သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသတွင်းအကူအညီတွေ နဲ့ မလုံလောက်အောင်များပြားလာတဲ့ စစ်ဘေးရှောင်များ


ချင်းပြည်နယ်က စစ်ရှောင်များ
ချင်းပြည်နယ်က စစ်ရှောင်များ

(Zawgyi/Unicode)

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သောင်းချီတဲ့ စစ်ဘေးရှောင်တွေဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေပြီး နိုင်ငံတကာက ဒါကို ဝိုင်းဝန်းကူညီဖို့လိုကြောင်း ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး KWAT က တောင်းဆိုလိုက်ပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ ပြည်တွင်းနေရာတချို့က တိုက်ပွဲရှောင်တွေရဲ့ နောက်ဆုံးအခြေအနေတွေကို ကိုခင်မောင်စိုးမင်း က ပြောပြပေးမှာပါ။

စစ်ကောင်စီနဲ့ ဒေသခံလက်နက်ကိုင်တွေကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်ရှောင်လာတဲ့ ဒေသခံတွေကို ကူညီဖို့ ခက်ခဲနေဆဲဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ စစ်ရှောင်စခန်း တာဝန်ခံတွေက ပြောပါတယ်။ အကြောင်းကတော့ နယ်မြေလုံခြုံရေးကြောင့် ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းတွေကို စစ်ကောင်စီဘက်က စစ်ဆေးတင်းကျပ်ထားသလို အရပ်ဘက်အဖွဲ့တွေကလည်း နယ်စပ် တောတောင်တွေထဲထိ လိုက်လံကူညီဖို့ ခက်ခဲနေတာပါ။

အရင်က အစိုးရနဲ့ ပြည်တွင်း အရပ်ဘက်အဖွဲ့တွေက စစ်ရှောင်အရေးကိစ္စကို ပူးပေါင်းလုပ်ကြပေမဲ့ အခုတော့ နိုင်ငံတကာ အသိုင်းဝန်းရဲ့ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးက ပိုပြီးလိုအပ်လာကြောင်း ကချင် အမျိုးသမီးအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီက ဗွီအိုအေကို ပြောပါတယ်။

“ဆိုတော့ နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုက အများကြီး အရေးတကြီး လိုအပ်တယ်ဆိုတာက ဒီ cross-border ပေါ့နော်၊ ကျမတို့ ပြောနေတာက နယ်စပ်ဖြတ်ကျော်တဲ့ အကူအညီ ဆိုတဲ့ဟာပေါ့နော်။ အဲဒီ အဓိပ္ပာယ်ကတော့ အစိုးရကနေတိုက်ရိုက် သွားတာမဟုတ်ဘဲနဲ့ အဲဒီမှာ လက်တွေ့ကူညီ ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေ ပေါ့နော် CSO တွေလည်း အများကြီးရှိတယ်၊ ပြီးရင် လက်နက်ကိုင် အဖွဲ့အစည်းတွေပေါ့နော် တကယ်ပြည်သူ လူထုတွေကို ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီးတော့ လမ်းကြောင်းရှာပြီးတော့ အကူအညီပေးဖို့အတွက် ပေါ့နော် အများကြီး လိုအပ်တယ်ပေါ့။”

ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ထဲက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေက မေလကစလို့ ပိုပြီးပြင်းထန်လာနေပါတယ်။ မြို့ပေါ်တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုတွေ တိုးလာသလို တချို့ဒေသတွေမှာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရပြီး ယာယီစစ်ရှောင်စခန်းတွေမှာ နေထိုင်နေရတာပါ။

“ အရင်ကတည်းကလည်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာတွေ အများကြီးရှိတာပေါ့။ ဆိုတော့ အခုဖြစ်နေတဲ့ပုံစံက ပိုပြီးတော့ မြို့ပြတွေမှာ ကျူးလွန်မှုတွေ ပိုပြီးတော့ ဖြစ်လာတာတွေ တွေ့ရတယ်။ အဓိကတော့ ပြည်သူလူထုရဲ့ လုံခြုံရေးပေါ့နော်။”

ချင်းပြည်နယ်ထဲက ပဋိပက္ခတွေကြောင့် ပြည်သူ ၅၀,၀၀၀ ကျော်လောက် တိမ်းရှောင်နေရပါတယ်။ အဲဒီအထဲမှာ အယောက် ၁၀,၀၀၀ ကျော်က အိန္ဒိယ၊ မီဇိုးရမ်ပြည်နယ်ထဲက ယာယီခိုလှုံရေးစခန်းတွေဆီ ရောက်သွားကြတာပါ။

ကချင်ပြည်နယ်မှာတော့ တကြော့ပြန်တိုက်ပွဲတွေပြန်ဖြစ်တဲ့ ၂၀၁၁ ကတည်းက လူဦးရေ ၉၅,၀၀၀ ကျော်ဟာ အခုအချိန်အထိ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေရတုန်း ဖြစ်ပါတယ်။ အခု စစ်ကောင်စီ လက်ထက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး နောက်ထပ် လူဦးရေ ၁၀,၀၀၀ ကျော်လောက် စစ်ရှောင် စခန်းတွေဆီ ရောက်သွားကြောင်း ကုလလူသားချင်းစာနာရေးအဖွဲ့ OCHA က ဒီနေ့ထုတ်ပြန်ထားတာပါ။

ရှမ်းပြည်မြောက်ပိုင်းမှာတော့ အခုနှစ်စကတည်းဖြစ်တဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၁၅,၀၀၀ ဟာ နေရပ်ကနေ တိမ်းရှောင်နေရပြီး၊ ရှမ်းပြည်နယ် တောင်ပိုင်းမှာတော့ ၁,၉၀၀ ဝန်းကျင်ရှိလိမ့်မယ်လို့ OCHA က ဖော်ပြထားပါတယ်။

အခုလက်ရှိတိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက ထွက်ပြေးခဲ့ရသူဟာ ၁၆၀,၄၀၀ ရှိတယ်လို့ UNHCR ကထုတ်ပြန်ပါတယ်။ ဒီထဲမှာ ကယားပြည်နယ်က အများဆုံးဖြစ်ပြီး အယောက် ၁၀၈,၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ အရေအတွက်ကတော့ မွန်၊ ကရင်နဲ့ ပဲခူးတိုင်းကနေ တိမ်းရှောင်လာသူတွေပါ။

ကယားပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေးအားလုံး ပြတ်တောက်နေပြီး တိုက်ပွဲရှောင်တွေအတွက် စားနပ်ရိက္ခာ ရှားပါးလာပါတယ်။

“ အလှူရှင်တွေ၊ ပြည်တွင်း၊ ပြည်ပ ဘယ်လောက်ပဲ လှူလှူပေးနေပစေ ကျနော်တို့ ကယားပြည်နယ်ထဲ ရောက်လာတယ်ဆိုရင် ကျနော်တို့ ဒီပရဟိတ လုပ်နေတဲ့သူတွေ စစ်ဘေးရှောင်စခန်းအထိ သွားရောက်ကူညီ၊ ပံ့ပိုးပေးနေသူအတွက်တော့ စိန်ခေါ်မှုတွေ အခက်အခဲတွေ အများကြီးရှိပါတယ်။ စစ်ကောင်စီဘက်က လမ်းပေါ်မှာ စောင့်ပြီးမှ တားတာတို့၊ စစ်ဆေးမေးမြန်းတာတို့၊ ဖမ်းသွားတာမျိုးတွေ၊ တချို့ ပစ္စည်းတွေ ဖြတ်ယူသွားတာတွေ၊ ပစ္စည်း သွားထုတ်ရင်တောင်မှ ဖမ်းသွားတယ်ဆိုတာလည်း ရှိတယ်။”

ကယားပြည်နယ်၊ ဒီးမောဆိုးမြို့နယ်က ယာယီစစ်ရှောင်စခန်းမှာ ကူညီပေးနေတဲ့ ခွန်ကြယ်နီ အခုလို ပြောပါတယ်။

မိုးတွင်းရောက်လာလို့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးအတွက် လုံလောက်တဲ့ဆေးဝါး မရှိလို့ စိုးရိမ်နေရကြောင်း ကယားပြည်နယ်က ဒေသခံတချို့က ပြောပါတယ်။ ကယားပြည်နယ်ထဲမှာ တိုက်ပွဲတွေယာယီ ရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းကြောင့် နေရပ်ပြန်လာတဲ့သူ အနည်းအကျဉ်းတော့ ရှိပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်း တချို့ကတော့ မြန်မာနိုင်ငံတွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း သူတို့ရဲ့ သဘောထားကို ထုတ်ဖော်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်



..............


(Unicode)
















XS
SM
MD
LG