သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် Burgener ရခိုင်ပြည်နယ် သွားရောက်


ကုလအထူးကိုယ်စားလှယ် Burgener မြန်မာခရီးစဉ် (MOI)
ကုလအထူးကိုယ်စားလှယ် Burgener မြန်မာခရီးစဉ် (MOI)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ရဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ် အတွင်း တွေ့ရှိချက်တွေကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အစီရင်ခံတင်ပြမှာပါ။ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က မနေ့ကတော့ ရခိုင်ခရီးစဉ်ကို စတင်ခဲ့ပြီး စစ်တွေမြို့ကို ရောက်ရှိပြီး ရခိုင်အမျိုးသားပါတီ ဌာနချုပ်မှာ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ နေပြည်တော်မှာလည်း မြန်မာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိနေတာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြမှာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ စနေနေ့မှာ ဆိုက်ရောက်ခဲ့တာ ဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ မြန်မာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ နေပြည်တော်ကို သွားရောက်ခဲ့တာပါ။ ဒီနောက် မနေ့ အင်္ဂါနေ့မှာတော့ ရခိုင်ပြည်နယ် ခရီးစဉ်ကို စတင်တာ ဖြစ်ပါတယ်။ နယူးယောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ Eri Kaneko က အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"သူမ အနေနဲ့ ရခိုင်နဲ့ နေပြည်တော်ကို သွားပြီး အစိုးရနဲ့ တွေ့မှာ ဖြစ်ပါတယ်။ ခရီးစဉ် အပြီးမှာ ကြေညာချက် ထုတ်မှာပါ။ အခုကတော့ သူ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောဖို့ စောနေပါတယ်။"

အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စ Burgener ရဲ့ မြန်မာ ခရီးစဉ် အပြီးမှာ သူမရဲ့ တွေ့ရှိချက်တွေကို လုံခြုံရေး ကောင်စီမှာ အစီရင်ခံဖို့ ရှိတယ်လို့လည်း ကုလသမဂ္ဂရဲ့ ဗြိတိန်ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် Karen Pierce က သတင်းထောက်တွေကို ပြီးခဲ့တဲ့ ၁၆ ရက်နေ့က အလွတ်သဘော ပြောဆိုပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Eri Kaneko ကတော့ လုံခြုံရေး ကောင်စီက ဖိတ်ခေါ်ခဲ့ရင် တင်ပြသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

"ဒီကိစ္စကတော့ လုံခြုံရေး ကောင်စီက သူမကို ခရီးစဉ်နဲ့ ပတ်သက်လို့ အစီရင်ခံဖို့ ဖိတ်ခေါ်ခဲ့ရင် ဖြစ်လာမှာပါ။"

မနေ့ အင်္ဂါနေ့မှာ ရခိုင် ခရီးစဉ် စတင်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ Burgener က ရခိုင် လွှတ်တော်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး လက်ရှိ တိုက်ပွဲတွေ အခြေအနေနဲ့ စစ်ရှောင်ဒုက္ခသည်တွေ အရေးကို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် စစ်တွေမြို့က ရခိုင်အမျိုးသားပါတီ ဌာနချုပ်မှာလည်း ဆွေးနွေးပွဲ ကျင်းပကြောင်း ရခိုင်အမျိုးသားပါတီက သတင်းထုတ်ထားပါတယ်။ ရခိုင်ပြည်နယ်တွင်း လက်ရှိ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာပါ။ စစ်ပွဲတွေ ရပ်စဲရေး၊ နောက် ရခိုင်ပြည်နယ်တွင်းက တရုတ်စီးပွားရေး အခြေချမှုတွေ အပေါ် ရခိုင်လူထုရဲ့ သဘောထား၊ လက်ရှိ အစိုးရရဲ့ ရပ်တည်ချက်၊ စစ်ပွဲကြောင့် ဒေသခံတွေတွေ့ကြုံနေရတဲ့ အခက်အခဲ၊ စစ်ရှောင်တွေကို ကူညီရေး အခက်အခဲ၊ မတရားအသင်း အက်ဥပဒေနဲ့ အရေးယူခံနေရတဲ့ အခြေအနေတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်တဲ့ အခြေအနေ ၊ ပေါ်တာဆွဲ ခိုင်းစေတယ်ဆိုတဲ့ သတင်းပေးတာတွေ ရှိနေတဲ့ အခြေအနေတွေကို တနာရီခွဲကျော်ကြာ ဆွေးနွေးခဲ့ကြတယ်လို့ ရခိုင်အမျိုးသား ပါတီက သူတို့ရဲ့ လူမှုကွန်ယက် Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ခံရတဲ့ မစ္စ Burgener ရဲ့ အခု မြန်မာ ခရီးစဉ်က စတုတ္ထအကြိမ် ခရီးစဉ် ဖြစ်ပါတယ်။ သူမရဲ့ အခု ခရီးစဉ် အတွင်းမှာ အထူးကိုယ်စားလှယ်ရဲ့ ရုံးခန်းကို နေပြည်တော်မှာ ဖွင့်လှစ်ရေးအတွက်လည်း ပံ့ပိုးကူညီပေးနေကြောင်း မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကလည်း ဗွီအိုအေကို ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG