁၃ရက်နေ့မှာ လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးဖို့ ရှိပါတယ်။ အဲဒီကနေပြီးတော့မှ အစိုးရအဖွဲ့ကို တိုက်တွန်းဖို့ ရှိပါတယ်ဆိုပြီး ပြောပါတယ်။”

နောက်တစ်ချက်ကတော့ စစ်ရှောင်တွေ အမြန်ဆုံးနေရပ်ပြန်ရေးအတွက် နှစ်ဘက် တိုက်ပွဲတွေ ရပ်ဆိုင်းစေဖို့ လွှတ်တော်မှာဆွေးနွေးပြီး အစိုးရကို တိုက်တွန်းဖို့ ရှိကြောင်း တင်ပြခဲ့တယ်လို့ ဦးမြသန်းက ဆက်ပြောပါတယ်။

မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်က ဒီစစ်ရှောင်ပြည်သူတွေဆီကို နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့တွေ သွားရောက်တာကို တားမြစ်ထားတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ အခုလို ပြန်ကြားခဲ့ကြောင်းလည်း ဆက်ပြောပါတယ်။

“ နိုင်ငံခြားသားတစ်ယောက်က၊ ဧည့်သည်တစ်ယောက် တစ်ခုခု ဖြစ်သွားလို့ ရှိရင် အစိုးရမှာ တာဝန်ရှိတယ်လို့။ အစိုးရက တားတာ မှန်ပါတယ်လို့။ ”

ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ အစည်းအဝေးမှာ ရောက်ရှိနေတာကြောင့် ပြန်လည် ဖြေဆိုတာ မရှိခဲ့ပါဘူး။

အထူးကိုယ်စားလှယ်ဟာ ဗုဒ္ဓဟူးနေ့ည စစ်တွေမှာအိပ်ပြီး ကြာသပတေးနေ့ အစီအစဉ်နဲ့ ပတ်သက်လို့တော့ အတိအကျ မသိရပါဘူး။

အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ စနေနေ့က မြန်မာပြည်ကို ရောက်ရှိခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့ကတော့ နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း တွေ့ရှိချက်တွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အစီရင်ခံတင်ပြမှာဖြစ်ပါတယ်။

သူဟာ၂၀၁၈ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်ကို လာရောက်ခဲ့သလို အောက်တိုဘာလအတွင်းကတော့ ရခိုင်ပြည်နယ်သာမက ကချင်ပြည်နယ်ကိုပါ သွားရောက်ခဲ့ဖူးပါတယ်။ အောက်တိုဘာလ ခရီးစဉ်မှာ ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မောင်တောမြို့တွေကို သွားရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG