သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စုံစမ်းရေးကော်မရှင် အပေါ်အမြင်


လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များ (Independent Commission Of Enquiry_ICOE_myanmar)
လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များ (Independent Commission Of Enquiry_ICOE_myanmar)

မြန်မာအစိုးရက အခုနောက်ဆုံး ဖွဲ့စည်းထားတဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ဟာ လေးနက်တဲ့ စုံစမ်းမှုတွေလုပ်ဖို့ ဆန္ဒ မရှိဘူးဆိုပြီး ဝေဖန်မှုတွေ ထွက်နေပေမယ့် ရှေ့နှစ် လဆန်းပိုင်းမှာ ထုတ်ပြန်ဖွယ်ရှိတဲ့ ICOE ရဲ့အစီရင်ခံစာကိုတော့ စောင့်ကြည့်သင့်တယ်လို့ မြန်မာ့အရေး သုံးသပ်သူတချို့က မြင်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ရခိုင်အရေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ကို ပြီးခဲ့တဲ့ ဂျူလိုင်လကုန်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ ဖွဲ့စည်းချိန်ကစလို့ ICOE အနေနဲ့ သြဂုတ်လကုန်ပိုင်းမှာ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့တာမျိုး ၊ အစိုးရအဖွဲ့ ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံ ဆွေးနွေးတာမျိုး ရှိခဲ့ပေမယ့် ၊ နိုင်ငံတကာက ဝေဖန်ထောက်ပြသလို ရခိုင်မြောက်ပိုင်းအရေးမှာ ရိုဟင်ဂျာတွေအပေါ် စစ်တပ်က လူအခွင့်အရေးချိုးဖေါက်မှု အကြီးအကျယ် လုပ်ခဲ့သလားဆိုတဲ့ ကိစ္စကိုတော့ အလေးအနက်ထား စုံစမ်းဖေါ်ထုတ်နိုင်မှာ မဟုတ်ဘူးလို့ HRW လူ့အခွင့်အရေးအဖွဲ့က ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် ICOE ကော်မရှင်ကို ဖျက်သိမ်းသင့်တယ်လို့ HRW အဖွဲ့က ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်ပါတယ်။

HRW အဖွဲ့က အခုလိုဝေဖန် တိုက်တွန်းနေပေမယ့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်က လာမယ့်နှစ်ဆန်းပိုင်းအတွင်း အစီရင်ခံ တစောင် ထုတ်ပြန်ဖို့ ကြိုးပမ်းမှုတွေကိုတော့ အချိန်ပေး စောင့်ကြည့်သင့်တယ်လို့ အမေရိကန်ပြည်ထောင်စုမှာနေတဲ့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာ တင့်ဆွေက မြင်ပါတယ်။

"တိုင်ကြားမှုတွေကို ဒါက ကော်မရှင်တခုရဲ့ ထုံးစံအတိုင်း လျို့ဝှက်ထားမယ်။ နောက် သူတို့က အဲဒါကို မေးမြန်းစုံစမ်းမူတွေလုပ်ပြီးတော့မှ ကြေညာချက် အစီရင်ခံစာ ထွက်လာမှာဆိုတော့ ထိရောက်မှုရှိမရှိဆိုတဲ့အပိုင်းကတော့ ပြောရတာခက်တယ်ခင်ဗျ။ သို့သော်လည်းပဲ ဒါက လူသိထင်ရှားနိုင်ငံတော်အစိုးရက ဖွဲ့ထားတဲ့ အဖွဲ့အစည်း တရပ်အနေနဲ့ကတော့ သူလုပ်သင့်လုပ်ထိုက်တာကတော့ လုပ်ကြမှာပါပဲ အစီရင်ခံစာထွက်လာရေးကတော့ သူ့ဟာသူအကျိုးအကြောင်းဆီလျော်စွာ ဖြစ်လာမယ်လို့တော့ ကျနော်မျှော်လင့်ပါတယ်။"

ရခိုင်မြောက်ပိုင်းအရေးမှာ လူ့အခွင့်အရေး ဖေါက်ဖျက်ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ ဓါတ်ပုံ၊ ဗွီဒီယို၊ အသံဖိုင် သက်သေခံအထောက်အထား မျိုးစုံကို ICOE ကော်မရှင်ထံ မြန်မာ၊ အင်္ဂလိပ်၊ ရခိုင်၊ ဘင်္ဂလီ ကြိုက်တဲ့ ဘာသာစကားနဲ့ တင်သွင်းပေးဖို့ကြဖို့ ICOE က ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာ ဖိတ်ခေါ်ထားပြီး ဖြစ်ပါတယ်။ ပေးပို့တိုင်ကြားသူတွေရဲ့ လုံခြုံရေးအတွက် ကိုယ်ရေးအချက်အလက်တွေကို လျှို့ဝှက်ပေးထားမယ်ဆို့ ICOE က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံက အခြေအနေတွေဟာ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာသာ စစ်ဆေး အရေးယူသင့်ကြောင်း HRW က ဒီဇင်ဘာလ (၁၉)ရက် ထုတ်ပြန်ချက်မှာ အကြံပြုထားပါတယ်။ ဒါပေမဲ့ မြန်မာ့အရေးကိစ္စ ICC ကိုရောက်ဖို့ အချိန်ယူရဦးမှာ ဖြစ်ကြောင်းနဲ့ နိုင်ငံတကာက ယုံကြည်ရတဲ့ အခြေအနေမျိုး မရှိတော့တဲ့အခါ ICC ကိုတင်ရတဲ့အထိ ဖြစ်လာနိုင်တယ်လို့ ဒေါက်တာ တင့်ဆွေက သတိပေးပါတယ်။

"ICC ရောက်ဖို့ကတော့ တွန်းအားဖိအားဆွဲအားတွေကတော့ အလွှန်ကြီးမားတာကတော့ အမှန်ပဲ ၊ အစိုးရကလည်း လုပ်နိုင်သလောက်သာ လုပ်နိုင်တယ်။ ဒီထက်လည်းသူကျော်လုပ်လို့မရဘူး။ အဲဒီတော့ ဖြစ်ပြီးသားကိစ္စတွေ ဘယ်လောက်အထိ တကယ်ပဲ ဖြစ်တယ်၊ မှန်တယ်ဆိုတဲ့ ကိစ္စပေါ့ ဒီဟာတွေကလည်း ဘယ်သူမှ အကုန်သိနိုင်တဲ့ကိစ္စမဟုတ်ဘူးပေါ့နော် ဘယ်သူကပဲ ဘာပြောပြော။ အဲဒီတော့ နိုင်ငံတကာ နိုင်ငံရေးရေချိန်ကြည့်ရင် ဒီအခြေအနေဟာ ကျနော်တို့ဘက်က အားသာချက်မရှိပဲနဲ့ တော်တော်လေးကို တွန်းလှန်ခုခံရမယ့် အခြေအနေတရပ်မှာပဲရှိသေးတယ်လို့ ကျနော်မြင်ပါတယ်။"

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ထံ ပေးပို့လိုတဲ့ သက်သေခံ အထောက်အထားတွေကို ၂၀၁၉ ဇန်ဝါရီလ (၃၁)ရက် နောက်ဆုံးထားပြီး ပေးပို့နိုင်ကြောင်း ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ICOE ကော်မရှင်အဖွဲ့ဟာ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်နေ့ထိ စတုတ္ထအကြိမ် စည်းဝေးပွဲ ကျင်းပခဲ့ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နဲ့ရော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် Mrs. Christine Burgener နဲ့ပါ တွေ့ဆုံခဲ့တယ်လို့ ဒီဇင်ဘာ ၁၉ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

ဦးကျော်တင့်ဆွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ICOE ရဲ့ လုပ်ငန်းတိုးတက်မှု အခြေအနေကို ရှင်းပြသလို၊ လုပ်ငန်းလည်ပတ်မှု အားကောင်းလာအောင် ဘယ်လိုလုပ်ဆောင် သွားမလဲဆိုတာကိုပါ ဆွေးနွေးခဲ့ကြပါတယ်။ ICOE အဖွဲ့က လုပ်နေတဲ့ အချက်အလက် စုဆောင်းရှာဖွေရေးနဲ့ ခိုင်မာမှု ရှိမရှိ စိစစ်ရေး ECVT လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးကြပါတယ်။ ICOE ကော်မရှင်ရဲ့ ၅ ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ဇန်နဝါရီလထဲ ကျင်းပဖို့ လျာထားကြောင်း သတင်းထုတ်ပြန် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG