သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယိုယွင်းလာတဲ့ စစ်ဘေးရှောင်တို့ အခြေအနေ ကုလ သတိပေး ထောက်ပြ


မှတ်တမ်းဓါတ်ပုံ -၂၀၁၇ ဇန်လတုန်းကတွေ့ရတဲ့ ကချင်စစ်ရှောင်များ (ဓတ်ပုံ- REUTERS/Soe Zeya Tun)
မှတ်တမ်းဓါတ်ပုံ -၂၀၁၇ ဇန်လတုန်းကတွေ့ရတဲ့ ကချင်စစ်ရှောင်များ (ဓတ်ပုံ- REUTERS/Soe Zeya Tun)

(Zawgyi/Unicode)

စစ်အာဏာသိမ်းပြီး ၃ လကျော်လာပြီ ဖြစ်တဲ့ မြန်မာနိုင်ငံတွင်း လူသားချင်း စာနာထောက်ကူမှု ဆိုင်ရာ အခြေအနေတွေ ယိုယွင်း ဆိုးရွားလာတဲ့ ကိစ္စကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့က သတိပေးထားပါတယ်။

"၂၀၂၀ ပြည့်နှစ် ကတည်းက လူပေါင်း ၄ သောင်းခန့် ထွက်ပြေး တိမ်းရှောင်နေကြရပြီး ဖြစ်တဲ့ နိုင်ငံရဲ့ အရှေ့တောင်ပိုင်း ဒေသမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေပြီး ဒီဒဏ်ကို ခံစားနေကြရကြောင်း" မြန်မာဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephen Dujarric က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု အပါအဝင် အဖွဲ့အစည်းတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် မတ်လ နှောင်းပိုင်း ကတည်းက ဒေသခံ အများစုဟာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရကြောင်းလည်း ကုလသမဂ္ဂက ပြောပါတယ်။

ကချင် ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ဒီသီတင်းပတ်တွေ အတွင် ထွက်ပြေးရသူ ထောင်ချီ ရှိတယ်လို့လည်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။ အင်္ဂါနေ့မှာဘဲ ကချင်ပြည်နယ် မိုးမောက် မြို့နယ်နဲ့ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်ဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ မြန်မာ စစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်တွင်းမှာလည်း ကရင့်လွတ်မြောက်ရေး အဖွဲ့ KNU နဲ့ အာဏာသိမ်း စစ်တပ်ကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေ အနီးဝန်းကျင် ဒေသတွေကပါ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်


............

(Unicode)






XS
SM
MD
LG