သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း စစ်ရေးတင်းမာမှုကြောင့် ဒေသခံတွေ ရာချီတိမ်းရှောင်


ရှမ်းစစ်ဘေးရှောင် ဒုက္ခသည်များ။ (သြဂုတ် ၂၅၊ ၂၀၁၉)
ရှမ်းစစ်ဘေးရှောင် ဒုက္ခသည်များ။ (သြဂုတ် ၂၅၊ ၂၀၁၉)

[Zawgyi/Unicode]

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနဲ့ ကျောက်မဲမြို့နယ်တွေအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို စစ်ရေးတင်းမာမှုတွေရှိနေတာကြောင့် ရာနဲ့ချီတဲ့ စစ်ရှောင်တွေ ထွက်ပြေးနေရသလို အရင် တိမ်းရှောင်နေသူတွေလည်း နေရပ်မပြန်နိုင်ဖြစ်နေပါတယ်။ ရန်ကုန်ကရရှိတဲ့ သတင်းကို မခင်ဖြူထွေး ပြောပြပါလိမ့်မယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ ကျောက်မဲ ၊ နမ္မတူ စတဲ့မြို့နယ်တွေမှာ SSPP/SSA ရှမ်းမြောက်နဲ့ TNLA တအန်း(ပလောင်) ပူးပေါင်းတပ်တွေနဲ့ RCSS/SSA ရှမ်းတောင်တပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

ဒီလ ၂၃ ရက်နေ့က ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲ ၃ နေရာဖြစ်ခဲ့ရာမှာ တော့ဆန်အုပ်စု ညောင်မောင်းရွာ တိုက်ပွဲမှာ အရပ်သား တစ်ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျောက်မဲမြို့နယ် နမ့်ခုံး ပရဟိတအဖွဲ့က ဦးစိုင်းပူးက ဗွီအိုအေကို ပြောပါတယ်

“မနေ့က မနက် ၆ နာရီခွဲ၊ ၇ နာရီ ဝန်းကျင်လောက်ပေါ့။ လက်နက်ကြီးနဲ့ ပစ်ကြတာ။ အိမ်ထဲမှာ ပြုတ်ကျပြီးမှ လူတစ်ယောက်သေသွားတယ်။ ၃ ယောက်။ ၂ ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်။ တစ်ယောက်ကတော့ အဲဒီလောက်မရှိဘူး။ တိုက်ပွဲကတော့ မနေ့တုန်းက ချုံး(သစ်) ဘက်မှာ တစ်ခါဖြစ်တယ်။ အဲဒီ ညောင်မောင်း ဘက်မှာ ဖြစ်တယ်။ နောက် နမ့်မန်းမှာ တစ်ခါဖြစ်တယ်။ ၃ နေရာဖြစ်တယ်။ နမ့်မန်းကတော့ ခနပါ ။ နမ့်မန်းကတော့ လက်နက်ကြီးနဲ့ ပစ်ခံရတာ။”

တော့ဆန်ကျေးရွာအနီးက အုံးငန်းရွာ ကျောင်းထိုင်ဆရာတော်ကတော့ လက်ရှိသူတို့ရွာအနီးတဝိုက်မှာ စစ်ရေးတင်းမာမှုတွေ ရှိနေပြီး ရောက်ရှိနေတဲ့ စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေးကြောင်း မိန့်ကြားပါတယ်။

“ဦးဇင်းတို့နားကတော့ ဘာမှမဖြစ်ဘူး။ အဲဒီတော့ ဆန်တဝှိှုက်ကတော့ တစ်ဘက်နဲ့ တစ်ဘက် တင်းမာမှုတွေ ရှိနေတုန်း။ အခုက ပြည်သူလူထုတွေကလည်း ပြန်ချင်နေပြီ။ လက်ဖက်ခူးချိန်ရောက်နေပြီ။ အလုပ်လုပ်ချိန်ရောက်နေပြီ။ ပြန်လို့က မရသေးဘူး။ စစ်ဘေးရှောင်က ဦးဇင်းကျောင်းမှာတော့ ၈၀ ရှိတယ်။ နောက် ပန်ဆန်မှာကျတော့ ၃၁၅ လောက်ရှိတယ်။ ပန်ကန်မှာက ၂၀၀ လောက်ရှိတယ်ကြားနေတာ။ အရင်တစ်တစ်ခေါက် တိုက်ပွဲတွေက သူတို့ မပြန်နိုင်သေးဘူး။ တစ်လတောင် ကျော်ပြီ။”

ဒီလ ၂၃ရက်နေ့က သီပေါမြို့နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံရွာသား ၃၀၀ လောက် သီပေါမြို့ကို တိမ်းရှောင်လာကြောင်း နယ်စည်းမခြားပရဟိတ အဖွဲ့က ကိုမျိုးက ပြောပါတယ်။

“မနေ့ကတော့ ဒီ သီပေါ ဟိုဘက်က တာပလဲ၊ ဆွန်လုံပေါ့။ အဲဒီဘက်မှာ ဖြစ်တယ်ဆိုပြီးတော့ သူတို့ ထွက်လာတာပေါ့။ အခုဒီ ဘိုးတော်ကျောင်းမှာတော့ ၁၀၀နီးပါးရောက်တယ်။နောက်ကျနော်တို့ သီပေါမြို့နယ် နမ့်မွန်ကျေးရွာပေါ့။ နမ့်မွန်ကျေးရွာကျ သူက ၂၁၀ ပေါ့။ အားလုံး ၃၀၀ ကျော်ပေါ့။”

လောလောဆယ် စစ်ရှောင်တွေအတွက် ပရဟိတအသင်းအဖွဲ့တွေက ဝိုင်းဝန်းကူညီပေးနေပြီး ရက်ရှည်ကြာလာမယ်ဆိုရင် စားနပ်ရိက္ခာ ခက်ခဲနိုင်ကြောင်း ဆက်ပြောပါတယ်။

သီပေါမြို့နယ်အတွင်းတိုက်ပွဲတွေဟာ SSPP/SSA ရှမ်းမြောက် တပ်ဖွဲ့နဲ့ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့အကြားဖြစ်ပွားတာလို့ ဒေသတွင်းအခြေစိုက် သတင်းမီဒီယာတွေမှာ ဖော်ပြထားသလို ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲတွေကတော့ SSPP/SSA ရှမ်းမြောက်နဲ့ TNLA တအန်း(ပလောင်) ပူးပေါင်းတပ်တွေနဲ့ RCSS/SSA ရှမ်းတောင်တပ်ဖွဲ့တွေအကြားဖြစ်ပွားတာဖြစ်ကြောင်း RCSS က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး TNLA တအန်း(ပလောင်)တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတာ့အိုက်ကျော်ကတော့ နမ့်ဆန်မြို့နယ်မှာသာ တိုက်ပွဲဖြစ်တာရှိကြောင်း ပြောပါတယ်။

“တိုက်ပွဲကတော့။ တိုက်ပွဲသတင်းတော့ မတက်လာဘူး။ မနေ့ကတော့ RCSS က မာမုဘက်မှာ လက်နက်ကြီး ပစ်တာတော့ ရှိတယ်။ နေအိမ်တစ်လုံး ထိတယ်တော့ ပြောတယ်။ ဒီနမ့်ဆန်မြို့နယ် နမ့်တွေ အုပ်စုထဲကပေါ့။”

လက်ရှိ ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ဖို့ ရှမ်းလက်နက်ကိုင်တပ်တွေကို ဆက်သွယ်ရမှာတော့ ဖုန်းခေါ်ဆိုလို့ မရပါဘူး။

ဒီလ ၂၂ရက်နေ့က လားရှိုးမြို့ ရပ်ကွက် ၄ ရဲရိပ်သာနဲ့ ၂၃ ရက်နေ့ကတော့ ရပ်ကွက် ၁ အတွင်းမှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး ဒုတိယပေါက်ကွဲမှုမှာတော့ လူ ၂ ယောက်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သျှမ်းသံတော်ဆင့် သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG