သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရှောင်ဒုက္ခသည်တွေကြား ကိုဗစ်ကူးစက်သူတွေ တိုးလာနေ


ကချင်ဒေသ စစ်ဘေးရှောင်ဒုက္ခသည်များ (ဓာတ်ပုံ - VOA)
ကချင်ဒေသ စစ်ဘေးရှောင်ဒုက္ခသည်များ (ဓာတ်ပုံ - VOA)

(Zawgyi/Unicode)

လက်နက်ကိုင်ပဋိပက္ခတွေရှိနေဆဲဖြစ်တဲ့ ကချင်၊ ရှမ်းနဲ့ ကယားပြည်နယ်ထဲက အိုးအိမ်စွန့်ထွက်ပြေးရသူတွေ ခိုလှုံနေကြတဲ့ စစ်ရှောင်စခန်းတွေမှာ COVID-19 ရောဂါကူးစက်ခံရသူတွေ ရှိနေပါတယ်။ ဒီလူတွေအတွက် အောက်ဆီဂျင်နဲ့ တခြားအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို အကူအညီပေးနေသူတွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို နန်းလောင်ဝ်က ပြောပြပါမယ်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း ရောဘတ် နှစ်ခြင်းခရစ်ယာန် မိဘမဲ့ဂေဟာကျောင်းက ဝန်ထမ်း စုစုပေါင်း ၈၀ ကျော်ထဲမှာ ၅၀ ဝန်းကျင် ကိုဗစ်ပိုးတွေ့ရှိလို့ အဲ့ဒီလူတွေကို သီးသန့်ခွဲထားပြီး မိဘမဲ့ဂေဟာကျောင်းကို Lock down ချထားတာပါ။
အဲဒီကျောင်းမှာ နောက်ထပ်ကူးစက်သူတွေ ရှိသလားဆိုတာတော့ ထပ်မစစ်တဲ့အတွက် မသိရဘူးလို့ ဗန်းမော်ခရိုင်၊ နှစ်ခြင်းခရစ်ယာန် လူမှုဖွံဖြိုးရေးဌာန တာဝန်ခံ ဦးထိန်မန်နော်ကပြောပါတယ်။

“ဖြစ်မဖြစ်တော့ မသိတော့ဘူး၊ မစစ်ဖြစ်ဘူး၊ ဒါပေမယ့် ကျန်တဲ့လူတွေလည်း သက်သက်အပြင်မထွက်ခိုင်းဘူးပေ့ါ Lock down လိုမျိုး အဲ့မှာပဲ သက်ဆိုင်ရာ ဆရာ ဆရာမတွေနဲ့ ကျနော်တို့ အဲ့မှာပဲ အတူတကွပြုစုစောင့်ရှောက် အပြင်လည်းမထွက်ခိုင်း Lock down ပုံစံ သက်သက်ဆီထားထားတယ်”

နှစ်ခြင်းခရစ်ယာန်အသင်းတော်က ကူညီနေတဲ့ စစ်ရှောင်ဒုက္ခသည်စခန်း ၁၂ ခုရှိပြီး စစ်ဘေးဒုက္ခသည် ဦးရေ ၃,၀၀၀ ရှိတဲ့ ရောဘတ်စခန်းမှာ ကိုဗစ်ရောဂါဝေဒနာခံနေရသူ ၃ဦးရှိပါတယ်။ ကျန်တဲ့ စစ်ရှောင်စခန်းတွေကတော့ ကိုဗစ်ရှိမရှိ မစစ်ဆေးရသေးဘူးလို့ တာဝန်ခံ ဦးထိန်မန်နော်က ပြောပါတယ်။

“အခုဟာ အရင်ကလွန်ခဲ့တဲ့ ရက်ပေါင်း ၂၀ လောက်ဖြစ်တာ သုံးယောက်လောက်ဖြစ်တယ်၊ အဲ့ဒါကျတော့ သူတို့ စင်တာမှာပဲ Lock down တာ ကျနော်တို့ အဲ့လိုပဲပြုစုပြီး အဲ့လူတွေက ပြန်ကောင်းလာပြီး အခုဖြစ်နေတာတော့ ၃ ယောက်တော့ရှိတာပေါ့၊ ဗန်းမော်ခရိုင် ကျနော်တို့ ကြည့်နေတာ (စစ်ရှောင်စခန်း) ၁၂ ခုရှိတယ်၊ ကိုဗစ်ဖြစ်တာက ရောဘတ်ပဲပေါ့ ကျန်တာတော့ မစစ်ရသေးဘူးပေါ့။ ကျနော်တို့ ဒီဗန်းမော်ခရိုင်မှာတော့ အောက်ဆီဂျင်စက်ရုံမရှိတဲ့ အခါကျတော့ ကျနော်တို့ ဖားကန့်တို့ မန္တလေးတို့ကနေပြီးတော့ သယ်ယူရတဲ့ အခါကျတော့ တခရိုင်လုံးအနေနဲ့ ကြည့်လိုက်လို့ရှိရင် ဒီအောက်ဆီဂျင် ပြတ်လပ်မှုတော့ ကြုံနေရတာပေါ့။”

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့က ဒုက္ခသည် ၇၀၀ ဝန်းကျင်ရှိတဲ့ ယာယီစစ်ဘေးရှောင်စခန်း သုံးခုထဲမှာလည်း မကျန်းမမာဖြစ်သူတွေရှိနေပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသနေရပြီးတော့ အကူအညီလိုအပ်နေတယ်လို့ ကိုယ်တိုင်က စစ်ရှောင်တဦးဖြစ်တဲ့ အုပ်ချုပ်ရေးမှူးဟောင်းတဦးက ဗွီအိုအေကိုပြောပါတယ်။

“စခန်းထဲမှာတော့ လောလောဆယ် နေမကောင်းတဲ့လူကတော့ ကျနော်တို့ သက်သက်တနေရာလောက်ကျနော်တို့ ဖယ်ထားတာရှိတယ်။ ဘာဖြစ်လည်းဆိုတော့ နေမကောင်းတဲ့ဟာတွေ နောက် နည်းနည်းချောင်းဆိုးတယ် နောက်ပြီး မျက်လုံး ဝါတာ နီတဲ့ဟာတွေ ကျနော်တို့ သီးသန့် တနေရာ နှစ်နေရာလောက်တော့ ကျနော်တို့ လျာထားတာရှိတယ်။ ရိုးရိုး တုပ်ကွေးလက္ခဏာမျိုးတော့ သူတို့ပြတယ်၊ ဒါပေမယ့် စမ်းသပ်တဲ့ဟာမရှိတော့ ကိုဗစ်လက္ခဏာတို့ ဘာတွေ ကျနော်တို့တော့ မပြောနိုင်ဘူးပေါ့နော်။ မိရိုးဖလာ အသီးအရွက်တွေကျွေးတယ်၊ နောက်ပြီးတော့ အစာတွေ များများစားခိုင်းတယ် နောက် သစ်ရွက်သစ်မြစ်တွေ ကျိုချက်ပြီးမှ ဒီတိုင်းပဲ တိုက်နေရတယ်ပေါ့နော်။”
ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဆင်စခန်း၊ စစ်ရှောင်စခန်းမှာလည်း ကိုဗစ်ကူးစက်ခံရသူတွေရှိတယ်လို့ ရွှေလွိုင်ကော် (ကယား) ပရဟိတအသင်းက ဦးသန်းစိုးက ပြောပါတယ်။

“ဒီတိုက်ပွဲတွေရဲ့ ဒီထဲမှာပဲ ဖြစ်နေတယ်ဆိုတော့ အဲ့နေရာထိတော့ ကျနော်တို့ ရောက်အောင်သွားလို့မလွယ်ဘူးပေါ့ဗျာ၊ ဒါပေမယ့် ကျနော်တို့ ကြားနေတော့ စခန်းမှာ အဲ့သူတို့ တချို့ဆရာဝန်တွေ ဘာတွေလည်း

သူ့နည်းသူဟန်နဲ့ လာပြီးတော့မှ ပြုစုရှောင့်စောင့်တာတွေ ရှိပါတယ်၊ ဆေးဘက်ဆိုင်ရာတွေပေါ့လေး၊ အဲ့ဒီမှာ သူတို့ Test Kit နဲ့ စစ်ဆေးတဲ့အခါမှာ ကျနော်တို့ ဒီ COVID-19 ကို တွေ့ကြတယ်ဗျ”

လွိုင်ကော်မြို့နယ်တဝိုက်မှာ အနည်းဆုံး စစ်ရှောင်စခန်း ၅ ခုရှိပြီး အဲ့ဒီဒေသတွေမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်နေတာကြောင့် သွားလာရေးခက်ခဲလို့ ဒုက္ခသည်တွေ ကိုဗစ်ဖြစ်တဲ့ အရေအတွက် အတိအကျ မပြောနိုင်ပေမယ့် တော်တော်များများ ကူးစက်ခံထားရတယ်လို့ ပြောပါတယ်။

ကိုဗစ်တတိယလှိုင်းအတွင်း ရောဂါပိုး ကူးစက်သူနဲ့ သေဆုံးသူတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံမှာ သြဂုတ် ၁၂ ရက်ထိ စာရင်းအရ ရောဂါပိုးကူးစက်သူ စုစုပေါင်း ၃၄၄,၀၀၀ ကျော်ရှိပြီဖြစ်ပြီး သေဆုံးသူ စုစုပေါင်းက ၁၂,၆၀၀ ကျော်ရှိပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်လည်း အမှန်တကယ် ကူးစက် သေဆုံးသူအရေအတွက်က တရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

နိုင်ငံတဝန်းမှာ အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်ပေါင်း အနည်းဆုံး ၁၁၀ ရှိသွားပြီဖြစ်ပြီး ကျောင်းတွေ၊ ရုံးတွေကိုလည်း သီတင်းတပတ်ထပ်တိုးပြီး သြဂုတ်လ ၂၂ ရက်နေ့အထိ ဆက်ပိတ်ထားပါတယ်။

...........................................................................................


(Unicode)













တိုက်ရိုက် လင့်ခ်
XS
SM
MD
LG