သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ရခိုင်ခရီးစဉ်စတင်


လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (Myanmar State counsellor office)
လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (Myanmar State counsellor office)

သမ္မတက ဖွဲ့စည်းပေးထားတဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ရခိုင်ခရီးစဉ် ဒီကနေ့ စတင် လိုက်ပြီ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မောင်တောကို သွားရောက်နေကြတဲ့ စုံစမ်းရေး ကော်မရှင်အနေနဲ့ ရခိုင်ခရီးစဉ်အတွင်း နှစ်ဘက်အသိုင်းအဝိုင်းအပြင် ရခိုင်ဒေသခံတွေ၊ ဌာနတိုင်းရင်းသားတွေနဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံဖို့ကိုလည်း ပြည်နယ်လွှတ်တော် ကိုယ် စားလှယ်တွေက အကြံပြုတိုက်တွန်းပါတယ်။ ကုလနဲ့ နိုင်ငံတကာဘက်က ရခိုင်မြောက်ပိုင်း အစီရင်ခံစာတွေ ထွက်ပေါ်နေချိန်မှာပဲ အခုလို အစိုးရဖွဲ့စည်းပေးတဲ့ ကော်မရှင်ရဲ့စုံစမ်းစစ်ဆေးမှုအပေါ်မှာတော့ စောင့်ကြည့် ရဦးမှာ ဖြစ်တယ်လို့ ရခိုင်အရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ARSA အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ နောက်ပိုင်း မြန်မာအစိုးရတပ်တွေနဲ့ လုံခြုံရေးတပ်တွေဘက်က နယ်မြေရှင်းလင်းရေးလုပ်ရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ် ရှိခဲ့တယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာရဲ့ စွပ်စွဲမှု ဖိအားတွေ များလာချိန်မှာပဲ ရခိုင် လူ့အခွင့် အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ဆိုပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က ဖိလစ်ပိုင် နိုင်ငံက ဒု နိုင်ငံခြားရေးဝန်ကြီးဟောင်း သံအမတ်ကြီး ရိုဆာရီယို မယ်နာလို ဦးဆောင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်တာဖြစ်ပါတယ်။

စုံစမ်းစစ်ေဆေးရေး ကော်မရှင်ဖွဲ့စည်းပြီး တလကြာမြင့်ချိန် ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာ အဲ့ဒီ့ကော်မရှင်ရဲ့ ပထမဆုံးအကြိမ် ရခိုင်ပြည်နယ်ခရီးစဉ် စတင်လိုက်တာဖြစ်ပါတယ်။ ကော်မရှင်အဖွဲ့ဟာ ပထမဆုံး ရခိုင် ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီး ရခိုင် ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ နောက် ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ လိုက်ပါပြီး ရခိုင်ပြည်နယ် မောင်တောဘက်ကို ခရီးဆက်နေကြတာဖြစ်ပြီး မောင်တောဒေသ ထဲက ဒုက္ခသည်စခန်းတွေ၊ မူဆလင်ကျေးရွာတွေက ဒေသခံတွေကိုသွားရောက်ဖို့ရှိနေပါတယ်။

အခုလို အစိုးရက ဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ရခိုင်ခရီးစဉ်အပေါ် ရခိုင်ပြည်နယ် လွှတ်တော်က လွှ့တ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးထွန်းသာစိန်က ကော်မရှင်အနေနဲ့ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ရခိုင်ဖြစ်စဉ်၊ ဒေသတွင်းအခြေအနေတွေနဲ့ အနေအထားကို သိရှိစုံစမ်းဖို့ဆိုရင်တော့ ရခိုင် ပြည်နယ် တွင်းက လူထုကတင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးသင့်တယ်လို့ အကြံပြုပါတယ်။

“ကျနော်တို့ ရခိုင်အရေးကိစ္စကိုပေါ့နော်၊ ရခိုင်လူထုကို ကိုယ်စားပြုတာက လွှတ်တော်ကိုယ်စားလှယ်တွေပါ။ အရေးကြီးတဲ့ ဒီလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရခိုင်ကို အခု ဆင်းလာတဲ့ ကော်မရှင်အနေနဲ့တော့ ရခိုင်ပြည်သူလူထုနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တော့ တွေ့သင့်တယ်လို့ ထင်ပါတယ်။ တဘက်စကားကိုပဲ အခြေခံလို့မရဘူး။ ဘာလို့လဲဆိုတော့ ရခိုင်ပြည်သူလူထုဘက်က အမှန်တကယ် ဒီ မောင်တောဒေသမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ၊ ပြီးတော့ အမှန်တကယ်ခံစားနေရတဲ့ ရခိုင်ပြည်သူ့ဘက်ကအသံကိုလည်း နားထောင်သင့်တယ် လို့ပဲ မြင်ပါတယ်။”

ရခိုင်ပြည်နယ်အရေးဟာ ရေရှည်ဖြေရှင်းရမယ့် သိမ်မွေ့နက်နဲတဲ့ကိစ္စရပ်ဖြစ်သလို နှစ်ဘက်လူမှု အသိုင်း အဝိုင်းကြား ခိုင်မာတဲ့ ယုံကြည်မှုတည်ဆောက်ရမယ့်အနေအထားမှာတော့ ရခိုင်ကော်မရှင် အနေနဲ့ ဒီ ဒေသ တွင်းက ပြသနာတွေကို အမှန်တကယ်သိရှိဖို့ဆိုရင် အချိန်ယူလေ့လာရမှာဖြစ်ပြီး မူဆလင်၊ ရခိုင် တိုင်းရင်းသားတွေအပြင် ဌာနတိုင်းရင်းသားတွေနဲ့ပါ တွေ့ဆုံမေးမြန်းသင့်တယ် လို့ လည်း ကမန်အမျိုးသား တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ဦးတင်ငွေကလည်း တိုက်တွန်းပါတယ်။

“သက်ဆိုင်ရာ မွတ်ဆလင်အသိုင်းအဝိုင်းကိုလည်း လေ့လာဖို့လိုသလို တဘက်က ကျနော်တို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေကိုလည်း လေ့လာဖို့လိုပါတယ်။ နှစ်ဘက် အဖွဲ့အစည်းတွေမှာ မေးသင့်မေးထိုက်တဲ့လူတွေအကုန်လုံးကို စုံစမ်းမှ တကယ်အဖြစ်အပျက်တွေရဲ့အနေအထားကို သိရမှာပါ။ တရားဥပဒေစိုးမိုးဖို့လိုတယ်။ ပြီးတော့ နောက်တခါ ကွန်မြူနတီ နှစ်ခုကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့ လိုတာပေါ့။ ပြီးတော့မှ ဒီ ဒုက္ခသည်တွေ လာနေဖို့အတွက် လိုအပ်တဲ့အခင်းအကျင်း၊ နေရာထိုင်ခင်း၊ အိုးအိမ်- စသည်အားဖြင့်- အလုပ်အကိုင်… ဒါတွေလည်း ကျနော်တို့ ဖန်တီးပေးဖို့ လိုပါတယ်ဗျ။ လုပ်ကိုင်စားသောက်လို့ ရတဲ့ အဆင့်မျိုး ဖြစ်ဖို့အတွက်တော့ ကျနော်တို့အစိုးရက တည်ဆောက်ပေးဖို့ လိုတာပေါ့။”

နိုင်ငံတကာနဲ့ ကုလသမဂ္ဂက ရိုဟင်ဂျာဒုက္ခသည်တွေလို့ခေါ်ဝေါ်ပြီး အစိုးရက မူဆလင် ဒုက္ခသည် တွေလို့ သုံးနှုန်း တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေး ရခိုင်မြောက်ပိုင်းက လူ့အခွင့်အရေး ချိုးဖောက် မှုတွေကို စုံစမ်းစစ်ဆေး နိုင်ဖို့ဆိုပြီး ရခိုင်ပြည်နယ်တွင်း လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့တွေ ဝင်ရောက် ခွင့်ရဖို့ တောင်းဆိုနေကြပေမဲ့ အစိုးရကတော့ ငြင်းဆန်ထားတာဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ ကုလဘက်က ဘင်္ဂလားဒေ့ရ်ှဘက်တိမ်းရှောင်သူတွေ-ဒုက္ခသည်စခန်းတွေကို သွားရောက် တွေ့ဆုံမေးမြန်းပြီး ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ဘက်က အစီရင်ခံစာ ထွက်လာချိန်မှာ အခုလို မြန်မာအစိုးရ ကိုယ်တိုင် စုံစမ်းစစ်ဆေးနေတဲ့အပေါ်မှာတော့ အချိန် နောက်ကျနေပြီဖြစ်တယ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။ ဒီကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို စောင့်ကြည့်ရဦးမယ်လို့ ရခိုင်အရေးလေ့လာအကဲခတ်နေတဲ့ ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။

“Timing ကလည်းအောက်သွားပြီ-နော်၊ နောက်ကျသွားတာ ဘာကြောင့်လဲဆိုတော့ တကယ် high level ဆိုတဲ့ဟာကြီးတွေကထွက်ကုန်ပြီ။ …ဘာပြုလို့လဲ ဆိုတဲ့အခါကျတော့ အော်- ကျနော်တို့၊ ကျမတို့ဘက်ကလည်း လုပ်ပါတယ်၊ နော်- ကုလသမဂ္ဂက လုပ်တဲ့ဟာကို ပယ်ချထားတဲ့အတွက် ကိုယ့်ဘက်က တခုခု လုပ်ပါတယ်ဆိုတဲ့ဟာကို လုပ်ပြရမှာပေါ့။ ဘာပဲပြောပြော လုပ်မယ်ဆိုရင် လုပ်ပေါ့။ အဖြေတော့ စောင့်ကြည့်မယ်လေ။ ……..”

ကော်မရှင်အဖွဲ့ဟာ ရခိုင်ခရီးစဉ် မစတင်ခင် မနေ့ ကြာသပတေးနေ့တုန်းက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေဆုံခဲ့သလို ဗုဒ္ဓဟူးနေ့ကတော့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှုးကြီး စိုးဝင်းတို့နဲ့ တွေ့ဆုံခဲ့ပါ တယ်။ အစိုးရက ဖွဲ့စည်းပေးလိုက်တဲ့ လွတ်လပ်သော စုံစမ်းရေး ကော်မရှင်အဖွဲ့မှာ ကုလသမဂ္ဂဆိုင်ရာ ဂျပန် အမြဲတမ်းကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီမား၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနဲ့ ယူနီဆက်ဖ်နဲ့ ကုလသမဂ္ဂဝန်ထမ်း ကောလိပ်ကျောင်းအုပ်ကြီးဟောင်း ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်တို့နဲ့ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG