သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရပ် မပြန်နိုင်သေးတဲ့ ရခိုင် စစ်ဘေးရှောင်များ 


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ညောင်ချောင်းစစ်ရှောင်စခန်း မြင်ကွင်း။ (ဓာတ်ပုံ - CJ)
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ညောင်ချောင်းစစ်ရှောင်စခန်း မြင်ကွင်း။ (ဓာတ်ပုံ - CJ)

(Zawgyi/ Unicode)

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေ ရပ်ဆိုင်းထား တာ ၅ လနီးပါးရှိနေပြီးဖြစ်ပေမယ့် တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြရတဲ့ စစ်ပြေးဒုက္ခသည် တစ်သိန်းနီးပါး နေရပ် မပြန်နိုင်ကြသေးပါဘူး။ နေထိုင်စားသောက်ရေး၊ လုံခြုံရေး အခြေအနေတွေကြောင့် ပြည်တွင်းဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ ခက်ခဲနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် တင်ပြပေးပါမယ်။

လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်တန့်ထားတယ်ဆိုပေမယ့် တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ကြား တရားဝင် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးထားသေးတဲ့အတွက် အချိန်မရွေးစစ်ပြန်ဖြစ်မှာ စိုးရိမ်လို့ စစ်ဘေးဒုက္ခသည်တွေ နေရပ်မပြန်ရဲကြသေးဘူးလို့ မြောက်ဦးမြို့နယ် ပီပင်ရင်း စစ်ရှောင်စခန်းတာဝန်ခံ ဦး သိန်းရွှေမြတ်က ပြောပါတယ်။

“နေရပ်မပြန်သေးတာကတော့ အစိုးရနဲ့ ကျနော်တို့ ရက္ခိုင့်တပ်တော် AAနဲ့က အပစ်အခတ် ရပ်စဲရေး တရားဝင် လက်မှတ်ထိုးထားတာလည်း မရှိသေးဘူး။ တပ်တွေကလည်း နီးနီးကပ် ကပ်ရှိနေကြတာဆိုတော့ အဲတာကြောင့် နေရပ်မပြန်ဖြစ်ဘူးလေ။”

စစ်ဘေးဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်တွေ ဘက်က လုပ်ပေးမယ်လို့ ကတိပြုထားတာတွေရှိပါတယ်။ အဲဒါတွေ မလုပ်ပေးရင် ဒုက္ခသည်တွေ ပြန်ဖို့ စဉ်စားနိုင်မှာ မဟုတ်ဘူးလို့ ဦးသိန်းရွှေမြတ်က ပြောပါတယ်။

“ ကျနော်တို့ အိမ်ကို ပြန်မယ်ဆိုရင် ကျနော်တို့ကို အိမ်ဆောက်ပေးရမယ်။ ကျနော်တို့ကို စားနပ်ရိက္ခာသုံးလစာပေးရမယ်။ ထောက်ပံ့ကျေး အိမ်တစ်အိပ်ကို သူတို့တောင်းထား တာရှိ တယ်။ နှုန်းထားတွေရှိတယ်။ အဲတာတွေ ရရင်တော့ သူတို့ပြန်မယ်လို့ ပြောထားတာရှိတယ်။ လုံခြုံရေး ကိစ္စတွေ တပ်တွေ ပြန်ဆုတ်ပေးမယ်။ မိုင်းတွေ အကုန်လုံးရှင်းပေးမယ်၊ အိမ်တွေဘာတွေ ဆောင်ပေးမယ်။ ထောက်ပံ့ကျေးတွေ ရတယ်ဆိုရင် ပြန်မယ်လို့ ကတိပေးထားရှိတယ်လေ။”

ရခိုင်ပြည်က စစ်ဘေးဒုက္ခသည် အများဆုံးရှိနေတဲ့ ကျောက်တော်မြို့နယ်က စခန်းတွေမှာတော့ အစိုးရနဲ့ သဘောတူညီချက်ရပြီး နေရပ်ပြန်သူတွေလည်း ရှိနေပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ လူဦးရေ တစ်သောင်းကျော်လောက် နေရပ်မပြန်နိုင်သေးတာ လည်းဖြစ် ပါတယ်။

ကျောက်တော်မြို့ပေါ် စစ်ရှောင်စခန်းတာဝန်ခံ ဦးမောင်ထွန်းခင်ကတော့ နေရပ်ပြန်နိုင်ဖို့အတွက် တစ်အိမ်ထောင်ကို ပိုက်ဆံငါးသိန်းနဲ့ ဆန်ရိက္ခာ တလစာ ပေးပြီး မိုင်းရှင်းလင်းရေးတွေ လုပ်ပေးမယ်ဆိုရင် စစ်ဘေးဒုက္ခသည်အားလုံးနေရပ်ပြန်ဖို့ သဘောတူထား တယ်လို့ ပြောပါတယ်။

“ ကျနော်တို့ကတော့ အစိုးရကိုလည်း တင်ပြထားပါတယ်။ ပိုက်ဆံငါးသိန်းရယ်၊ ဆန်တလစာပေးပါ။ မိုင်းတွေကို ရှင်းလင်းပေးပါ။သူတို့ကတော့ ဒီသီတင်းကျွက်ပြီးတာနဲ့ အဲတာတွေကို လုပ်ပေးပါမယ်ဆိုပြီး ကတိခံထားတာရှိတယ်။ ပြီးရင် သူတို့က ပြောတာရှိတယ်။ အဲလိုပုံစံမျိုး သူတို့ဖက်က နေရပ်မပြန်ရင် ဒီစစ်ဘေးရှောင်တွေ မပြန်ဘူးဆိုရင် ဘယ်လိုလုပ် မလဲတဲ့ ကျနေ်ာတို့ကတော့ ရှင်းရှင်းလေး ပြောလိုက်ပါတယ်။ လူကြီးမင်းတို့ဖက်က အဲလို လုပ်ပေးလို့ သူတို့မပြန်ရင် စစ်ရှောင်စခန်းတွေအကုန်လုံးကို ပိတ်လိုက်မယ်။နေချင်တဲ့ သူတွေက အိမ်ငှားပြီးနေရင်နေ အိမ်ဝယ်လို့ နေချင်ရင်နေအဲလိုသဘောမျိုးပေါ့။”

ကျောက်တော်မြို့ပေါ်မှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ အများစုဟာ ပလက်ဝ မြို့နယ်နဲ့ ကျောက်တော် မြို့နယ်အတွင်းက ဖြစ်ပြီး စစ်ဘေးဒုက္ခသည်တွေ တောင်းဆိုထားတဲ့ အတိုင်း အစိုးရက မလုပ်ပေးနိုင်ဘူးဆိုရင် နေရပ်ပြန်ဖို့ ခက်ခဲနေအုံးမှာ ဖြစ်တယ်လို့လည်း ဦးမောင်ထွန်းခင်က ပြောပါတယ်။

“ ဒါပေမယ့် သူတို့ကိုတော့ ကျောက်တော်နဲ့ ပလက်ဝ သွားတဲ့ လမ်းတလျှောက် အစစ်အဆေးမရှိ လုပ်ပေးရမယ်။ မိုင်းရှင်းလင်းပေးရမယ်။ ငွေငါးသိန်းနဲ့ ဆန်ရိက္ခာ တလစာ ပေးမယ်ဆိုရင်ပေါ့လေ။ အဲတာတွေ မလုပ်ပေးနိုင်ရင်တော့ ကျနော်တို့ ဘယ်လိုလုပ် ပြန်ပို့ပေးမှာလဲ။ မပို့ပေးနိုင်ဘူးလေ။ မိုင်းရှင်းလင်းရေးတွေ မလုပ်ပေးနိုင်ဘူး။ ပလက်ဝ၊ ကျောက်တော် ရေလမ်းတစ်လျှောက် စက်လှေတွေကိုလည်း စစ်ဆေးတာတွေ လုပ်တယ်ဆိုရင်တော့ သူတို့ကို ပြန်ပို့ဖို့ ခက်ပါလိမ့်မယ်။”

ပြည်နယ်ကောင်စီဖက်ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စနဲ့ ပတ်သတ်ပြီး မီးလောင်သွားတဲ့ ကျေးရွာတွေမှာနေအိမ်တွေ ဆောက်ပေးတာတွေရှိသလို ကိုဗစ်ကာကွယ်ဆေးထိုးပေးတာတွေနဲ့ စားနပ်ရိက္ခာတွေကိုလည်း ပုံမှန်ထောက်ပံ့ပေးတာတွေ ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် စက်တင်ဘာလ အစောပိုင်းကတည်းကနေ ဒီကနေ့အထိ တိုက်ပွဲတွေ ရပ်စဲနေပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကနေ စစ်ကောင်စီက ဖယ်ရှားပေးခဲ့ပါတယ်။

အခုနောက်ပိုင်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ဖက်က ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ပိုင်းတွေကို ကိုင်တွယ်လုပ်ဆောင်လာပါတယ်။ ဒါကြောင့် အမှုအခင်းဖြစ်ရပ်တွေကို AA ကို မတိုင်ကြားဘို့ ကျောက်ဖြူဘက်က အုပ်ချုပ်ရေးမှူးတွေကို စစ်တပ်က ညွှန်ကြားထားပါတယ်။ ၂ ဘက်ကြား တရားဝင် အပစ်အခတ် ရပ်စဲထားတာမဟုတ်တဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားလာမှာကို တချို့ကလည်း စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)















XS
SM
MD
LG