သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ရှောင်ဒုက္ခသည်တွေ အရေးပေါ်အကူအညီ လိုအပ်


ကချင်စစ်ရှောင်ဒုက္ခသည်များ ( REUTERS/Ann Wang)
ကချင်စစ်ရှောင်ဒုက္ခသည်များ ( REUTERS/Ann Wang)

(Zawgyi/Unicode)

ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်က ဘွမ်ရာယန် စစ်ရှောင်စခန်းမှာ စစ်ပြေးဒုက္ခသည် ၅၀၀ ကျော်ဟာ လက်ရှိအချိန်ထိ နေရပ်ရင်း မပြန်နိုင်ဘဲ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေပါတယ်။ လောလောဆည်မှာ မိုးရာသီကို ရောက်လာတော့မှာဖြစ်တာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတွက် စိုးရိမ်နေရတယ်လို့ ကူညီရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြထားပါတယ်။

ကချင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က တပ်မတော်နဲ့ KIA ကချင်လက်နက်ကိုင်တပ်တွေကြား ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် အနည်းဆုံး ကျေးရွာ ၆ ရွာလောက်က ဒေသခံတွေဟာ ဘွမ်ရာယန်စစ်ရှောင်စခန်းကို ရောက်ရှိခိုလှုံနေကြတာ ဖြစ်ပါတယ်။

တိမ်းရှောင်နေတာ တစ်လကျော် ကြာမြင့်လာချိန်မှာတော့ ရိက္ခာနဲ့ ဆေးဝါး အခက်အခဲတွေ တွေ့ကြုံနေကြရကြောင်းကို ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူ တစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“ဘွမ်ရာယန် စစ်ရှောင်စခန်း ဟုတ်တယ်။ အိမ်ထောင်စု ဦးရေကျတော့ ၁၃၁ စုပေါ့။ လူဦးရေကျတော့ ၅၅၉ယောက် ရှိတယ်။ အဓိက အခက်အခဲက ဆန်၊ ဆီ၊ ဆား ရိက္ခာပေါ့။ ပြီးလို့ရှိရင် ဒီ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ အဲလိုမျိုးတွေ ပါတယ်။ ကျန်းမာရေးပိုင်းကဆိုရင်လည်း ဆေးဝါးမရှိဘူး။ ပြီးတော့ ကြွမ်းကျင်တဲ့ ဆရာ၊ ဆရာဝန်တွေ မရှိတဲ့အခြေအနေမှာ နောက်လဆိုရင် မိုးစရွာပြီပေါ့။ မိုးတွင်းမှာ ဖြစ်တတ်တဲ့ ဝမ်းပျက် ဝမ်းလျောတို့၊ ငှက်ဖျားတို့နော စိုးရိမ်စရာတွေ ဖြစ်နေတဲ့အခြေအနေပါ။”

ဘွမ်ရာယန်စခန်းဟာ အင်ဂျန်းယန်မြို့နဲ့ မိုင်၂၀လောက်ကွာဝေးပြီး ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်မယ်ဆိုရင် လမ်းခရီးမှာ အစစ်အဆေးများတာကြောင့် ပို့ဆောင်ဖို့ အခက်အခဲရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အင်ဂျန်းယန်မြို့နယ်အတွင်း တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ အချိန်မရွေး စစ်ပြန်ဖြစ်လာနိုင်တာကြောင့် ဒေသခံတွေ နေရပ်မပြန်ရဲကြဘူးလို့လည်း ပြောပါတယ်။

“အခု ဒီ စစ်ရေးတင်းမာမှုလည်း နည်းနည်းတော့ပြေလျော့သွားပြီဟုတ်တယ်။ ဒါပေမဲ့ နှစ်ဘက်က စစ်မဖြစ်တော့ဘူးလားဆိုတော့လည်း မဟုတ်ဘူး။ အဲဒီအခြေအနေမှာ စစ်ရှောင်စခန်းမှာ နေနေတဲ့ သူတွေအကုန်လုံးက ကိုယ့်ရဲ့ ရပ်ရွာကို ပြန်ကြမလား၊ မပြန်ကြဘူးလား အဲလိုမျိုး သေချာမပြောနိုင်သေးတဲ့အခြေအနေပေါ့။”

ပြီးခဲ့တဲ့လပိုင်းကတော့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က အင်ဂျန်းယန်မြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေကို အကူအညီတချို့ ပေးခဲ့ပါတယ်။

လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေအရ INGO နိုင်ငံတကာအဖွဲ့တွေအနေနဲ့ အကူအညီပေးဖို့ အခက်အခဲတွေဖြစ်နေတာကြောင့် လူမှုအသင်းအဖွဲ့တွေက အဓိက ကူညီနိုင်ရင် အကောင်းဆုံးဖြစ်တယ်လို့KBC ဥက္ကဌ ဒေါက်တာခလပ်ဆမ်ဆွန်က ပြောပါတယ်။

“ဒီ ကျနော်တို့ UNဒီ INGO အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေကတော့ နည်းနည်းကြန့်ကြာနေတယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ ဘာဆက်လုပ်ရမှန်း မသိဘူးဖြစ်နေတယ်။ လောလောဆည်ဆည် ကျနော်တို့ အချင်းချင်းတွေပဲ စားရေးသောက်ရေးအတွက် ဟို တစ်ပတ်တန်၊ နှစ်ပတ်တန်ပေါ့ အဲလို ထောက်ပံ့ပေးမှု လောက်ပဲ ရနိုင်မယ်ထင်တယ်။”

ပြီးခဲ့တဲ့လ တိုက်ပွဲဖြစ်ပွားချိန်မှာ အင်ဂျန်းခမြစ်မြောက်ဖက်ပိုင်း ကျေးရွာတွေ ဘွမ်ရာယာန်စခန်းကို တိမ်းရှောင်ခဲ့ကြတာဖြစ်ပြီး မြစ်တောင်ဖက်ပိုင်း ကျေးရွာတွေကတော့ မြစ်ဆုံအနီး တန်ဖရဲရွာနဲ့ မြစ်ကြီးနားမြို့တွေကို တိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။

အင်ဂျန်းခမြစ်တောင်ဘက်ပိုင်း ဂွေထော်၊ တန်ဘောင်ယန်၊ ပဆိဇွပ်၊ ဆနီတူယန်နဲ့ ဘွမ်နင်ယန်ရွာတွေဘက် တိမ်းရှောင်သူတွေဟာ မြစ်ကြီးနားမြို့ ပလနရွာ စစ်ရှောင်စခန်းမှာ အနည်းဆုံး လူ ၄၀၀လောက် ခိုလှုံနေကြတာပါ။ တိုက်ပွဲမဖြစ်တော့ပေမဲ့ သူတို့ နေရပ်မပြန်နိုင်သေးတဲ့အခြေအနေကို မြစ်ကြီးနားကို တိမ်းရှောင်လာတဲ့ ပြည်တွင်းဒုက္ခသည်တယောက်ကအခုလို ပြောပါတယ်။

“လွန်ခဲ့တဲ့ ဂွေထောင်စခန်းမှာ ဖြစ်တဲ့နောက်ပိုင်းဆိုတော့ ဖြစ်ကြတာတော့ မရှိဘူး။ ဒါပေမဲ့ ဟိုဘက်ကရော၊ ဒီဘက်ကရော ရှောင်နေတာတော့ ကောင်းပါတယ်။ ခနတဖြုတ် သတိထားပြီးမှပဲ ရှောင်နေတာ ကောင်းတယ်ဆိုပြီးမှ သက်ဆိုင်ရာ ဌာနတွေကပေါ့နော အဲလိုပြောကြပြီးမှပဲ ကျနောတို့က တကယ် ရွာထဲမှာ အေးအေးဆေးဆေးပြန်နေဖို့ကလည်း ခက်နေတယ်။ ဖြစ်လာရင်က မလွယ်ဘူး ကြားထဲမှာပဲ ငြိသွားမယ်။”

တောင်ယာစိုက်ဖို့ ပြင်ဆင်တာနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ကြည့်ဖို့အတွက် တချို့ အမျိုးသားတွေလောက်ပဲ သူတို့ ရွာတွေကို ခနပြန်ကြတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့အထိတော့ ကချင်ပြည်နယ်က နေရာအတော်များများမှာ တပ်မတော်နဲ့ KIA အကြားတိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပြီး လက်ရှိအခြေအနေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမယ်လို့လည်း သုံးသပ်တာတွေ ရှိနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


........


(Unicode)















XS
SM
MD
LG